
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီက လူငယ်တစ်ဦးကို ဖမ်းဆီးကာ ငွေကျပ် ၁၆ သိန်း တောင်းယူကာ ပြန်လွှတ်ပေးခဲ့ပြီးနောက် ထပ်မံဖမ်းဆီးရန် ကြိုးပမ်းနေသဖြင့် အဆိုပါလူငယ်နှင့် မိဘဆွေမျိုးများ ထွက်ပြေးတိမ်းရှောင်နေရသည်။
တောင်သာမြို့နယ် မင်းရင်အုပ်စု၊ ထနောင်းရန်းကျေးရွာမှ အသက် ၂၆ နှစ်အရွယ် ကိုဇင်လင်းအောင် ဆိုသူလူငယ်မှာ PDF အဖွဲ့ဝင်ဖြစ်သည်ဆိုသော သံသယဖြင့် စက်တင်ဘာ ၁၇ ရက် ညပိုင်းက ဖမ်းဆီးခံရပြီးနောက် နှစ်ရက်အကြာတွင် ငွေကျပ် ၁၆ သိန်းဖြင့် မိသားစုက ရွေးယူခဲ့ရသည်။
ပိုက်ဆံပေးကာ ပြန်လွတ်လာသော်လည်း စစ်ကောင်စီက ထပ်မံဖမ်းဆီးရန် ကြိုးပမ်းလာသဖြင့် မိသားစုလိုက် တိမ်းရှောင်နေရသည်ဟု ကိုဇင်လင်းအောင်က Myanmar Now ကို ပြောသည်။
“ခုချိန်ထိ ပုန်းနေရတယ်။ မိသားစုလည်း တကွဲတပြားစီ။ ပြီးရင် ကျွန်တော့်မိန်းမဆို ဗိုက်ကြီးကြီးနဲ့ နေ့စေ့လစေ့ကြီး။ မွေးပြီလို့ သတင်းရတာလည်း သွားခွင့်လည်း မရှိဘူး။ ပြောချင်တာက သူတို့ကို ပြောဖို့စကားကို ပါးစပ်နဲ့ မတန်ဘူး။ ဒီလောက် ယုတ်မာရက်စက်ပြီးတော့” ဟု ၎င်းက ပြောသည်။
ငွေကျပ် ၁၆ သိန်းပေးကာ ရွေးယူရခြင်း
စက်တင်ဘာ ၁၇ ရက်၊ ည ၉ နာရီတွင် မောင်ဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခဲ့ပြီး နှစ်ရက်အကြာ စက်တင်ဘာ ၁၉ မွန်းလွဲ ၁ နာရီခန့်တွင် ငွေကျပ် ၁၆ သိန်း ပေးရမည်ဖြစ်ကြောင်း ဖုန်းဖြင့် အကြောင်းကြားခဲ့သည်ဟု ကိုဇင်လင်းအောင်၏ အစ်မဖြစ်သူက ပြောသည်။
ငွေပေးရွေးယူရန် သဘောတူပြီးနောက် ထိုနေ့ညနေပိုင်း၌ပင် တောင်သာမြို့ပြင်တစ်နေရာတွင် အရပ်ဝတ်စစ်သားတစ်ဦးက ဆိုင်ကယ်ဖြင့် ကိုဇင်လင်းအောင်ကို လာရောက်ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ (လုံခြုံရေးအရ ကိုဇင်လင်းအောင်၏ အစ်မအမည်ကိုမူ ဖော်ပြနိုင်ခြင်း မရှိပါ)
“အဲ့ဒီတုန်းက ထူပူပြီးတော့ ကိုယ့်ကလေး ပြန်လွတ်လာဖို့ သူတို့လက်ထဲကနေ ပြန်ရဖို့ပဲ အဲဒီစိတ်ပဲ တစ်ခုရှိတာ။ သူတို့က ပိုက်ဆံသာပေးလိုက်၊ ကလေးပြန်ရစေရမယ်ဆိုပြီး အဲဒီလို အလဲအလှယ်လုပ်တဲ့သဘော လုပ်ရတာ” ဟု ကိုဇင်လင်းအောင်၏ အစ်မက ပြောသည်။
ကိုဇင်လင်းအောင် စတင်ဖမ်းဆီးခံရစဉ်က ထနောင်းရန်းကျေးရွာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြိမ်ကြိမ် အကူအညီတောင်းခံခဲ့သော်လည်း ကူညီပေးခြင်း မရှိဟု ဆိုသည်။
တောင်သာမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားရာ စာသင်ကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားစဉ် “မင်းကြောင့် ဒုက္ခရောက်တာ” ဟု ပြော၍ စစ်သားများက သေနတ်ဒင်ဖြင့် ထုကာ၊ ခြေထောက်ဖြင့် ကန်ကျောက်ခဲ့ကြသည်ဟု ကိုဇင်လင်းအောင်က ဆိုသည်။
