
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်သော စာနှစ်စောင်ကို အကြောင်းပြု၍ နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်ရှိ အထူးတရားရုံးက ယနေ့(စက်တင်ဘာ ၂၁) တွင် စွဲချက်တင်လိုက်သည်။
ထိုစာများမှာ ၎င်းတို့ ဖမ်းခံရပြီးနောက်ပိုင်းမှ ပါတီက ထုတ်ပြန်ခြင်းဖြစ်သည်။
“စွပ်စွဲခံရသူ သုံးဦးစလုံးက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်တို့ဘက်မှ ငါးဦးပါ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က ပြောသည်။
နေပြည်တော်ကောင်စီဝင်း၌ သီးသန့်ဖွင့်ထားပြီး ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်ရုံးထိုင်သည့် အထူးတရားရုံးက ဇွန် ၇ မှစ၍ ထိုအမှုတွင် တစ်ပေါင်းတည်းစွဲဆိုခံထားရသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးအောင်တို့ကို စစ်ဆေးနေသည်။
စွပ်စွဲခံရသူ သုံးဦးစလုံးက ရှေ့နေတစ်ဖွဲ့တည်းဖြင့် အမှုကို ရင်ဆိုင်နေကြပြီး တရားရုံးက ထောင်၂ နှစ်အထိ ချနိုင်သည့် ပုဒ်မဖြင့် ယနေ့ စွဲချက်တင်ပြီးချိန်တွင် သက်သေနှစ်ဦးကို ပြန်ခေါ်၍ စစ်ရန် တရားရုံးသို့ လျှောက်ခဲ့ရာ တရားသူကြီးကလည်း လက်ခံသည်။
“စွဲချက်တင်လိုက်တဲ့ အမိန့်အပေါ်တော့ သက်ရောက်မှုမရှိပါဘူး။ စွဲချက်တင်တဲ့အမိန့်က သက်သက်ချလိုက်တဲ့အတွက် စွဲချက်တင်ပြီးပြီလို့ပဲ မှတ်ယူလို့ရပါတယ်။ ကျွန်မတို့(စွပ်စွဲခံရသူ)ရဲ့ အခွင့်အရေးအရ ပြန်ခေါ်သက်သေတွေကို စစ်ဆေးဖို့ ရှိတာပါရှင့်” ဟု ရှေ့နေအဖွဲ့ဝင် ဒေါ်မင်းမင်းစိုးက ပြောသည်။
တိုင်ကြားသူ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေနှင့် အမှုကိုင်ရဲအုပ် သန်းအေးတို့ကို ပြန်ခေါ်သက်သေအဖြစ် စစ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်မှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် မည်သည့်အတွက် ပြန်လည်စစ်ဆေးလိုသည်ကိုမူ ရင်ဆိုင်နေဆဲအမှုကိစ္စဖြစ်၍ ရှေ့နေအဖွဲ့က မပြောလိုဟု ဆိုသည်။
ပထမဆုံးရုံးထုတ်ကြားနာသည့် ဇွန်လက ရက်ပေါင်း ၁၈၀ (၃လ) အတွင်း အပြီးစစ်မည်ဟု တရားရုံးက သတ်မှတ်ထားသည့် ထိုအမှုမှာ စစ်ကောင်စီ၏ ကိုဗစ်အကြောင်းပြ ရုံးပိတ်ရက်များကြောင့် သတ်မှတ်ချိန်ကို ကျော်လွန်ခဲ့ရပြီး ၃လကျော်ကြာမှ စွဲချက်တင်သည့်အဆင့်သို့ ရောက်လာသည်။
စွဲချက်မတင်မီအတွင်း ဒေါ်အောင်ဆန်းစုကြည်တို့ ရှေ့နေအဖွဲ့၏ ကန့်ကွက်မှုမှန်သမျှကို တရားရုံးက ပယ်ချခဲ့ဖူးသည်။
ယင်းအမှုနှင့် စပ်လျဉ်း၍ စစ်ကောင်စီက တင်သွင်းထားသည့် အဓိကသက်သေခံစာနှစ်စောင်မှာ ဖေဖော်ဝါရီ ၇၊ ၁၃ တို့တွင် NLD က ထုတ်ပြန်သည့် ကြေညာချက်များ ဖြစ်သည်။
