သတင်း

သေနတ်သမားကြည်လင်းကို နှစ်ဖက်ရှေ့နေများ စစ်မေးခွင့်ရမည် မဟုတ်

(ရန်ကုန်) — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံခဲ့သည့် ကြည်လင်းက ၎င်းသည် တရားခံအနေဖြင့် အစစ်အဆေးခံမည်ဟု ပြောခြင်းကြောင့် နောက်တစ်ပတ်ရုံးချိန်းတွင် ၎င်းကို စစ်မေးသည့်အခါ နှစ်ဖက်ရှေ့နေများက စစ်မေးခွင့်ရတော့မည်မဟုတ်ဟု နှစ်ဖက်ရှေ့နေတို့က ပြောသည်။

ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၄၂ (၁-က) နှင့် (ခ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြောက်ပိုင်းခရိုင်တရားရုံး တရားသူကြီး အထူးခုံရုံးဥက္ကဋ္ဌ ဦးခင်မောင်မောင်က ကြည်လင်းအား သက်သေအဖြစ် အစစ်ခံမည်လား၊ တရားခံအဖြစ် အစစ်ခံမည်လားဟု ယနေ့ တရားခွင်အတွင်း မေးမြန်းရာ ကြည်လင်းက “တရားခံအဖြစ်သာ အစစ်ခံမည်”ဟု ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

တရားခံအဖြစ်သာ အစစ်ခံမည့် ကြည်လင်းကို အထူးခုံရုံးတရားသူကြီးများကသာ စစ်ဆေးသွားမည်ဖြစ်ပြီး နှစ်ဖက်ရှေ့နေများ စစ်မေးခွင့်မရှိတော့ဟု ခုံရုံးတရားသူကြီးက တရားခွင်တွင် ပြောကြားခဲ့သည်။

အထူးခုံရုံးတရားသူကြီးများအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် မြောက်ပိုင်းခရိုင်တရားသူကြီး ဦးခင်မောင်မောင်၊ အရှေ့ပိုင်းခရိုင်တရားသူကြီး ဦးမြင့်ဟန်၊ မြောက်ပိုင်းခရိုင် ဒုတိယ၊ ခရိုင်တရားသူကြီး ဦးအုန်းခိုင်တို့က တာဝန်ယူထားသည်။

သက်သေခံချက်များ အားနည်းသွားမည်

သက်သေအဖြစ် မဟုတ်ဘဲ တရားခံအဖြစ် အစစ်ခံခြင်းကြောင့် အပြီးသတ် အမိန့်ချသည့်အခါတွင် ကြည်လင်း၏ ထွက်ဆိုချက်များကို ထည့်သွင်းစဉ်းစားရာ၌ အားနည်းချက်ရှိနိုင်သည်ဟု နှစ်ဖက်ရှေ့နေများက သုံးသပ်ကြသည်။

ကြည်လင်းကို သက်သေအဖြစ် အပြန်အလှန် မေးခွန်းထုတ်မေးမြန်းခွင့်ရမည် မဟုတ်သောကြောင့် ကြည်လင်း၏ ထွက်ဆိုချက်များမှာ အားနည်းချက်များရှိမည်ဟု တရားလိုရှေ့နေ ဦးရောဘတ်ဆန်းအောင်က သုံးသပ်သည်။

“သက်သေအဖြစ်တော့ အကျုံးဝင်ပါတယ်။ ကျမ်းကျိန်အစစ်ခံချက်တွေလောက်တော့ အား မကောင်းတော့ဘူးပေါ့” ဟု ၎င်းကပြောသည်။

ကြည်လင်းသာ သက်သေအဖြစ် အစစ်ခံမည်ဆိုပါက ကျမ်းကျိန်ရမည်ဖြစ်ပြီး နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်မေးခွင့်ရမည်ဖြစ်သည်။

တရားခံရှေ့နေဦးအောင်ခိုင်ကလည်း ကြည်လင်းသာ သက်သေအဖြစ် အစစ်ခံပါက ကြည်လင်း၏ ထွက်ဆိုချက်များမှာ အမှုအတွက် တန်ဖိုးရှိနိုင်ပြီး တရားခံအဖြစ် အစစ်ခံလျှင် အားနည်းချက်များ ရှိနိုင်သည်ဟု ဆိုသည်။