ချုပ်နှောင်ခံထားရစဉ် မိသားစုတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ၊ လက်နက်ကိုင်ဖောက်ခွဲရေးလုပ်ငန်းများတွင် ပါဝင်ခြင်းရှိမရှိ စစ်မေးခဲ့ကြောင်း၊ လက်ကိုင်ဖုန်းကိုလည်း စစ်ဆေးခဲ့သည်ဟု ဆိုသည်။ ထို့ပြင် မျက်လုံးကို စည်းထား၍ ဒူးထောက်ထိုင်ခိုင်းခြင်း၊ သိုးနေသော ထမင်းဟင်းသာ စားခဲ့ရသည်ဟု ကိုဇင်လင်းအောင်က ပြောသည်။
ထနောင်းရန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းကမူ ကိုဇင်လင်းအောင်မှာ လက်နက်ကိုင်ဗုံးဖောက်ခွဲရေးလုပ်ငန်းများတွင် ပါဝင်သည်ဟု နာမည်ထွက်ခြင်း မရှိဘဲ ၎င်းတို့ရွာတွင်လည်း ဒလန်အသတ်ခံရခြင်း၊ စစ်တပ်က ဝင်စီးခြင်း၊ ဗုံးပေါက်ကွဲခြင်းများ မရှိဟု Myanmar Now ကို ပြောသည်။
ကိုဇင်လင်းအောင်တို့ တစ်မိသားစုလုံး ထွက်ပြေးတိမ်းရှောင်နေရသည်ကို သိရှိသော်လည်း ငွေပေး၍ လဲလှယ်ရခြင်းကို မသိရှိကြောင်း၊ အရပ်ပြောစကားများသာ ကြားသိရကြောင်းလည်း ဦးခင်မောင်ဝင်းက ဆိုသည်။
တစ်မိသားစုလုံး ထွက်ပြေးရခြင်း
ကိုဇင်လင်းအောင် လွတ်မြောက်ပြီး နောက်တစ်ရက်ဖြစ်သည့် စက်တင်ဘာ ၂၀ တွင် ထနောင်းရန်းရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာကာ ၎င်း၏ မိဘများနေထိုင်ရာ အိမ်နှင့် အစ်မဖြစ်သူ၏ အိမ်တို့ကို မွှေနှောက်ရှာဖွေခဲ့သည်ဟု ဆိုသည်။
ထိုနေ့က ကိုဇင်လင်းအောင်မှာ တိမ်းရှောင်နေ၍ ထပ်အဖမ်းမခံရသော်လည်း မိဘများနေအိမ်ရှိ ငွေ ကျပ် ၂၈ သိန်းတန်ဖိုးရှိ ဆိုင်ကယ်တစ်စီးနှင့် ၇ သိန်းတန်ဆိုင်ကယ်တစ်စီးအပြင် အိမ်ထောင်စုဇယားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားခဲ့သည်။
“ကျွန်တော့်အဖေကိုလည်း ကျွန်တော့်ကို နောက်နေ့ ခေါ်ပေး၊ ခေါ်မပေးရင် အကြောင်းသိမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်” ဟု ကိုဇင်လင်းအောင်က ပြောသည်။
ထိုနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်သွားပြီးနောက် ကိုဇင်လင်းအောင်၏ အသက် ၆၀ အရွယ် မိဘနှစ်ပါးနှင့် ညီတစ်ဦး၊ အစ်မဖြစ်သူမိသားစုတို့ တိမ်းရှောင်ကြရသည်။
ကိုဇင်လင်းအောင်မှာလည်း လက်ရှိတွင် ဇနီးသည်နှင့်အတူ ၂ နှစ်အရွယ် သမီးဖြစ်သူတို့နှင့် တကွဲတပြားစီဖြစ်နေပြီး ကိုယ်ဝန်အရင့်အမာရှိသည့် ဇနီးသည်မှာ စက်တင်ဘာ ၂၃ က သမီးလေးမွေးဖွားခဲ့သော်လည်း တွေ့ဆုံခွင့်မရသေးကြောင်း သိရသည်။
“PDF နဲ့ ကျွန်တော် ခုချိန်ထိ အဆက်အသွယ်မရှိဘူးခင်ဗျ။ ဒါပေမဲ့ အခုလိုမျိုး ပုံစံမျိုးဆိုတော့ ဆက်သွယ်ချင် ဆက်သွယ်ဖြစ်လိမ့်မယ်ခင်ဗျ။ အစပိုင်းတော့ သူတို့ ကျွန်တော့်ကို လာဖမ်းချိန်တုန်းက စလို့ အဆက်အသွယ်မရှိဘူး။ အခုလောလောဆယ်တော့ အမှန်အတိုင်းပြောရရင် အဆက်အသွယ်ရှာပြီးတော့ တကယ်ကို ဆက်သွယ်ပြီးတော့ အဲဒီလို လုပ်ရင်လုပ်ဖြစ်မှာ” ဟု ကိုဇင်လင်းအောင်က ပြောသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p