သတင်း

ချင်းနှင့်မကွေးမှ မြို့နယ် ၁၁ ခု အင်တာနက်ဖြတ်တောက်ခံရ

စစ်ရေးပြင်းထန်နေသည့် နယ်မြေများဖြစ်သော မကွေးတိုင်းနှင့် ချင်းပြည်နယ်ရှိ မြို့နယ် ၁၁ ခုတွင် ယမန်နေ့ (စက်တင်ဘာ ၂၃) ညနေ ၆ နာရီခန့်မှစ၍ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်လိုက်သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ဂန့်ဂေါ၊ မြိုင်၊ ထီးလင်း စသည့် မကွေးတိုင်းထဲမှ မြို့များ၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်နှင့် ပလက်ဝ စသည့် ချင်းပြည်နယ်ထဲမှ မြို့များဖြစ်သည်။

ထန်တလန်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရပြီး လက်ထပ်လက်စွပ် ဝတ်ဆင်ထားသည့် ဘယ်ဘက်လက်သူကြွယ် ဖြတ်တောက်ခံထားရသည့် ဖြစ်ရပ်မှာ ပြည်တွင်းပြည်ပ သတင်းစာမျက်နှာများပေါ်သို့ ချက်ချင်းရောက်ရှိပြီး အများသိခဲ့ရခြင်းမှာ အင်တာနက်မှ သတင်းစီးဆင်းမှု အားကောင်းခြင်းကြောင့် ဖြစ်သည်။

လက်ရှိအခြေအနေကြောင့် ဒေသခံတို့ သတင်းရရှိရန်၊​ ပေးပို့ရန် လွယ်ကူတော့မည်မဟုတ်ဟု စစ်ကောင်စီတပ်၏ ရန်ကြောင့် အမည်မဖော်လိုသော မင်းတပ်မြို့ဒေသခံတစ်ဦးက ပြောသည်။ 

“စက်တင်ဘာ ၂၂ က မင်းတပ်မြို့ပေါ်မှာ (တိုက်ပွဲ) ဖြစ်တယ်။ အခုတော့ လိုင်းဖြတ်ပြီဆိုတော့ မလွယ်တော့ဘူး ထင်တယ်။ အင်တာနက်လိုင်းဖြတ်ပြီးရင် ဖုန်းလိုင်းလည်းဖြတ်မယ်။ အဲ့လိုဆိုရင်တော့ မလွယ်လောက်ဘူး ထင်တယ်” ဟု ထိုသူက ဆိုသည်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင်မူ ယနေ့ မနက်အထိ အင်တာနက်အသုံးပြုနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ၎င်းကို ဆန့်ကျင်ပြီး လက်နက်ကိုင်တော်လှန်နေသည့်ဒေသများအနက် ကချင်ပြည်နယ်မှ ဖားကန့်မြို့ ကို ဩဂုတ်လအတွင်း အင်တာနက်ဖြတ်ခဲ့သည်။

မြန်မာနိုင်ငံ အထက်ပိုင်းမြို့များဖြစ်သော မန္တလေးတိုင်းမှ မြင်းခြံ၊ မိုးကုတ်၊ မကွေးတိုင်းမှ တောင်တွင်းကြီး၊ စစ်ကိုင်းတိုင်းမှ အရာတော်၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ရေဦး၊ တန့်ဆည်၊ ဘုတလင်တို့ကို စက်တင်ဘာ ၁၄ မှစ၍ ကန့်သတ်၊ ဖြတ်တောက်ထားသည်။ 

ထို့နောက် ယင်း ၁၁ မြို့နယ်အတွင်း စစ်ကောင်စီတပ်အင်အားချထားခြင်း၊ ဆန္ဒပြပြည်သူတို့ကို ပိုမိုဖမ်းဆီးခြင်း စသည့်လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ခဲ့သည်။  

လက်ရှိတွင် ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကချင်ပြည်နယ် တို့မှ အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်ပေါင်း ၂၂ မြို့နယ်ထိ ရှိလာပြီဖြစ်သော်လည်း စစ်ကောင်စီက ဤအခြေအနေကို သတင်းထုတ်ပြန်ခြင်း မရှိပေ။ 

ထိုသို့ ဖြတ်တောက်လိုက်သည့်အတွက် စစ်ရေးအရ အရှိန်မြှင့်လာနိုင်သည်ဟု ယနေ့ Myanmar Now က ဆက်သွယ်မေးမြန်းသော ချင်းပြည်နယ်နှင့် မကွေးတိုင်းမြို့နယ်တချို့ရှိ ဒေသခံတို့က ယူဆနေကြသည်။ 

