စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်များကို ရှာဖွေရင်း မြို့ပေါ်နှင့် ကျေးရွာအချို့၌ ဖမ်းဆီးခံထားရသည့် ဒေသခံ ၂၀ ဦးထက်မနည်းရှိကာ သေဆုံးသူ ၈ ဦးရှိသည်ဟု ထီးချိုင့် PDF အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
စက်တင်ဘာလကုန်ပိုင်းမှစ၍ ထီးချိုင့်မြို့နယ်ရှိ စစ်တပ်နှင့် ရဲအပါအဝင် ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူးများ တိုက်ခိုက်ခံရပြီးနောက် ထီးချိုင့်မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။
အောက်တိုဘာ ၃ နှင့် ၄ တွင် ထီးချိုင့်မြို့နယ် ကမ်းနီနှင့် အလယ်တောရွာရှိ ရဲများနေထိုင်ခြင်းမပြုတော့သော်လည်း စစ်တပ်က ရွာများကို လာရောက်စီးနင်းရာတွင် စခန်းချလေ့ရှိသည့် ရဲကင်းစခန်း၂ ခုကို ထီးချိုင့် PDF က တိုက်ခိုက်ခဲ့သည်။
ထို့နောက် အောက်တိုဘာ ၆ ရက်မှစ၍ ထီးချိုင့်မြို့နယ်အတွင်း စစ်တပ်က ရှာဖွေဖမ်းဆီးရေးစတင်ခဲ့သည်။
ကမ်းနီရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၏ နေအိမ်၊ မိခင်၏အိမ်၊ တုံလုံရွာရှိ နှမဖြစ်သူ၏ နေအိမ်နှင့် စျေးဆိုင်တို့ကို အောက်တိုဘာ ၆ ရက်တွင် ဝင်ရောက်စီးနင်းစဉ် စစ်တပ်က ဖျက်ဆီးခဲ့သည်။
နောက်တစ်ရက်တွင် ထီးချိုင့်မြို့ပေါ်မှ ရပ်ကျေးနှင့် မြို့နယ်အဆင့် NLD ပါတီဝင် ၃ ဦးကို ဖမ်းဆီးပြီး အောက်တိုဘာ ၈ ညပိုင်း၌ ပါတီထောက်ခံသူများကို လိုက်လံဖမ်းဆီးခဲ့ရာ ၁၅ နှစ်အရွယ် ၃ ဦးအပါအဝင် ၁၃ ဦး အဖမ်းခံရသည်။
ယင်းနေ့ (အောက်တိုဘာ ၈) မှာပင် အင်းတိန်ရွာမှ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ထီးချိုင့်မြို့ပေါ်အသွား ဆိုင်ကယ် Tool Box အတွင်း ကျည်ဆန်ခွံတစ်ခု တွေ့ရှိသည်ဟု ဆိုကာ PDF သံသယဖြင့် အဖမ်းခံရပြီး စစ်ကြောရေး၌ ၂၄ နာရီမပြည့်မီ သေဆုံးခဲ့သည်။
ထီးချိုင့်မြို့နယ်၊ အလယ်တောရွာမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် အသက် ၂၀ ကျော်အရွယ် ကျောင်းဆရာ ကိုကျော်မျိုးလွင်ကို အောက်တိုဘာ ၉ ၌ စစ်တပ်က ဖမ်းဆီးခဲ့သည်။ ထိုနေ့က လေသာရွာကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်ဟု ထီးချိုင့် PDF အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထီးချိုင့်မြို့နယ် မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ လေသာရွာကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် စစ်တပ်က ထပ်မံဝင်ရောက်စီးနင်းစဉ် PDF အဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ပြီး လူငယ်တချို့ ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါဖြစ်စဉ်တွင် ဦးတင်ညွန့်၊ ဖြိုးမင်းထက်၊ လွင်မိုး၊ အောင်ကိုဝင်း တို့ ၄ ဦးသေဆုံးခဲ့ပြီး ထပ်မံရရှိထားသည့် သတင်းများအရ မျိုးမြင့်အောင်ဆိုသူ လူငယ်တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသော်လည်း အတည်မပြုနိုင်သေးကြောင်း ထီးချိုင့် PDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“အဲဒီတစ်ယောက်က အလောင်းရှာမတွေ့သေးဘူး၊ သူတို့ (လေသာရွာသားများ) ကတော့ တစ်လောင်းကတော့ ပျောက်နေပြီလို့ပဲ ပြောခဲ့တာကိုး၊ သေပြီလို့ပဲ မှတ်ယူထားကြတာပါ” ဟု ၎င်းက ဆက်ပြောသည်။
ဖမ်းဆီးခံထားရသည့် CDM ကျောင်းဆရာ ကိုကျော်မျိုးလွင်မှာလည်း သေဆုံးသွားသည်ဟု သတင်းရထားကြောင်း ထီးချိုင့် PDF အဖွဲ့ထံမှ သိရသည်။ လေသာရွာစီးနင်းမှုပြီးနောက် အနီးအနားကျေးရွာများကို စစ်ကောင်စီတပ်က ဆက်တိုက်ရှာဖွေဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
ထီးချိုင့်မြို့ပေါ်ရှိ အေးချမ်းတည်းခိုခန်းပိုင်ရှင် အသက် ၄၀ ကျော်အရွယ် ကိုဆန်းမင်းဆိုသူမှာ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းတွင်လည်းကောင်း၊ Burma Gold ရွှေဆိုင်မှ အသက် ၅၀ ကျော်အရွယ်ရှိသည့် ဒေါ်မိမိလေးမှာ အောက်တိုဘာ ၁၃ ရက်တွင်လည်းကောင်း ဖမ်းဆီးခံခဲ့ရသည်။
ဒေါ်မိမိလေး၏ သမီးနှစ်ဦးဖြစ်သည့် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အထူးကုဆရာဝန် အသက် ၃၀ ကျော်အရွယ် မတိုးတိုးထိန်လင်းနှင့် ညီမ မမေသူထိန်လင်းတို့ကိုလည်း အောက်တိုဘာ ၈ ကတည်းက စစ်တပ်က ဖမ်းဆီးထားခဲ့သည်။
“ဒေါ်မိမိလေးကိုက စစ်မေးစရာရှိတယ်ဆိုပြီး ဒီနေ့မနက်ပဲ ခေါ်သွားတာ။ အိမ်မှာက အငယ်ဆုံးသမီးလေးနဲ့ တူမတွေပဲ ရှိတော့မှာ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
ထီးချိုင့်မြို့အရှေ့ဘက်ရှိ မောင်းကုန်း၊ ကိုးတဲ စသည့် ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဒေသခံအချို့ရှိသည်ဟု သိရသည်။
ထို့ကြောင့် တပ်မ ၃၃ နှင့် နယ်မြေခံတပ်အချို့က ထီးချိုင့်မြို့ ဘောလုံးကွင်းတွင် တပ်စွဲထားပြီး ထီးချိုင့်မြို့နယ်တစ်ဝိုက်ရှိ ကျေးရွာများကို ရှာဖွေဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။
မေလအတွင်းကမှ စတင်ဖွဲ့စည်းခဲ့သည့် ထီးချိုင့် PDF အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော်( KIA) နှင့် လက်တွဲ၍ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသောအဖွဲ့ဖြစ်ပြီး ၎င်းတို့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်ကို သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။