သတင်း

ထီးချိုင့်မြို့၊ အလယ်တောရွာရဲစခန်း မီးရှို့ဖျက်ဆီးခံရ 

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ အလယ်တောရွာရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၃) ည ၈ နာရီဝန်းကျင်တွင် မီးရှို့ရာ အဆောက်အအုံတစ်လုံးနှင့် ကားတစ်စီး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။  

“မနေ့ညက ရဲစခန်းကို မီးလာရှို့တာ။ ရဲစခန်းရဲ့ အလယ်ကောင်ရုံးအဆောက်အအုံကို မီးရှို့လိုက်တာ။ အဲ့ဒါနဲ့ကပ်လျက် ကားဝင်းထဲမှာ ရှိနေတဲ့ သိမ်းထားတဲ့ကားက ပေါက်ကွဲသွားတာ။ အဲ့ဒီမှာ လူနေတာလည်း မရှိဘူး။ ရဲလည်း မလာဘူး။ စစ်သားလည်း မလာဘူး။ ရဲစခန်းကို မီးရှို့ပြီး ပြန်ထွက်သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထီးချိုင့်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။  

ထီးချိုင့်မြို့နှင့် ၅ မိုင်ခန့်အကွာရှိ အဆိုပါ ရဲစခန်းတွင် မည်သူမျှ ရှိမနေကြောင်း၊ စခန်းမှ ရဲများမှာ ပြီးခဲ့သည့် လေးလခန့်ကတည်းက ထီးချိုင့်မြို့မရဲစခန်းသို့ သွားရောက်စုဝေးနေခြင်းဖြစ်ကြောင်း ထီးချိုင့်မြို့ဒေသခံများထံမှ သိရသည်။

အလယ်တောရွာရဲစခန်း မီးရှို့ခံရမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း ထီးချိုင့်မြို့မရဲစခန်းနှင့် လက်ရှိအချိန်ထိ ဖုန်းအဆက်အသွယ်မရရှိသေးပါ။  

မီးရှို့မှုဖြစ်စဉ်အပြီး ယနေ့မနက်ပိုင်းတွင် ထီးချိုင့်မြို့အတွင်း သိသာထင်ရှားသည့် ပြောင်းလဲမှုမရှိဟု သိရသည်။  

“လုံခြုံရေးအင်အား တအားတင်းကျပ်ထားတာတော့ မရှိဘူး။ တံတားဟိုဘက် မြတောင်ဘက်ကမ်းမှာတော့ စစ်တာတော့ ရှိတယ်။ အဲ့ဒီမှာတော့ ဂိတ်ချထားတယ်။ နေ့တိုင်းစစ်တယ်။ မနက်ကနေ ညနေ ၇ နာရီထိုးထိ စစ်တယ်။ ကားတွေ၊ ဆိုင်ကယ်တွေ တားပြီးစစ်တာ” ဟု အထက်ပါ ထီးချိုင့်ဒေသခံက ပြောသည်။  

ထီးချိုင့်နှင့် အနီးဝန်းကျင် မြို့များ

ဧရာဝတီမြစ်ဘေးတွင် တည်ရှိသော ထီးချိုင့်နှင့် အနီးဝန်းကျင် မြို့များတွင် PDF အဖွဲ့အများအပြား လှုပ်ရှားလျက်ရှိသည်။ 

ထီးချိုင့်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ စက်တင်ဘာလကုန် နောက်ဆုံးထားပြီး နုတ်ထွက်ကြရန် ထီးချိုင့်မြို့ ဒေသခံကာကွယ်ရေးအဖွဲ့က သတိပေးပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်ခဲ့ကြောင်း သိရသည်။ 

“မြို့ပေါ် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး အရှင်းခံရပြီးနောက်ပိုင်း အမှတ် ၂၊ ၃၊ ၄၊ ၅ ကလည်း အကုန်နုတ်ထွက်သွားတယ်။  မြို့ပေါ်အုပ်ချုပ်ရေးယန္တရားကတော့ ရပ်သွားပြီ။ နယ်တွေကလည်း တစ်ပြိုင်နက်တည်းနုတ်ထွက်ကြတော့ အုပ်ချုပ်ရေးယန္တရားကတော့ ရပ်သလိုဖြစ်သွားပြီ” ဟု ၄င်းဒေသခံက ပြောသည်။

ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်နေ့တွင် ကြေညာလိုက်ပြီးနောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်ရှိ မြို့နယ်များတွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ ပိုမိုများပြားလာသည်။  

စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဝင်းမနားကျေးရွာရဲစခန်းငယ်တစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ ပြန်လည်ခုခံသည့်အတွက် ဆုတ်ခွာခဲ့ရသည်။  

အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လုံလဲရ်ရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းတစ်ခုကို စက်တင်ဘာ ၁၁ ရက်နေ့တွင်ပင် ချင်းဒေသကာကွယ်ရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော်တို့ ပူးပေါင်းပြီး သိမ်းပိုက်ခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button