
အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက ပုဒ်မ ၅၀၅−က အပြင် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ထပ်တိုးတရားစွဲဆိုထားရာ အမှုနှစ်ခုစလုံး Myanmar Now နှင့် ပတ်သက်နေသည်ဟု ဖမ်းဆီးခံ အမေရိကန်သတင်းသမား၏ ရှေ့နေက ပြောသည်။
ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခံရပြီးနောက်ပိုင်း Myanmar Now က ရေးသားဖော်ပြခဲ့သော သတင်းများနှင့် ပတ်သက်၍ ယခုကဲ့သို့ တရားစွဲခြင်းဖြစ်ကြောင်း တိုင်စာတွင် ဖော်ပြထားသည်ဟု Danny Fenster ၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
“တားမြစ်ထားတဲ့နောက်ပိုင်း လူမှုကွန်ရက်တွေကနေတစ်ဆင့် အခြားနည်းပညာတွေသုံးပြီးတော့ NUG ၊ CRPH တို့ရဲ့ သတင်းတွေကို ဖော်ပြတယ်၊ အဲ့လိုဖော်ပြခြင်းအားဖြင့် သူတို့ရဲ့လုပ်ငန်းတွေကို အားပေးအားမြှောက်ပြုရာရောက်တယ်၊ အဲဒီအတွက် Myanmar Now က တာဝန်ရှိသူတွေကို အရေးယူပေးပါ၊ အဲဒီထဲမှာ Danny နာမည်ပါတယ်၊ Myanmar Now ကတစ်ယောက်အနေနဲ့ တရားစွဲတာ” ဟု ၎င်းက ပြောသည်။
အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်ကတည်းက Myanmar Now မှ အလုပ်ထွက်ထားသူ Danny Fenster မှာ ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၌ အုပ်ချုပ်မှုအယ်ဒီတာလုပ်ကိုင်ရင်း မေလ ၂၄ ရက်က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသည်မှာ လေးလကျော်ရှိပြီဖြစ်သည်။
Myanmar Now သတင်းဌာနအပါအဝင် Mizzima၊ DVB၊ 7Day နှင့် ခေတ်သစ် စသည့် သတင်းဌာနငါးခုကို ထုတ်ဝေခွင့်ပိတ်သိမ်းကြောင်း မတ်လ ၉ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ထိုမတိုင်မီ မတ်လ ၈ ရက်တွင် ပန်းဘဲတန်းမြို့နယ်ရှိ Myanmar Now သတင်းဌာနရုံးခန်းကို စစ်ကောင်စီ၏ လက်နက်ကိုင်များ ဝင်ရောက်စီးနင်းခဲ့သည်။ ထိုသို့စီးနင်းခံရစဉ် မည်သူတစ်ဦးတစ်ယောက်မျှ အဖမ်းမခံခဲ့ရပေ။
အသက် ၃၇ နှစ်အရွယ် အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက အမှုနှစ်ခုဖြင့် တရားစွဲဆိုပြီးနောက် ရုံးထုတ်စစ်ဆေးခဲ့သည်မှာ ၁၅ ကြိမ်ရှိပြီဖြစ်ကာ အောက်တိုဘာ ၁၅ ရက်က ရုံးချိန်းတွင် အာမခံလျှောက်ထားသည့် ၅၀၅−က အမှုအတွက် လျှောက်လဲချက်ပေးခဲ့ကြောင်း ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
“သူ့ရဲ့ ၅၀၅-က အမှု အာမခံလျှောက်လဲချက်ပေးတယ်။ ၁၇(၁) အမှုအတွက် ပါဝါတင်လိုက်တယ်” ဟု ၎င်းက ဆိုသည်။ Danny Fenster ကို အောက်တိုဘာ ၂၇ တွင် ထပ်မံရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။
အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက ပထမစွဲဆိုခဲ့သည့် ပုဒ်မ ၅၀၅−က အမှုသည်လည်း Myanmar Now နှင့် ပတ်သက်၍ စွဲဆိုခြင်းဖြစ်ကြောင်း ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
“၅၀၅-ကလည်း Myanmar Now နဲ့ ပတ်သက်ပြီး စွဲတာပဲ။ ၁၇(၁) လည်း Myanmar Now နဲ့ ပတ်သက်ပြီး Myanmar Now တာဝန်ရှိသူတစ်ယောက်အနေနဲ့ စွဲတာ” ဟု ၎င်းက ပြောသည်။
Danny Fenster ကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားသော်လည်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိန်းသိမ်းထားရမည့် အခြေအနေဖြစ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စက်တင်ဘာ ၃၀ ရက်က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Danny Fenster သည် Myanmar Now သတင်းဌာနတွင် ၂၀၁၉ နှစ်လယ်ပိုင်းမှ ၂၀၂၀ ဇူလိုင်လကုန်အထိ အင်္ဂလိပ်ပိုင်းအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် Frontier Myanmar မဂ္ဂဇင်းသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။
စစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းကာ တရားစွဲဆိုခံထားရသူ Danny Fenster သည် သတင်းခန်းစီမံခန့်ခွဲမှုနှင့်သော်လည်းကောင်း၊ အယ်ဒီတာအလုပ်မဟုတ်သော အခြားလုပ်ငန်းများနှင့်သော်လည်းကောင်း လုံးဝပတ်သက်ခြင်း မရှိကြောင်း Myanmar Now က ထုတ်ပြန်ထားပြီးဖြစ်သည်။
အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြန်လွတ်လာသူအချို့ရှိသော်လည်း သတင်းသမားအများအပြား ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကာ ကြီးလေးသော ပုဒ်မများဖြင့် စစ်ကောင်စီက စွဲဆိုထားသည့် အမှုများကို ရင်ဆိုင်နေရသူများလည်း ရှိသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်