သတင်း

ရန်ကုန်တွင် ၄ ရက်အတွင်း ၃၅ ဦး အဖမ်းခံရ၊ ဖမ်းဆီးစဉ် ၁ ဦး သေဆုံး

ရန်ကုန်တိုင်း မြို့နယ်တချို့တွင် ၄ ရက်အတွင်း လူငယ် ၃၅ ဦး ထက်မနည်း အဖမ်းခံရပြီး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သူ ၁ ဦး ရှိကြောင်း သိရသည်။

လသာမြို့နယ်၊ ၂၂ လမ်းမှ အမျိုးသားတစ်ဦးမှာ စစ်တပ်က ခြောက်လှန့်ပစ်ခတ်စဉ် ၆ လွှာတိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်ဟု အဆိုပါလမ်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ သေဆုံးသူ၏ အမည်ကို မသိရသေးပေ။ 

အဖမ်းခံရသူများစုမှာ တိုက်ခန်းငှားရမ်းနေထိုင်သူများဖြစ်ပြီး တချို့မှာ ပြောင်းရွှေ့လာပြီး နာရီပိုင်းအကြာမှာပင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

စက်တင်ဘာ ၁၃ ညတွင် စမ်းချောင်းမြို့နယ်၊ မင်္ဂလာလမ်းနှင့် ဦးစံငြိမ်းလမ်းထောင့်ရှိ တိုက်ခန်းတွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးအဖမ်းခံရကြောင်း၊ အသက် ၁၇ နှင့် ၂၃ နှစ်ကြား လူငယ်များဖြစ်ကြောင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“(သူတို့ အဲဒီတိုက်ခန်းမှာနေတာ) မကြာလောက်သေးဘူး။ မနေ့တစ်နေ့ကမှ ပြောင်းလာတဲ့ပုံစံမျိုးပဲ။ မင်္ဂလာလမ်းနဲ့ ဦးစံငြိမ်းလမ်းထောင့်က တိုက်လို့ပြောပြီး ဝင်ဆွဲတာပါ” ဟု ၎င်းက ဆက်ပြောသည်။

စက်တင်ဘာ ၁၄ ည ၁၀ နာရီခန့်၌ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်းရှိ ကျောင်းသားများ နေထိုင်သည့် တိုက်ခန်းကို စစ်သားအင်အား အများအပြားဖြင့် ဧည့်စာရင်းဝင်စစ်ကာ ဒဂုံတက္ကသိုလ်ကျောင်းသူ ၂ ဦး နှင့် ကျောင်းသား ၄ ဦးကို ဖမ်းဆီးသွားသည်။ 

နေရာအတိအကျဖြင့် လာရောက်ရှာဖွေခြင်းဖြစ်သဖြင့် သတင်းပေးတိုင်ကြားခံရခြင်းဖြစ်နိုင်သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က Myanmar Now ကို ပြောထားသည်။

အဖမ်းအဆီးများသည့် ၁၅ ရက်နေ့၊ လူသေဆုံးမှုရှိ

စက်တင်ဘာ ၁၅ တစ်ရက်တည်းတွင် လသာ၊ လမ်းမတော်၊ စမ်းချောင်း၊ ကမာရွတ်မြို့နယ်တို့၌ ၂၀ ဦး ထက်မနည်း ဖမ်းဆီးခြင်းခံရပြီး ကမာရွတ်နှင့် လသာမြို့နယ်တို့တွင် အဖမ်းခံရသူတို့၏ ပစ္စည်းများကို စစ်ကောင်စီတပ်သားတို့က ယူဆောင်သွားသည်။ 

မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် လသာမြို့နယ်၊ ၂၂ လမ်း (အောက်ဘလောက်)ကို ပိတ်ဆို့ကာ ရဲ နှင့် စစ်သား အင်အား ၅၀ ‌ကျော်ဖြင့် အိမ်အမှတ် ၃၄၊ ၆ လွှာမှ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါလမ်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ဖမ်းခံရတဲ့ကောင်လေးကို လမ်းလယ်မှာ ဒူးထောက်ခိုင်းပြီး သမတာ (နှိပ်စက်တာ) သွေးတွေချည်းပဲ။ ထွက်ကြည့်တဲ့ကောင် ပစ်မယ်၊ ဘာညာလုပ်တာ။ ကောင်လေး အသက် ၂၀ ပတ်ချာလည်လောက်ပဲ။ သွေးတွေဆို စီးကျနေတာ” ဟု ၎င်းက ပြောသည်။ 