“အမှုတွဲကြီးတစ်ခုလုံးကို ပြန်သုံးသပ်တဲ့အခါမှာ သူ့ထွက်ဆိုချက်က တန်ဖိုးနည်းတာပေါ့”ဟု ၎င်းက တရားခွင်မှ အထွက်တွင် ပြောသည်။

ကြည်လင်းက တရားခံအဖြစ်သာ အစစ်ခံမည့်အတွက် တရားလိုဘက်အတွက် နစ်နာ ဆုံးရှုံးမှုမရှိဘဲ တရားခံဘက်တွင်သာ တရားခွင်တွင် အပြန်အလှန်စစ်မေး မခံနိုင်သည့် အားနည်းချက် ပေါ်ပေါက်ခဲ့သည်ဟု တရားလိုရှေ့နေ ဦးနေလက ပြောသည်။

“သက်သေခံချက်တွေက ပြန်လည်စစ်မေးခြင်း မရှိတဲ့အတွက်ကြောင့် တရားရုံးက လက်ခံ ယုံကြည်ဖို့ အားနည်းသွားပါတယ်” ဟု ၎င်းက ပြောသည်။

တရားခံအဖြစ် ထွက်ဆိုမည့် ကြည်လင်း၏ ထွက်ဆိုချက်များကို အပြီးသတ် အမိန့်ချမှတ်ရာတွင် တရားသူကြီးက ထည့်သွင်း စဉ်းစားနိုင်သော်လည်း မည်သည့်အတိုင်းအတာထိ ထည့်သွင်း စဉ်းစားမည်ဆိုသည်မှာမူ အထူးခုံရုံး၏ တရားစီရင်ရေး ဆိုင်ရာ ကိစ္စဖြစ်သည်ဟု မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က ရာဇဝတ်ကျင့်ထုံး ၃၄၂(၂)(ခ) ကို ကိုးကား၍ ပြောသည်။

ယနေ့ရုံးချိန်းသည် ဦးကိုနီ လုပ်ကြံခံရသည့်နောက် ရုံးတင်စစ်ဆေးကာလ တစ်နှစ်ကျော်အတွင်း ၅၉ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခြင်းဖြစ်ပြီး နောက်တစ်ပတ်ရုံးချိန်းမှစ၍ ကြည်လင်းနှင့်အတူ အခြားဆက်စပ်တရားခံများကို စတင်စစ်ဆေးမည်ဖြစ်သည်။ ယခင်က သက်သေပေါင်း ၈၀ ခန့်ကိုသာ စစ်ဆေးခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ပြည်ပခရီးစဉ်တစ်ခုမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်အရောက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကြည်လင်းက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ကာ လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

၎င်းကို လိုက်လံဖမ်းဆီးကြသည့် လူအုပ်ကို ကြည်လင်းကပြန်လည်ပစ်ခတ်သဖြင့် လေဆိပ်အငှားယာဉ်မောင်း ဦးနေဝင်းလည်း သေဆုံးခဲ့ပြီး ကြည်လင်းကို လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရန် ကြည်လင်းအား ခိုင်းစေရာတွင် ပါဝင်ခဲ့၊ ဆက်စပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောသည့် တပ်မတော်အရာရှိဟောင်းများ ဖြစ်သော အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို ဖမ်းဆီးခဲ့သည်။

အောင်ဝင်းဇော်ကို ရှောင်တိမ်းနိုင်ရန် ကူညီခဲ့သည်ဟု ဆိုသော အစ်ကိုတော်သူ အောင်ဝင်းထွန်းကိုပါ ဆက်စပ်ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ၎င်းကို အာမခံဖြင့် လွှတ်ပေးခဲ့သည်။
အမှုကို အဓိကစီစဉ်ညွှန်ကြားသည်ဟု ဆိုသော ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ကိုမူ ယခုအထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button