
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် အစောင့်အကြပ်များပါ ထားရှိထားသည့် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ယနေ့ (အောက်တိုဘာ ၁) မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု တံတားဦးမြို့နယ်၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံက Myanmar Now ကို ပြောသည်။
မြို့မှ ၃ မိုင်ခန့်အကွာ သူငယ်တော်ကျေးရွာသုသာန်အနီးရှိ တာဝါတိုင်၏ ပတ်လည်ကာရံထားသည့် ခြံစည်းရိုးဝါးကပ်များကို မီးရှို့ကာ ဆက်သွယ်ရေးစက်များကို လက်လုပ်မိုင်းဖြင့် အဝေးမှ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဖောက်ခွဲရန် သွားရောက်စဉ် စစ်ကောင်စီအတွက် လုံခြုံရေးစောင့်ပေးနေသည့် အမျိုးသမီး ၃ ဦးကို တွေ့ရသဖြင့် နှင်ထုတ်ခဲ့ရသည်ဟု တံတားဦး PDF တာဝန်ခံ အမျိုးသားက ဆိုသည်။
ဖောက်ခွဲရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး “စစ်အာဏာရှင်ရဲ့ ထောက်တိုင်ဖြစ်တဲ့ Mytel တိုင်တွေကို ဖောက်ခွဲဖျက်ဆီးခြင်းအားဖြင့် စစ်ကောင်စီရဲ့ ဝင်ငွေတွေ လျော့ကျမယ်၊ ထိခိုက်မယ်။ ဝင်ငွေတွေ လျော့ကျလာတာနဲ့အမျှ သူတိုရဲ့စစ်ဆင်ရေးတွေမှာပါ လျော့လာအောင်”ဟု ၎င်းက ပြောသည်။
ဖောက်ခွဲပြီး နာရီဝက်ခန့်အကြာ စစ်ကား ၆ စီး ရောက်လာပြီး စစ်သားများက အနီးအနားကျေးရွာဖြစ်သော အိမ်ခြေ ၆၀၀ ရှိ သူငယ်တော်ကျေးရွာအတွင်း စစ်ဆေးခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။
“အပြင်က ဝင်းထရံတွေလည်း အကုန်လုံးမီးလောင်သွားတယ်။ အထဲက ပစ္စည်းတွေလည်း အကုန်လောင်သွားတယ်။ ပြီးတော့ နေ့လယ်က ပေါက်ကွဲသံ တော်တော်ကြီးကြီးလည်း ကြားလိုက်ရတယ်”ဟု ၎င်းက ဆိုသည်။
ယနေ့ ညနေပိုင်းတွင် စစ်သားများ ပြန်သွားကြပြီး ဖမ်းဆီးခံထားရသူမရှိကြောင်း ၎င်းက ဆက်ပြောသည်။
Mytel တိုင်များသည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန် ပိုင်ဆိုင်သော Pinnacle Asia ကုမ္ပဏီ၏ လုပ်ငန်းဖြစ်ကြောင်း Justice for Myanmar က ယမန်နေ့ (စက်တင်ဘာ ၃၀) က ထုတ်ပြန်ထားသည်။
စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၏ ကုမ္ပဏီခွဲဖြစ်သည့် Star High ကုမ္ပဏီ၏ စီးပွားရေးမိတ်ဖက်လည်းဖြစ်သည့် Pinnacle Asia ကုမ္ပဏီသည် ၂၀၂၁ အတွင်း Mytel တာဝါတိုင် ၄၀၀ အထိ ထပ်မံတိုးမြှင့်စိုက်ထူသွားရန် မျှော်မှန်းနေပြီး ထိုထပ်တိုးတာဝါတိုင်များကို စစ်တပ်က အသုံးပြုရန်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည်ဟုဆိုကာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အာဏာရှင်အလိုမရှိသော လူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီ သက်ဆိုးမရှည်စေရေးအတွက် ဝင်ငွေရလမ်းဖြတ်တောက်ရန် ကြိုးပမ်းလာကြသည်။
ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းမှစ၍ တော်လှန်ရေးအင်အားစုများက စစ်တပ်နှင့် အကျိုးစီးပွားဆက်စပ်နေသည့် Mytel တိုင်များကို မီးရှို့၊ ဖောက်ခွဲဖျက်ဆီးလာကြခြင်းဖြစ်ပြီး စက်တင်ဘာအထိ ဖျက်ဆီးခံလိုက်ရသည့် တာဝါတိုင် ၇၀ ထက်မနည်းရှိနေသည်။
ထိုသို့ခံရပြီးနောက်တွင် စစ်ကောင်စီတပ်သည် တာဝါတိုင်ဖျက်ဆီးခံရသည့် ဒေသမှ ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ လုံခြုံရေးအစောင့်ချခြင်းများ လုပ်ဆောင်လာသည်။
Mytel တာဝါတိုင်တချို့၏ အနီးပတ်လည်တွင်လည်း စစ်တပ်သုံး နင်းမိုင်းနှစ်လုံးကို ကြိုးဖြင့်သွယ်၍ ထောင်ထားသည်ကို တွေ့ရသည်ဟု ဖောက်ခွဲရေးလုပ်ဆောင်နေသည့် အဖွဲ့များထံမှ သိရသည်။
တာဝါတိုင်အနီး မိုင်ထောင်သည့်ကိစ္စနှင့် ပတ်သက်၍မူ စစ်ကောင်စီဘက်မှ တရားဝင်ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p