သတင်း

စစ်ကောင်စီက မကွေးတိုင်းဝန်ကြီးချုပ်ကို အဂတိတစ်မှု ထပ်တိုးဖွင့်

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို မကွေးပညာရေးကောလိပ်တည်ဆောက်မှုအတွက် အလွဲသုံးစားလုပ်သည်ဟု စစ်ကောင်စီက စွပ်စွဲ၍ ယနေ့ (အောက်တိုဘာ ၁၈) တွင် အမှုနောက်တစ်ခု ထပ်တိုးလိုက်သည်။

တိုင်းအစိုးရအဖွဲ့ လူမှုဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးတို့ကိုပါ ပူးတွဲအမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးအောင်နိုင်က ပြောသည်။ 

“မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၀ ခုနှစ်အတွင်းမှာ တင်ဒါတွေခေါ်တဲ့ မကွေးပညာရေးကောလိပ်ကျောင်း ဆောက်လုပ်တဲ့အမှုနဲ့ ပတ်သက်ပြီးတော့ တင်ဒါခေါ်တဲ့ကိစ္စမှာ အလွဲသုံးစားလုပ်တယ်ပေါ့ဗျာ။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၃ ဦးကို စွဲတာပါ” ဟု ရှေ့နေက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်လည်းဖြစ်သော ဝန်ကြီးချုပ်သည် ပထမဆုံးရင်ဆိုင်ရသည့် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) စွဲချက်အတွက် ဇွန် ၈ ၌ ထောင် ၂ နှစ် ချမှတ်ခံထားရသည်။

ဇွန် ၂၃ တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ခံရပြန်သည်။

Denko ဆီဆိုင်တည်ဆောက်ရန် လုပ်ပိုင်ခွင့်အသုံးပြုပြီး လယ်ယာမြေကို ချထားပေးကာ ဆီဆိုင်မှ ကျပ်ငွေသိန်း ၅၀၀ လက်ခံရယူသည်ဟု စွပ်စွဲခံထားရသည့် အဂတိအမှုကို ယနေ့ (အောက်တိုဘာ ၁၈) တွင် ဆက်လက်စစ်ဆေးစဉ် အမှုတစ်ခု ထပ်တိုးခြင်းဖြစ်သည်ဟု ရှေ့နေ ဦးအောင်နိုင်က ပြောသည်။

“ကျွန်တော်တို့ဘက်က (နောက်အဂတိအမှုအတွက်) စာရွက်စာတမ်းတွေ သက်သေခံသွင်းရတဲ့ ဟာတွေကို မိတ္တူမကူးရသေးဘူး။ အဲ့ဒါကြောင့်မို့လို့ မိတ္တူကူးပြီးမှ လာမဲ့ ရုံးချိန်းမှ ဆက်ပြီး စစ်ပါရစေဆိုပြီး ခွင့်တောင်းတော့ ရုံးတော်က ခွင့်ပေးပါတယ်” ဟု ဦးအောင်နိုင်က ဆိုသည်။

အမှုသည်ဖြစ်သူ ဒေါက်တာအောင်မိုးညိုနှင့် သီးသန့်တွေ့ဆုံခွင့် မရသဖြင့် ရုံးထုတ်ချိန်မှသာ တွေ့ဆုံ တိုင်ပင်နိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ကိုယ်ကျိုးသုံးစွဲတာ မဟုတ်တဲ့အတွက် သူကတော့ အပြစ်မရှိဘူး၊ အများပြည်သူကောင်းကျိုးပဲ သူလုပ်ခဲ့တာပေါ့။ ဒီငွေတွေ သုံးတယ်ပြုတယ်၊ လုပ်တယ်ကိုင်တယ်ဆိုတာကလည်း ကိုယ်ကျိုးမပါဘူး၊ အများအကျိုးအတွက်၊ မကွေးတိုင်းဒေသကြီး မြို့နယ်တွေ အားလုံးဖွံ့ဖြိုးဖို့အတွက် သူလုပ်ခဲ့တယ်ဆိုတာပဲ ပြောပါတယ်” ဟု ဦးအောင်နိုင်က ဆိုသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ တွင် “နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချနိုင်သည်” ဟု ဖော်ပြထားသည်။

အာဏာစသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်တွင် နေအိမ်အကျယ်ချုပ် ကျခဲ့သော ဝန်ကြီးချုပ်က အာဏာသိမ်းမှုကို လက်မခံနိုင်ကြောင်း Facebook တွင် ရုပ်သံတိုက်ရိုက်ထုတ်လွှင့်အပြီး မကွေးထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ခံရသည်။

စစ်ကောင်စီက ဒေါက်တာအောင်မိုးညိုကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းထွက်နေသော်လည်း တရားစွဲခြင်းမရှိသေးကြောင်း ရှေ့နေထံမှ သိရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button