
စစ်ကောင်စီက စွဲဆိုထားသည့် အဂတိမှုအတွက် တရားခွင်မတိုင်မီ တွေ့ဆုံခွင့်ရရန် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ချုပ်နှောင်ထားသည့် မကွေးအကျဉ်းထောင်ထံ စာဖြင့် တောင်းဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သူ၏ ရှေ့နေ ဦးအောင်နိုင်က ပြောသည်။
မကွေးအကျဉ်းထောင်အတွင်း မကွေးခရိုင်တရားသူကြီး ရုံးထိုင်စစ်ဆေးသည့် သီးသန့်တရားရုံးဖြင့် စစ်ဆေးမည့် ထိုအမှု၏ ပထမဆုံးတရားခွင် (အောက်တိုဘာ ၆) မစမီ နှစ်ပတ်အလို စက်တင်ဘာ ၂၃ ကတည်းက အကျဉ်းထောင် အာဏာပိုင်ထံ စာပို့ထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိကြောင်း ၎င်းထံမှ သိရသည်။
ထိုသို့ အမှုကိစ္စကြိုတင်ဆွေးနွေးခွင့်မရ၍ အောက်တိုဘာ ၆၊ ရုံးချိန်းတွင် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးရေးမှူး ဦးမိုးကျော်လွင်ကို ပြန်လှန်စစ်မေးခြင်းမပြုနိုင်ခဲ့ကြောင်း ဦးအောင်နိုင်က ပြောသည်။
“တရားခံဘက်က ပြန်လှန်စစ်မေးရမယ့် အနေအထားမှာ ရုံးတော်ကို လျှောက်လိုက်ပါတယ်။ ဒေါက်တာအောင်မိုးညိုနဲ့ ရှေ့နေတွေနဲ့ ဆွေးနွေးမှုမလုပ်ရသေးကြောင်း၊ အမှုမှာ သက်သေခံတင်သွင်းရမဲ့ စာရွက်စာတမ်းတွေကို ကူးယူခွင့် တောင်းပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော် မည်သည့် စာရွက်စာတမ်းများ ကူယူမည်ကိုမူ မသိရပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဒေါက်တာအောင်မိုးညိုသည် Denko ဆီဆိုင်ပိုင်ရှင် ဦးချစ်ခိုင်ထံမှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကျပ်သိန်း ၅၀၀ ရယူသည်ဟု ဆိုကာ ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေးနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် စစ်ကောင်စီက တရားစွဲထားခြင်းဖြစ်သည်။
တရားသူကြီးက ရုံးချိန်းကို အောက်တိုဘာ ၁၈ သို့ ပြန်လည်ချိန်းဆိုထားပြီး ယင်းမတိုင်မီ ဒေါက်တာအောင်မိုးညိုနှင့် တွေ့ခွင့်ရရန် အကျဉ်းထောင်အာဏာပိုင်များထံ ထပ်မံအရေးဆိုသွားမည်ဟု ဦးအောင်နိုင်က ပြောသည်။
နေပြည်တော်တွင် ပုဒ်မ ၁၁ ခုဖြင့် တရားစွဲခံထားရသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုမူ စစ်ကောင်စီက တရားခွင်မစမီ နာရီဝက်ခန့် ရှေ့နေအဖွဲ့နှင့် တွေ့ဆုံခွင့်ပေးထားသည်။
အာဏာစသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါက်တာအောင်မိုးညိုကို နေအိမ်အကျယ်ချုပ်ဖြင့်သာ စစ်ကောင်စီက ထားရှိသော်လည်း တစ်ပတ်အကြာ၌ အာဏာသိမ်းမှုကို လက်မခံနိုင်ကြောင်း Facebook တွင် ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပြီးနောက် မကွေးအကျဉ်းထောင်သို့ ပြောင်းရွှေ့သည်။
၎င်းကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့်လည်း စစ်ကောင်စီက တရားစွဲခဲ့ပြီး ဇွန် ၈ ရက်က ထောင် ၂နှစ်ချခံထားရသည်။
ထို့အတူ ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းထွက်နေသော်လည်း တရားစွဲခြင်းမရှိသေးဟု ရှေ့နေက ပြောသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p