နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ) အမှုတွင် အပြစ်မရှိကြောင်း သက်သေထွက်ပေးမည့် လူစာရင်းကို နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်လှစ် စစ်ဆေးနေသည့် တရားရုံးသို့ မတင်တော့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုချေရန်ရှိသည်။
“ခံပြ (စွပ်စွဲခံရသူဘက်မှ သက်သေထွက်မည့်သူ) စာရင်း သီးခြားမတင်တော့ပါဘူး။ စွပ်စွဲခံရသူတွေကို ရုံးချိန်း တစ်ချိန်းစီ (ခွဲပြီး) စစ်ဖို့ပါ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ငါးဦးပါ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က ယနေ့ (အောက်တိုဘာ ၅) တွင် ပြောသည်။ မည်သည့်အကြောင်းပြချက်ကြောင့် ဖြစ်သည်ကိုမူ ထုတ်မပြောပေ။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Myanmar Now က မေးမြန်းစဉ်ကမူ သက်သေထွက်မည့်သူကို စစ်ကောင်စီက ရန်ငြိုးဖွဲ့မည်စိုး၍ ဥပဒေအကိုးအကား အချက်အလက်ဖြင့်သာ ထုချေရန် စွပ်စွဲခံရသူများနှင့် တိုင်ပင်နေကြောင်း ဦးခင်မောင်ဇော်က ပြောထားသည်။
ထိုအမှုတွင် ဖေဖော်ဝါရီ ၁ အာဏာသိမ်းကြောင်း မကြေညာမီ ဖမ်းဆီးခံခဲ့ရသည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီက တစ်ပေါင်းတည်း တရားစွဲထားသလို စွပ်စွဲခံရသူတို့ကလည်း ငါးဦးပါ ရှေ့နေတစ်ဖွဲ့တည်းဖြင့် အမှုရင်ဆိုင်နေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ခေါင်းဆောင်များဖြစ်ကြသည့် ထိုသုံးဦးစလုံးကို ၎င်းတို့ ဖမ်းခံရပြီးနောက်မှ အာဏာသိမ်းစစ်ကောင်စီ တရားမဝင်ကြောင်း ဖော်ပြထားသည့် ပါတီက ထုတ်သော ကြေညာစာနှစ်စောင်ကို အကြောင်းပြုကာ စစ်ကောင်စီက တရားစွဲထားခြင်းဖြစ်သည်။
ယင်းကြောင့် စွပ်စွဲခံရသူတို့ကို ထောင် ၂ နှစ်ချခံရနိုင်သည့် ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားမစွဲထိုက်ဟု ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တရားခွင်၌ တောက်လျှောက်ချေပခဲ့သည်။
ထိုအမှုကို သီးသန့်တရားရုံး၌ အပတ်စဉ် အင်္ဂါနေ့တိုင်း ရုံးထိုင်စစ်ဆေးနေသည့် ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က စက်တင်ဘာ ၂၁ တွင် စွဲချက်တင်ခဲ့ပြီး ယနေ့(အောက်တိုဘာ ၅) ရုံးချိန်း၌ သက်သေစာရင်းတင်ရန် စွပ်စွဲခံရသူတို့ကို ညွှန်ကြားသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့ကလည်း လူသက်သေတင်သွင်းရန်မရှိ၊ ကိုယ်တိုင်ထုချေမည်ဟု ယနေ့တရားခွင်တွင် တရားသူကြီးထံ အသိပေးခဲ့ကြသည်။
တရားသူကြီး ဦးမောင်မောင်လွင်က ဦးဝင်းမြင့်ကို အောက်တိုဘာ ၁၂၊ ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၂၆၊ ဒေါက်တာမျိုးအောင်ကို နိုဝင်ဘာ ၂ တွင် စစ်ဆေးရန် စီစဉ်ခဲ့ကြောင်း သိရသော်လည်း အစီအစဉ်အသေးစိတ်ကို စုံစမ်း၍ မရသေးပါ။
ထို့အတူ အာဏာသိမ်းပြီး ၈လကျော်အတွင်း အမှုပေါင်း ၁၁မှုဖြင့် ရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်က အပတ်စဉ် အင်္ဂါနေ့တိုင်းတွင် စစ်ဆေးနေသည့် ပုဒ်မ ၅၀၅ (ခ)၊ ကိုဗစ်ကာလမဲဆွယ်မှုဖြင့် သဘာဝဘေးဆိုင်ရာ ပုဒ်မ ၂၅ အမှုတို့ကို နှစ်ပတ်တစ်ကြိမ်ပြောင်း၍ စစ်ပေးရန် တရားခွင်သို့ ယနေ့ လျှောက်ထားသည်။
တရားသူကြီး ဦးမောင်မောင်လွင်က လာမည့်တစ်ပတ်ရုံးချိန်း (အောက်တိုဘာ ၁၂)တွင် အမိန့်ချရန်ရှိသည်။
လက်ရှိတွင် အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့တိုင်းတွင် ၅ မှု၊ ကြာသပတေးနေ့တိုင်းတွင် ၁ မှု၊ နှစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်းတွင် ၄ မှုတို့အတွက် နေပြည်တော်ရှိ သီးသန့်တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးနေသည်။ ကျန် ၁ မှုကို စစ်ကောင်စီက မည်သို့စီစဉ်မည်ကိုမူ မသိရသေးပါ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p