သတင်း

ထောင်ချခံရသည့် ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို မိသားစု တွေ့ခွင့်ရလို

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ယနေ့ (အောက်တိုဘာ ၈)တွင် နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်းအတွက် မှတ်ချက်အထူးပေးစရာမရှိဘဲ ဖခင်ကိုသာ တွေ့ခွင့်ရလိုကြောင်း ဦးညီပု၏ သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။ 

 “အဖေ့ကို ဗီဒီယိုနဲ့ပဲ ရုံးထုတ်တဲ့အခါကျတော့ ကျွန်မတို့ လိုက်သွားရင်လည်း တွေ့ခွင့်ရမှာ မဟုတ်ဘူးလေ။ မိသားစုဝင်တွေကတော့ တွေ့ခွင့်ရမယ်ဆိုရင်တော့ တွေ့ချင်တာပေါ့။ အခု အဖေနဲ့ မတွေ့ရတာက သူတို့ စဖမ်းသွားတဲ့အချိန်က စပြီး ဒီနေ့အချိန်အထိ တစ်ခါမှ မတွေ့ရသေးဘူးလေ။ အခု ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာ ပြောစရာ ထွေထွေထူးထူးတော့ မရှိပါဘူး။ မတရားဖမ်းပြီးတော့ အမှုတွေဆင်ပြီး မတရားအမိန့်ချနေတာကို သိနေတာပဲလေ” ဟု ၎င်းက မှတ်ချက်ပြုသည်။

အကျဉ်းထောင်အသီးသီးတွင် ရောက်နေသော နိုင်ငံရေးသမားများ မိသားစုနှင့် တွေ့ဆုံခွင့် ပိတ်ပင်ခံထားရသည်။

ယနေ့ အောက်တိုဘာ ၈ မနက်တွင် ဦးညီပုကို စွဲဆိုထားသည့် ၅၀၅ (ခ) အမှုအတွက် ဗီဒီယိုအွန်လိုင်းဖြင့် ရုံးထုတ်ကာ စစ်တွေမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဦးဝင်းနိုင်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ဖမ်းဆီးခံရစဉ် ထွက်ပေါ်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကြေညာချက်အတွက် ဦးညီပုတွင်လည်း တာဝန်ရှိသည်ဟု တရားရုံးက ယူဆကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

“စွဲဆိုထားတဲ့ NLD ဗဟိုကော်မတီ ကြေညာချက်တွေနဲ့ ပတ်သက်လို့ သူ ( ဦးညီပု) ဟာ အစည်းအဝေးတက်ရောက်ခြင်း ရှိမရှိက တစ်ပိုင်းဖြစ်ပေမယ့် ဒီကြေညာချက်တွေနဲ့ ပတ်သက်လို့ ဗဟိုကော်မတီဝင်တစ်ယောက်မှာ တာဝန်ရှိတယ်ဆိုတဲ့ မှတ်ချက်ပါရှိပါတယ် ”ဟု သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

ထိုသို့ အမိန့်ချမှတ်ချိန်တွင် ဦးညီပုမှာ တုန်လှုပ်ခြင်းမရှိဘဲ အေးအေးသက်သာပုံစံသာဖြစ်နေကြောင်း၊ ၎င်းအား ထိန်းသိမ်းထားသည့် စစ်တွေတပ်နယ်ထဲမှ စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ထိုရှေ့နေထံမှ သိရသည်။

ဦးညီပု၏ အမှုများကို သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ရှေ့နေအဖွဲ့က လိုက်ပါ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။  ဦးညီပုနှင့် တွေ့ဆုံ၊ သဘောထား ရယူပြီးမှ အယူခံတက်မတက် ပြောနိုင်မည်ဟု ၎င်းအဖွဲ့မှ အထက်ပါရှေ့နေက ဆက်ပြောသည်။

“အခုထောင်ချခံလိုက်ရတဲ့ အမှုနဲ့ ပတ်သက်လို့ အယူခံတက်ဖို့ မတက်ဖို့ကိုတော့ အဂတိလိုက်စားမှုအမှုမှာ ကျွန်တော်တို့တွေ့ပြီးမှ ခဏလေးဖြစ်ဖြစ် တွေ့ပြီးမှ ကျွန်တော်တို့ သူ့ကို မေးမြန်းလို့ရမယ်။ အဲဒီခါကျမှ သူ၏ သဘောဆန္ဒအရ အယူခံတက်မတက်ကို သိရမယ် ”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သော ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ဆိုသည်။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စွဲဆိုထားသည့် ၅၀၅ (ခ) အတွက် တရားလိုဘက်က သက်သေ ၅ ဦး တင်သွင်းခဲ့သော်လည်း ဦးညီပုဘက်မှ သီးခြားသက်သေ တင်ပြခြင်းမရှိဘဲ စက်တင်ဘာ ၂၈ ရုံးချိန်းတွင် ဦးညီပုကိုယ်တိုင် သက်သေအဖြစ် စစ်ဆေးခံခဲ့သည်။ 