အင်တာနက်ဖြတ်ခြင်းမှာ သတင်းစီးဆင်းမှုကန့်သတ်လိုသောကြောင့် ဖြစ်မည်ဟု ယုံကြည်ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မင်းတပ်မြို့ပေါ်မှာ သွားရောက် ချောင်းမြောင်းပစ်တာ နှစ်ကြိမ်၊ သုံးကြိမ်ရှိလာပြီဆိုတော့ ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်လာမှာကို ကြောက်လို့ပဲ ကြိုတင်လက်ဦးမှုရယူထားသလားပေါ့။ သတင်းအချက်အလက်စီးဆင်းမှု ဖြတ်တောက်ရင်းပေါ့။ ဒါမှမဟုတ်ရင်လည်း သူတို့ကပဲ လက်ဦးမှုရယူပြီး ထိုးစစ်ဆင်မှာလား။ ရန်သူကို သတင်းအချက်အလက်အားနည်းအောင်လုပ်ပြီးမှ ထိုးစစ်ဆင်မယ်ဆိုပြီး စိတ်ကူးထားသလားဆိုတာ အခြေအနေတော့ စောင့်ကြည့်ရမှာပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။  

“အင်တာနက်လိုင်း ကျရုံလောက်ကတော့ လည်ပတ်လို့ ရဦးမယ်။ ဖုန်းလိုင်းတွေသာ လုံးဝဖြတ်တောက်လိုက်မယ်ဆိုရင်တော့ တော်တော်လေးတော့ အကျပ်အတည်းရောက်ကုန်တော့မှာပဲ။ တကယ့်နည်းပညာတွေအပေါ် အများကြီးအားကိုးပြီး ပြောက်ကျားတိုက်ပွဲတွေ ဆင်နွှဲနေတာမဟုတ်ဘူး။ မြေပြင်အခြေအနေမှာပဲ လှုပ်ရှားသွားလာနေတဲ့သူတွေဆိုတော့ အများကြီးတော့ ထိခိုက်မှုမရှိဘူး။ ဆက်သွယ်ရေး နှောင့်နှေးကြန့်ကြာတာမျိုးတော့ ရှိနိုင်တာပေါ့” 

စစ်ကောင်စီကို အပြင်းအထန်တိုက်ခိုက်နေသည့် ချင်းပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းရာ ယောဒေသဖြစ်သည့် ဂန့်ဂေါ၊ မြိုင်နှင့် ထီးလင်းမြို့နယ်တို့တွင် ယမန်နေ့မှစ၍ အင်တာနက်ဖြတ်တောက်ခံရသော်လည်း ၎င်းတို့အပေါ် သက်ရောက်မှုအနည်းငယ်သာရှိကြောင်း ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“သူတို့(စစ်တပ်) မနိုင်လို့ ဖြတ်တာပဲလေ။ တော်လှန်ရေးအင်အားစုတွေအပေါ်တော့ သက်ရောက်မှုတော့ မရှိပါဘူး။ ဒီလိုမျိုး ဖြတ်တောက်တာကတော့ သူတို့လုပ်ရိုးလုပ်စဉ်ပါပဲ။ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်မှာပဲ” ဟု YDF တာဝန်ရှိသူက ဆိုသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အင်တာနက်လွတ်လပ်ခွင့်အခြေအနေမှာ ယခင်နှစ်ကထက် ၁၄ ဆင့် ကျဆင်းသွားပြီး လေးနှစ်အတွင်း အဆင့်အများဆုံး ကျဆင်းခဲ့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်သည့် Freedom House အဖွဲ့၏ “၂၀၂၁ ခုနှစ်အတွင်း အွန်လိုင်းလွတ်လပ်မှုအကဲဖြတ်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများပြင်းထန်နေစဉ် ရခိုင်မြောက်ပိုင်း ၈ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို စစ်တပ်၏ အလိုအတိုင်း ၂၀၂၀ မေ အထိ တစ်နှစ်ခန့် အင်တာနက်ဖြတ်တောက်ခဲ့ပြီး ထိုဒေသများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်လမ်းကြောင်းပေါ်မှ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ နေအိမ်များ မီးရှို့ခံရခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်ရပ်များ သတင်းထွက်ပေါ်မှု နှောင့်နှေးခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button