သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရလျှို့ဝှက်ချက်အမှု တရားခွင်စတင်

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၄နှစ်အထိ ချနိုင်သည့် လျှို့ဝှက်ချက်အက်ဖြင့် တရားစွဲထားသည့် အမှုကို နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံး၌ ယနေ့(စက်တင်ဘာ ၂၃) တွင် စတင်ကြားနာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် စီးပွားရေးအကြံပေးလုပ်ခဲ့သူ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်လ် (Sean Turnell) ကို အဓိကတရားခံနေရာထား၍ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရအဖွဲ့ဝင် သုံးဦးကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

ထိုအမှုကို နေပြည်တော်သို့ ပြောင်း၍ စစ်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စက်တင်ဘာ ၁၄ တွင် အမိန့်ချခဲ့ပြီးနောက် တရားသူကြီး ဦးရဲလွင် ရုံးထိုင်သည့် ဒက္ခိဏခရိုင်တရားရုံးက ယနေ့ ပထမဆုံးအကြိမ် ကြားနာခြင်းဖြစ်ပြီး နံနက် ၁၀ နာရီတွင် စတင်သည့် တရားခွင်မှာ နာရီဝက်ခန့်သာ ကြာမြင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

နေပြည်တော်၌ ရှိနေပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်း အများက မသိရသည့် အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ တရားခွင်ကြားနာမှုကို Video Conferencing ဖြင့်သာ တက်ရောက်ခွင့်ရခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ရှောင်တာနယ်လ်၊ NLD အစိုးရလက်ထက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများဖြစ်သည့် ဦးကျော်ဝင်း၊ ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်တို့ လေးဦးကို ဗစ်နိုင်တင်းကာကွယ်ရေးဝတ်စုံအပြည့်အစုံဖြင့် စစ်ကောင်စီက တရားခွင်သို့ ခေါ်ဆောင်လာကြောင်း ဦးခင်မောင်ဇော်ထံမှ သိရသည်။

အထက်ပါ လေးဦးစလုံးမှာ မူလက ရန်ကုန်၊ အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသူများဖြစ်ပြီး ယခုအခါ နေပြည်တော်အချုပ်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်လိုက်ပြီဟု ယူဆရကြောင်း ၎င်းက ခန့်မှန်းသည်။

“အချုပ်ထောင်ကပဲ လာတာဖြစ်လိမ့်မယ်။ ကျွန်တော်တို့လည်း သေချာမေးခွင့်မရဘူး။ သူတို့ (PPE) ဝတ်စုံကြီးတွေနဲ့ ဝတ်ပြီးလာတာဗျ”ဟု ဦးခင်မောင်ဇော်က ပြောသည်။

ယနေ့ရုံးချိန်းမစမီတွင် စွပ်စွဲခံရသည့် အမှုသည်များကို သက်ဆိုင်ရာ ရှေ့နေများ၊ မိသားစုဝင်များနှင့် သီးသန့်တွေ့ခွင့်မပြုခဲ့ကြောင်း၊ လာမည့် တစ်ပတ်ရုံးချိန်း (စက်တင်ဘာ ၃၀) တွင် အမှုသည်နှင့် ရှေ့နေတွေ့ခွင့်၊ ရှောင်တာနယ်လ်အတွက် စကားပြန်ထားခွင့်ပြုမပြု စသည့် ကိစ္စများကို ကြားနာမည်ဟု တရားသူကြီးက ပြောကြောင်း ၎င်းထံမှ သိရသည်။

Video မှသာ တစ်ဆင့်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို မခန့်မှန်းနိုင်သော်လည်း တရားခွင်၌ မြင်ခဲ့ရသည့် ရှောင်တာနယ်လ်အပါအဝင် လေးဦးစလုံးမှာ ပင်ပန်းနွမ်းနယ်နေပုံရကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

ထို့အတူ ယနေ့တရားခွင်ကို တရားသူကြီး ဦးရဲလွင်က အကန့်အသတ်များထား၍ ကိုင်တွယ်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်လေးဦးစလုံး စကားပြောခွင့်မရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“တရားသူကြီးက တစ်ယောက်ကို တစ်သံပဲ ပြောခွင့်ပေးမယ်ဆိုတာမျိုး၊ နည်းနည်းလေး မာရေကျောရေရှိတယ်ဗျ။ တရားခံပြောမလား၊ ရှေ့နေပြောမလား ဒါမျိုးပေါ့ဗျာ”ဟု ဦးခင်မောင်ဇော်က ပြောသည်။

ထို့အတူ ဦးကျော်ဝင်း၏ ရှေ့နေ(အမည်မသိရသေး) မှာ ကိုဗစ်ကပ်ရောဂါကာလ အသွားအလာကန့်သတ်ထားသည့် ရန်ကုန်မြို့မှ လာသူဖြစ်၍ နေပြည်တော်က ဝင်ခွင့်မပြု၍ ပြန်လှည့်သွားရသည်ဟု ၎င်းထံမှ သိရသည်။

အမှုကိစ္စ အသေးစိတ်အကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးခင်မောင်ဇော်က ထုတ်ဖော်ပြောဆိုလိုခြင်းမရှိပေ။ ထို့အတူ ရှောင်တာနယ်လ်အပါအဝင် လေးဦးစလုံး၏ ရှေ့နေများနှင့်လည်း ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။

ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်ကို စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပုဒ်မတစ်ခုဖြင့်ပါ သီးခြားအမှုဖွင့်ထားပြီး ဒက္ခိဏခရိုင်တရားရုံး၌ပင် စစ်ဆေးနေသည်ဟု သိရသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပါ။

ဖေဖော်ဝါရီမှ စက်တင်ဘာ ၁၄ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားစွဲထားသည့် ပုဒ်မများ။ (ဒီဇိုင်း – Myanmar Now)

ဖေဖော်ဝါရီ ၁ အာဏာမသိမ်းမီကပင် ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မပေါင်း ၁၁ ခုဖြင့် အမှုဖွင့်ထားပြီးဖြစ်သည်။

ထိုအထဲမှ ၉ မှုကို နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံး၌ အပတ်စဉ် တနင်္လာ၊ အင်္ဂါ တွင် ၅မှု၊ နှစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်းတွင် ၄ မှု ရုံးထုတ်စစ်ဆေးနေသည်။

ကျန် ၂ မှုအနက် အထက်ပါ အစိုးရလျှို့ဝှက်အက်ဥပဒေပါ ပုဒ်မကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်တွင် စွဲဆိုထားသည့် အဂတိ ၁ မှု ကို စစ်ကောင်စီက မည်သို့စီစဉ်မည်ကို အတည်မပြုနိုင်သေးပါ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Related Articles

Back to top button