သတင်း

ယောဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းလာသည့် ပျူစောထီးများကို စောင့်ကြည့်မည် 

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ယနေ့ (အောက်တိုဘာ ၁၄) နံနက်ပိုင်းက လက်လုပ်တူမီးသေနတ်များနှင့်အတူ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီဘက်တော်သား ပျူစောထီးအဖွဲ့ဝင်ဆိုသူများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထီးလင်းအခြေစိုက် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) တာဝန်ရှိသူက ဆိုသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ ထိစပ်နေရာ ယောဒေအလယ်ပိုင်းရှိ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်းရှိ ဇီးတောရွာနှင့် ထိန်တိုင်းရွာတို့မှ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ၃၀ ဦးခန့်သည် လက်လုပ်တူမီးသေနတ် ၂၅ လက်နှင့်အတူ YDF (ထီးလင်း) အဖွဲ့ထံ ပူးပေါင်းလာခြင်းဖြစ်သည်။ 

“စောင့်ကြည့်ကာလပေါ့။ ရာနှုန်းပြည့်တော့ ယုံကြည်မှု ပေးမထားသေးဘူး။ သူတို့နေတဲ့ရွာတွေကလည်း မလှမ်းမကမ်းက ရွာတွေပါပဲ။ သူတို့ကို ပြန်ပြီးကင်းထောက်ခိုင်းထားပါတယ်” ဟု YDF (ထီးလင်း) အဖွဲ့ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။ 

စစ်တပ်ထောက်ခံသူများက အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို တန်ပြန်တိုက်ခိုက်ရန် စုစည်းရာမှ ပျူစောထီးဆိုသည့် အဖွဲ့များ ပေါ်ပေါက်လာပြီး မန္တလေးတိုင်း မြင်းခြံနှင့် စစ်ကိုင်းတိုင်း မင်းကင်းတို့တွင် ပျူစောထီးအဖွဲ့ဝင်ဆိုသူများက ဒေသခံများကို ပေါ်ပေါ်တင်တင် ခြိမ်းခြောက်မှုများ ရှိခဲ့သည်။ 

ယောဒေသတွင် ပျူစောထီးလုပ်ငန်းကို စွန့်လွှတ်ကာ ပြည်သူ့ဘက်မှ ရပ်တည်မည့်အကြောင်း ပူးပေါင်းလာသည့် ပျူစောထီးအဖွဲ့ဝင်များက ခံဝန်ကတိပြုထားသည်ဟုလည်း ၎င်းက ပြောသည်။ 

ထီးလင်းမြို့နယ်၊ ဇီးတောကျေးရွာရှေ့တွင် အောက်တိုဘာ ၁၀ ရက်က ဆိုင်ကယ်ဖြင့် လက်နက်များသယ်လာသည့် ပျူစောထီးအဖွဲ့ဝင်လေးဦးကို ကြားဖြတ်တိုက်ခိုက်ရာတွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး သေဆုံးကာ လက်လုပ်တူမီးသေနတ် အလက် ၂၀ ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု YDF (ထီးလင်း) ထံမှ သိရသည်။ 

ထိုသို့တိုက်ခိုက်ခံရအပြီး ပျူစောထီးအဖွဲ့ဝင်များက စစ်ကောင်စီထံ အကူအညီတောင်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသဖြင့် ယခုကဲ့သို့ လက်နက်ချ ပူးပေါင်းလာခြင်းဖြစ်သည်ဟု YDF (ထီးလင်း) အဖွဲ့တာဝန်ရှိသူက ဆိုသည်။ 

“စစ်ကောင်စီက တစ်ယောက်မှ မလာဘူး ဒီနေ့အချိန်ထိ။ အဲဒီတော့ စစ်ကောင်စီက အကာအကွယ်မပေးနိုင်ပါလားဆိုပြီး သူတို့စိတ်ထဲ ခံယူသွားပြီး ကျွန်တော်တို့ကို ကမ်းလှမ်းလာတာ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ယနေ့ လာရောက်ပူးပေါင်းစဉ်နှင့် ကြားဖြတ်တိုက်ခိုက်စဉ် ရရှိခဲ့သော တူမီးသေနတ်အားလုံးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိမ်းဆည်းရမိခဲ့ပြီးနောက် စစ်ကောင်စီက ပျူစောထီးအဖွဲ့ဝင်များကို ပေးအပ်ထားသည့် လက်နက်များဖြစ်သည်ဟု သိရသည်။

