
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နဘက်ကြီးကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့မှာ ယနေ့ (အောက်တိုဘာ ၈) မွန်းလွဲပိုင်း၌ ကင်းလှည့်ရာမှအပြန် ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
တန့်ဆည်မြို့မြောက်ဘက် နဘက်ကြီး – သက္ကယ်ကျင်းတံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ကို တန့်ဆည်ပြည်သူ့ရဲဘော် (Taze People Comrades – TPC) အဖွဲ့က ဆွဲမိုင်းဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုလည်းဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ဟု တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က ထုတ်ပြန်ထားပြီး စစ်သား ၁၈ ဦးခန့် ထိခိုက်သေဆုံးနိုင်သည်ဟု ဒေသခံတစ်ဦးက ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
“သူတို့က ခြေလျင်လျှောက်လာကြတော့ မြင်နေရတယ်။ မိုင်းကွဲတော့ အကုန်လုံးလဲသွားတာ။ အဲဒီမှာ နှစ်ယောက်က ထပစ်တာ။ အဲ့ဒီနားမှာပဲ မည်းမည်းမြင်ရာ ပစ်နေတာ။ နာရီဝက်လောက်ကြာတယ်။ မိုင်းကတော့ တစ်လုံးတည်းပဲ။ တံတားပေါ်မို့ လူစုနေတဲ့အချိန်မလို့ပါ” ဟု တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လူသူလက်နက်အင်အား သာလွန်သည့် စစ်ကောင်စီကို လက်လုပ်တူမီးသေနတ်ဖြင့် ခုခံတိုက်ခိုက်ရန် မလွယ်ကူသဖြင့် ဆွဲမိုင်းကို အဓိကအားပြုနေရကြောင်းလည်း လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါ အမျိုးသားက ဆိုသည်။
ထိုသို့ လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ရာတွင် ထိရောက်မှုရှိသော်လည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ငွေကြေးအခက်အခဲရှိနေသည်ဟုလည်း ၎င်းက ပြောသည်။
“မိုင်းက သုံးသိန်းကျော်လောက် ကျတယ်။ ရိုးရိုးလုပ်မယ်ဆိုရင် တစ်သိန်းကျော်လောက် ကျမယ်။ လက်ပစ်ဗုံး Shark (အအေးဘူးဖြင့် လက်လုပ်ဗုံးပြုလုပ်ခြင်း) သံဘူးဆိုရင် သုံးသောင်းကျော်လောက် ကျတယ်။ ကျွန်တော်တို့မှာ အလှူရှင်နဲ့ ရပ်တည်ရတာဖြစ်တဲ့အတွက် တော်တော်ကို ဒုက္ခရောက်တယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။
ဆက်လက်၍ ” အဖွဲ့တိုင်း ဒုက္ခရောက်တယ်။ ဒါပေမဲ့ ကြိုးပမ်းပြီးတော့ ရှိတာရောင်းချ၊ ပေါင်ပြီးတော့ မိုင်းအတွက် အားကိုးပြီး ပြင်ဆင်ရတယ်။ NUG အနေနဲ့ လိုအပ်တဲ့ လက်နက်ခဲယမ်းလေးကိုတော့ ထောက်ပံ့စေချင်တယ်”ဟုလည်း ၎င်းက ပြောသည်။
တန့်ဆည်မြို့ပေါ်၌လည်း ယနေ့ နံနက်ပိုင်းက စက်ပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ကာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မသိရသေးပေ။
ထူးတော်ဝင်အမည်ရှိ စက်ပစ္စည်းဆိုင်ပိုင်ရှင် အသက် ၄၈ နှစ်အရွယ် ဦးကျော်ဝင်းကို နံနက် ၆ နာရီခန့်တွင် အရပ်ဝတ်လက်နက်ကိုင်နှစ်ဦးက သေနတ်ဖြင့် လေးချက်ပစ်သတ်ခဲ့သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
“ဗိုက်နှစ်ချက်၊ ခြေထောက်တစ်ချက်မှန်ပြီး သေသွားပြီ။ သူက အောက်ဆီဂျင်ပေးရေး(အဖွဲ့)မှာ တာဝန်ခံလုပ်နေတာပဲ။ (ပစ်ခတ်မှုကို) ဘယ်အဖွဲ့ကလုပ်တာလို့ မသိရဘူး။ နှစ်ယောက် ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ပစ်ပြီး ပြေးတာ” ဟု အထက်ပါ မြို့ခံအမျိုးသားက ပြောသည်။
ဦးကျော်ဝင်း ပစ်ခတ်ခံရပြီးနောက် တန့်ဆည်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ကာ ရှာဖွေစစ်ဆေးနေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအားကောင်းရာ မြို့နယ်တစ်ခုဖြစ်သည့် တန့်ဆည်တွင် အာဏာသိမ်းမှုဆန့်ကျင်ရေး နေ့စဉ်ဆန္ဒပြလှုပ်ရှားသည့် ကျေးရွာအချို့ ရှိနေဆဲဖြစ်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p