သတင်း

နေပြည်တော်ရှိ စစ်ဆေးရေးဂိတ်တစ်ခု ထပ်မံဖောက်ခွဲခံရ၊ ရဲနှစ်ဦးဒဏ်ရာရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အင်ပု (ဒေသအခေါ်) မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်ကို ယနေ့ (စက်တင်ဘာ ၂၀) နံနက် ၁၀ နာရီခန့်တွင် ဖောက်ခွဲခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) က ထုတ်ပြန်သည်။

ထိုဖောက်ခွဲမှုတွင် ရဲဝန်ထမ်းသုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု နေပြည်တော်အခြေစိုက် PDF အဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသော်လည်း ရဲနှစ်ဦးသာ ဒဏ်ရာရကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

ပေါက်ကွဲမှုဖြစ်ချိန်၌ ရဲဝန်ထမ်းနှစ်ဦးသာရှိပြီး မျက်နှာပြတ်ရှဒဏ်ရာ၊ ရင်ဘတ်ထိမှန်ဒဏ်ရာများ ရသွားသည်ကို တွေ့ရကြောင်း၊ ဂိတ်အပြင်တွင် ရှိနေသည့် ရဲအချို့(အရေအတွက်မမှတ်မိ)က ပေါက်ကွဲမှုဖြစ်ချိန်တွင် မြေပေါ်မှောက်ချကာ လမ်းသွားလမ်းလာများဘက်သို့ သေနတ်ဖြင့် ချိန်ခဲ့ကြောင်း၊ ပစ်ခတ်မှုမရှိကြောင်း အဆိုပါအမျိုးသမီးက ဆိုသည်။ 

ဖြစ်စဉ်နှင့် ပတ်သက်၍ လယ်ဝေးမြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနေသော်လည်း လက်ခံဖြေကြားခြင်း မရှိသဖြင့် အသေးစိတ်မသိရပေ။ 

ယခုပေါက်ကွဲမှုသည် စစ်ခေါင်းဆောင်များအခြေချရာ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပစ်မှတ်ထားသည့် လေးကြိမ်မြောက်တိုက်ခိုက်ခြင်းဖြစ်သည်။

ယခု စက်တင်ဘာလဆန်းပိုင်းအတွင်း လယ်ဝေးမြို့နယ်၊ ရှမ်းစုစစ်ဆေးရေးဂိတ်ကို နေပြည်တော် PDF က ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ဒုရဲအုပ်တစ်ဦး မျက်လုံးဖောက်ဝင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သလို ဥတ္တရသီရိမြို့နယ် မောင်ရမ်းကျေးရွာအုပ်စုနေ စစ်ကောင်စီသတင်းပေးဟု ကျော်ကြားသူ အများသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ပျဉ်းမနားမြို့နယ်အတွင်း ဩဂုတ် ၃၀ ရက်က ပထမဆုံးအကြိမ်အဖြစ် စစ်ယာဉ်တန်းတိုက်ခိုက်မှုတွင် စစ်သား ၁၁ ဦး သေဆုံးခဲ့သည်မှာ အအောင်မြင်ဆုံးဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) က ပြောထားသော်လည်း စစ်ကောင်စီကမူ ပြည်တွင်းမီဒီယာအချို့ထံ ငြင်းဆိုထားသည်။

နေပြည်တော်၌ စစ်ကောင်စီကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားရန် ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်သူ ဗိုလ်ငွေစိုးက ပြောသည်။ 

“ကြီးမားတဲ့ ဖောက်ခွဲမှုတွေ နေပြည်တော်မှာ ဆက်တိုက်လာဦးမှာကို ပြင်ဆင်ဆောင်ရွက်နေတယ်။ လုံခြုံရေးအင်အား တအားတင်းကျပ်နေတဲ့အတွက် သတိထားပြီးပြင်ဆင်နေတယ်။ မကြာမီလာမည်လို့ပဲ ပြောချင်ပါတယ်”ဟု ဗိုလ်ငွေစိုးက ပြောသည်။

လက်ရှိတွင် နေပြည်တော်၌ စစ်ကောင်စီတပ်ဖွဲ့များက စစ်ဆေးမှုများ တင်းကျပ်စွာလုပ်ဆောင်နေကြောင်း ဒေသခံ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

“အရင်တုန်းကဆိုလို့ရှိရင် ကျွန်တော်က ဒီရပ်ကွက်ပါဆိုရင် လွှတ်ပေးလိုက်တာမျိုး။ သွားသွားသွား ဆိုတာမျိုး။ အခုကတော့ ဝင်ထွက်ခွင့်ကတ် ပြကို ပြရတယ်။ တစ်ယောက်တည်း ပြရုံနဲ့မရဘူး။ နောက်က လူတွေရော အကုန်ပြတဲ့။ ကိုယ်စီကိုယ်စီကို ပါဖို့လိုလာတယ်။ ဆိုင်ကယ်သမားတွေဆို ပိုဆိုးတယ်။ ပြန်လှည့်ခိုင်းတာမျိုး။ အဲဒီမှာ ခက်တာက ရွာက အုပ်ချုပ်ရေးမှူးတွေကလည်း လူစေ့လုပ်မပေးနိုင်ဘူး” ဟု ၎င်းက ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button