“PDF တွေကို ပြန်တိုက်ခိုက်ရမယ်၊ သူတို့ဒေသကို လာရင် သတင်းပေးရမယ်။ မင်းတို့ကို အန္တရာယ်ပြုရင် ဒီလက်နက်တွေနဲ့ တိုက်ပါဆိုတဲ့ ပုံစံမျိုးပေးတာဗျ”ဟု YDF (ထီးလင်း) အဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

ပြည်သူ့ဘက်မှ ရပ်တည်ရန် ပူးပေါင်းလာသည့် ပျူစောထီးအဖွဲ့ဝင်ဆိုသူများမှာ ယခင်က ဒေသခံ PDF အဖွဲ့ဝင်များကို ခြိမ်းခြောက်ခဲ့သည့်အပြင် PDF လှုပ်ရှားမှုများကို စစ်ကောင်စီထံ သတင်းပေးပို့ခဲ့သူများဖြစ်သည်ဟု ဆိုသည်။ 

“သူတို့က အခုမှစပြီး ရဲတွေဆီကနေ လက်နက်တွေ အကူအညီတောင်းထားတယ်။ လူစုပြီးတော့ ပြင်ဆင်နေတဲ့ ကာလပဲ ရှိသေးတယ်။ လက်နက်တွေကို စစ်ကောင်စီဆီက ယူထားတယ်ဆိုကတည်းက ဒီကောင်တွေက သာမန်ပြည်သူတစ်ယောက်တော့ မဖြစ်နိုင်ဘူးလေ။ သူတို့လည်း ပျူစောထီးဖြစ်မှန်းမသိ ဖြစ်သွားတာပါဆိုပြီး ပြောပါတယ်” ဟု YDF (ထီးလင်း) တာဝန်ရှိသူက ပြောသည်။ 

ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာမှ ထီးလင်း PDF ခေါင်းဆောင် နေအိမ်အပါအဝင် နေအိမ် ၄ လုံးကို စစ်တပ်က ဖျက်ဆီးသွားပြီးနောက် နောက်တစ်နေ့ စက်တင်ဘာ ၂၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-Supplied) 

ထီးလင်းမြို့နယ် ဒေသခံတစ်ဦးကမူ ပျူစောထီးအဖွဲ့ဝင်ဆိုသူများ ပူးပေါင်းလာမှုအပေါ် အပြည့်အဝမယုံကြည်ဟု ဆိုသည်။

“အစကတည်းက အခုလိုစိတ်မရှိလို့ ပျူစောထီးဆိုပြီးမှ ဖွဲ့တာပဲလေ။ အသက်အန္တရာယ်စိုးရိမ်ရတော့မှ အလင်းဝင်တယ်၊ လက်နက်တွေအပ်တယ်လို့ ကျွန်တော်တို့ကတော့ ယူဆတယ်။ သူတို့ကိုလည်း ထီးလင်းနဲ့ အနီးစပ်ဆုံးရှိတဲ့ စစ်ကောင်စီက အကာအကွယ်မပေးနိုင်ဘူးလေ” ဟု အဆိုပါ ဒေသခံက ပြောသည်။ 

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၁၅ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပျူစောထီးဖွဲ့စည်းထားခြင်း မရှိကြောင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းများလည်း မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။  

ထီးလင်းမြို့နယ်အတွင်း ပျူစောထီးအဖွဲ့ဝင် သတင်းပေးဒလန်များကြောင့် စစ်တပ်၏ ဝင်ရောက်စီးနင်းခြင်းခံရသည့် ကျေးရွာများရှိကာ စက်တင်ဘာ ၂၇ ရက်က ထန်းပင်ကုန်းကျေးရွာ၌ ဒေသခံ PDF အဖွဲ့ဝင်များ နေထိုင်သည်ဆိုကာ နေအိမ်ငါးလုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု YDF (ထီးလင်း) အဖွဲ့ထံမှ သိရသည်။ 

ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်းကလည်း ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများအပါအဝင် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ ဒေသအချို့တွင် တိုက်ပွဲဖြစ်ပွားရာ ယောဒေသလည်း အပါအဝင်ဖြစ်သည်။

လက်ရှိတွင် ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းရှိ စစ်ကိုင်းတိုင်းအတွင်း မြို့ရွာများ၊ ယောဒေသနှင့် ချင်းပြည်နယ်ကို စစ်ကောင်စီက အကြီးအကျယ်ထိုးစစ်ဆင်နွှဲရန် ပြင်ဆင်နေပြီး ဒေသအချို့တွင် အင်တာနက်ဖြတ်တောက်ခံထားရသည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။

Related Articles

Back to top button