သတင်း

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ (အောက် တိုဘာ ၃) နံနက်ပိုင်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်တပ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခြင်းနှင့် အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီအဖွဲ့ဝင် ၆၁ ဦး သေဆုံးကာ ၎င်းတို့ဘက်မှ အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့နယ်အခြေစိုက် ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က ယနေ့ သတင်းထုတ်ပြန်ထားသည်။ 

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ်ရှိ ပုလဲ – ခင်အေးကားလမ်းပေါ်တွင် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း အဆိုပါအဖွဲ့က ယနေ့ မွန်းလွဲ ၃ နာရီတွင် ထုတ်ပြန်ခဲ့သည်။ 

“အဓိကတော့ မိုင်းခွဲတာပါ့။ ဒီကောင်တွေတက်လာတာကို မိုင်းလည်းဆွဲတယ်။ အပြန်အလှန်လည်း ပစ်ခတ်တယ်။ ရွာတွေနဲ့ ဝေးပါတယ်။ ရွာတွေနဲ့ နီးရင် ရွာတွေကို ဒုက္ခပေးကြလို့ ရွာတွေနဲ့ ဝေးတဲ့နေရာကို ရွေးလုပ်တာပါ” ဟု PRA ပြောရေးဆိုခွင့်ရှိသူ ကိုဂျပန်ကြီးဆိုသူက ယနေ့ ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။

ပုလဲမြို့နယ် ဝမ်းဘဲဂျိုင့်ရွာအနောက်ဘက် နှစ်မိုင်အကွာရှိ နဂါးမတောင်အနီးတွင် ယနေ့ နံနက် ၇ နာရီ ၇ နာရီဝန်းကျင်က ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦး ကျဆုံးခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ခွဲတွင်လည်း နဂါးမတောင်နှင့် ၈ မိုင်အကွာရှိ နတ်ထိပ်တောင် (ပုံတောင်) တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၈ ဦး ထပ်မံသေဆုံးခဲ့ကြောင်း PRA ၏ ထုတ်ပြန်ချက်က ဆိုသည်။ 

ပုလဲမြို့နယ်အတွင်း ယနေ့ဖြစ်ပွားသော တိုက်ပွဲများနှင့် နှစ်ဖက်ထိခိုက်သေဆုံးမှုများအပေါ် Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်အပြင် စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားသော တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်လေ့မရှိပေ။ 

အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီယာဉ်တန်းမှာ ပုလဲမြို့မှ ယောဒေသသို့ ဦးတည်မောင်းနှင်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကာ မကွေးတိုင်းအတွင်း ဝင်ရောက်လာခြင်း မရှိစေရန် စစ်ရေးပြင်ဆင်ထားသည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဘက်ကို ကျွံမလာအောင်တော့ ပွိုင့်တွေလုပ်ထားတယ်။ စစ်တပ်က သံချပ်ကာကား သုံးစီးနဲ့ အမြောက်ကားတွေလည်းပါတယ် ကြားတယ်” ဟု အဆိုပါ မြိုင် PDF အဖွဲ့ဝင်က ဆိုသည်။

တိုက်ပွဲကြောင့် နဂါးမတောင်နှင့် နတ်ထိပ်တောင်(ပုံတောင်) အနီးရှိ လူဦးရေတစ်ထောင်နှင့် ရှစ်ရာခန့်ရှိ ဝမ်းဘဲချိုင့်နှင့် ဝမ်းပြင်ရွာခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ 

“အခုက ပစ်သံတော့ မကြားရတော့ပါဘူး။ အခုက နတ်ထိပ်မှာ တပ်စွဲထားပြီး ရွာထဲကို ပစ်နေတယ်လို့ ကြားတယ်။ ပြေးနေကြရတော့ သေချာမသိရဘူး” ဟု ဝမ်းပြင်ရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် ပြည်နယ်နှင့် တိုင်းအချို့တွင် တိုက်ပွဲများဖြစ်ပွားနေရာ ပုလဲမြို့နယ်နှင့် ထိစပ်နေသော ယောဒေသလည်း အပါအဝင်ဖြစ်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button