ဦးညီပုကို စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ တွင် ပထမဆုံးအကြိမ် ဖမ်းဆီးလိုက်ပြီး မကြာမီ  ဂွမြို့တွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းလိုက်သည်။

ဖေဖော်ဝါရီ ၉ တွင် ဦးညီပုက Facebook လူမှုကွန်ရက်ပေါ်တွင် “ပြည်သူသို့ပန်ကြားချက်”ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ကို ကန့်ကွက်ကြောင်း ပြောဆိုချက်ကို ရုပ်သံဖြင့် တင်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၁၀ ည တွင် ဦးညီပုကို ၎င်းနေထိုင်ရာ ဂွမြို့အိမ်မှ ရဲနှင့် စစ်တပ်က လာရောက်ခေါ်ဆောင်ပြီး စစ်တွေတပ်နယ်တွင် ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။

ဖေဖော်ဝါရီ ၁၃ တွင် NLD ပါတီက ထုတ်ပြန်သော ကြေညာချက်နှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ကာ ဖေဖော်ဝါရီ ၁၅ ၌ စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။  

မဲစာရင်းအကြောင်းပြချက်ဖြင့် စစ်တပ် အာဏာလုယူပြီးနောက်  ဦးညီပုသည် NLD ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် ဒုတိယမြောက် ထောင်ချခံရသူ ဖြစ်သည်။ ဇွန် ၈ တွင် မကွေးထောင်အထူးတရားရုံးက မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို  ၅၀၅ (ခ) ပုဒ်မဖြင့် ထောင် ၂ နှစ် ချခဲ့သည်။ 

ဦးညီပု၏ နောက်သမီးတစ်ဦးဖြစ်သော NLD ပါတီ လူငယ်တာဝန်ခံ မမိုးဆန်းစုကြည်သည်လည်း ရန်ကုန်တွင် မေ ၉ က အဖမ်းခံရပြီး အင်းစိန်ထောင်၌ ချုပ်နှောင်ခံထားရသည်။  

ဦးညီပုကို ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် ထပ်မံစွဲဆိုထားသည့် အဂတိအမှု ၃ မှုအတွက် စစ်တွေထောင် အထူးတရားရုံး၌ စစ်ဆေးနေသည့်အဆင့်သာရှိသေးကြောင်း တရားလွှတ်တော်ရှေ့နေ ငြိမ်းချမ်းက ဆက်ပြောသည်။

ထို့‌ကြောင့် ဦးညီပုအနေဖြင့် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဖွင့်ထားသော အမှု ၃ ခုကို ထောင်တွင်းအထူးတရားရုံး၌ ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။

ဂွမြို့နယ် ရွာမရွာရပ်ကွက်အနီး တန်ဖိုးနည်းမြေကွက် ဖော်ဆောင်ရာတွင် စည်းကမ်းနှင့်မညီသည့် လုပ်ပိုင်ခွင့်အာဏာအလွဲသုံးစားမှုစွပ်စွဲချက်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ကို ရင်ဆိုင်နေရခြင်းဖြစ်ပြီး ၎င်းအမှုတွင် ဦးညီပုနှင့်အတူ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင် တို့ ၄ ဦးလည်း ပါဝင်သည်။ 

ယင်းအထဲမှ NLD ဝန်ကြီးဟောင်း ဦးမင်းအောင်သည် စစ်အာဏာသိမ်းမှုကို ဦးဆောင်ဆန့်ကျင်ဆန္ဒပြမှုအတွက် စက်တင်ဘာ ၁၇ တွင် တောင်ကုတ်မြို့နယ်တရားရုံးက ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ၊  ဘေးစီမံပုဒ်မ ၂၅အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၂ လ သီးခြားစီကျခံရန် အမိန့်ချမှတ်ခံထားရသည်။ 

ထို့နောက် စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး လက်ရှိတွင် ဦးမင်းအောင်သည် အဂတိအမှုအတွက် ဆက်လက်တရားရင်ဆိုင်နေရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button