ထို့ကြောင့် ဖေဖော်ဝါရီ ၁ အာဏာသိမ်းကြောင်း မကြေညာမီ၌ပင် ဖမ်းခံထားရသည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင် တို့နှင့် မသက်ဆိုင်ဟု စွပ်စွဲခံရသူနှင့် ၎င်းတို့၏ ရှေ့နေများက ရပ်ခံထုချေနေခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အထူးတရားရုံးတွင် အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့တိုင်းတွင် ၅မှု ရုံးထုတ်စစ်ဆေးခံနေရသည်။ လာမည့် အောက်တိုဘာ ၁ရက်မှစ၍ နှစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်းတွင်လည်း မန္တလေးတိုင်းတရားလွှတ်တော်မှ တရားသူကြီးတစ်ဦးက နေပြည်တော်အထူးတရားရုံးသို့ လာစစ်မည့် အဂတိမှု ၄မှု ကို ရင်ဆိုင်ရဦးမည်ဖြစ်သည်။
ထို့ပြင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီက အမှုဖွင့်ထားသည့် ထောင် ၁၄နှစ်ချခံရနိုင်သော နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အမှု ၁မှု နှင့် ရန်ကုန်မြို့ ဗဟန်းရဲစခန်းတွင် အမှုဖွင့်ထားသည့် အဂတိမှု ၁မှုတို့လည်း ရှိနေသေးပြီး မည်သို့စစ်ဆေးမည်ကို တိကျစွာ မသိရသေးပေ။
“(အဂတိမှုတွေ) အကြမ်းဖျင်းကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တယ်လို့ ပြောလို့ရပါတယ်။ အမှုတွဲကို ဖတ်လည်းမကြည့်ရသေး၊ မိတ္တူကူးခွင့်လည်းမရသေးလို့ အတိအကျတော့ ပြောလို့မရသေးပါဘူး”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။
ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်နှင့် NLD အစိုးရလက်ထက် ဝန်ကြီး ၂ဦး၊ ဒုဝန်ကြီး ၁ဦးကိုပါ စစ်ကောင်စီက တစ်ပေါင်းတည်း အမှုဖွင့်ထားသည့် နိုင်ငံတော်လျှို့ဝှက်ချက်အက်အမှုကိုမူ နေပြည်တော်သို့ ပြောင်း၍ စစ်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယနေ့(စက်တင်ဘာ ၁၄)တွင် အမိန့်ချပြီးဖြစ်သည်။
“(ရှောင်တာနယ်နှင့်အမှု) အမှုတွဲတွေကိုပါ (နေပြည်တော်မှာ) စစ်မယ်လို့ ပြောပေမဲ့ အတိအကျတော့ မသိသေးဘူး”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။
သို့သော် ထိုအမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂၃တွင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးသို့ လာရန် ဆင့်ခေါ်ခံထားရသဖြင့် မကြာမီ အတိအကျသိနိုင်မည်ဟု ရှေ့နေအဖွဲ့က မျှော်လင့်ထားကြသည်။
ကျန်းမာရေးကောင်းမွန်နေသည့် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့(စက်တင်ဘာ ၂၀) နေပြည်တော်အထူးတရားရုံးတရားခွင်မစမီ နာရီဝက်ခန့်တွေ့ရချိန်တွင် “ပြည်သူ့ဆန္ဒနှင့် မည်သည့်အခါမျှ မဆန့်ကျင်ဟု” ပြောခဲ့ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။
စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများရှိသည်၊ လက်နက်ကိုင်တော်လှန်သည့် နည်းလမ်းကို လက်မခံ စသဖြင့် Facebook ပေါ်တွင် မကြာခဏထွက်ပေါ်နေသည့် ကောလာဟလများကို ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုခြင်း ဖြစ်သည်ဟု ဆိုသည်။
NLD အစိုးရလက်ထက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းနေသူ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက စွဲဆိုထားသည့် အမှုပေါင်း ၁၁ မှု ရှိနေပြီ ဖြစ်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p