အဖမ်းခံရသူများမှာ ထိုနေ့(စက်တင်ဘာ ၁၅) မနက်တွင်မှ ပြောင်းရွှေ့လာသူများဖြစ်ပြီး အဖမ်းခံရပြီးပြီးချင်း ၎င်းတို့ ငှားရမ်းနေထိုင်ခဲ့သည့် တိုက်ခန်းကို ချိပ်ပိတ်လိုက်ပြီး တိုက်ခန်းထဲမှ ပစ္စည်းများကိုလည်း ကားကြီးတစ်စီးဖြင့် သယ်ယူသွားကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ 

၂၂ လမ်းတွင် ဝင်စီးခံရစဉ် တစ်ပြိုင်နက်တည်းမှာပင် လမ်းမတော်မြို့နယ်၊ သံဈေးအနီးရှိ တိုက်ခန်းတစ်ခန်းတွင်လည်း ၃ ဦး ထက်မနည်း အဖမ်းခံရသည်ဟု ၎င်းက ဆက်ပြောသည်။

ထိုနေ့က ၂၂ လမ်းတွင် ဝင်ရောက်စီးနင်းခံရစဉ် လူတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသည်မှာ မှန်ကန်ကြောင်း လသာရဲစခန်းမှ ရဲတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ကျွန်တော်တို့ ဘာမှလုပ်ထားတာ မရှိဘူးခင်ဗျ။ ဘယ်အဖွဲ့အစည်းက ပါလာသလဲ ကျွန်တော်တို့ ကောင်းကောင်းမသိဘူး။ (သေဆုံးတာ) သတင်းပဲရတယ်။ အဲဒီလောက်ပဲ သိရတယ်။ ဒီကနေ ကျွန်တော်တို့ သွားပြီး မကူညီပေးရပါဘူး” ဟု အထက်ပါ ရဲဝန်ထမ်းက ဖုန်းဖြင့် ဖြေဆိုသည်။

ထိုနေ့ည ၇ နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ အောင်သပြေလမ်းရှိ တိုက်ခန်းတစ်ခု၌ အမျိုးသား ၃ ဦး ဖမ်းဆီးခံလိုက်ရသည်။ တစ်ပြိုင်နက်တည်းမှာပင် လသာမြို့နယ်၊ ၁၉ လမ်းကိုလည်း ဝင်ရောက် စီးနင်းရှာဖွေခဲ့ကြောင်း၊ ဖမ်းဆီးရမိသူ မရှိကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူနှစ်ဦး၏ ပြောပြချက်အရ သိရသည်။ 

“ကြိုရှောင်နိုင်တယ်ထင်တယ်ဗျ။ ကျွန်တော့်ရှေ့ကတိုက်မှာ မိသူမရှိဘူး။ ပစ္စည်းတွေပဲ ထမ်းချသွားတယ်။ လမ်းထဲကသူတွေက သိကြတာ ပြောတာတော့ ၂၂ လမ်းရဲ့ အဆက်လို့ ပြောကြတာပဲ။ စက်တင်ဘာ ၁၆၊ ညနေ ၃ နာရီလောက်မှာ ရဲကား ၂ စီး ထပ်လာတယ်။ တိုက်ခန်းကို ချိပ်ပိတ်တာလို့ ပြောတယ်” ဟု ၁၉ လမ်းတွင် နေထိုင်သူက ဆိုသည်။  

စက်တင်ဘာ ၁၅၊ ည ၁၀ နာရီမှစ၍ ကမာရွတ်မြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာနှင့် အမှတ် ၃ ရပ်ကွက်အတွင်း တစ်ပြိုင်နက်ဝင်စီးခံရပြီး ၁၁ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း ကမာရွတ်မြို့နယ်တွင် နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။

စစ်ကောင်စီတပ်သားတို့က ပြည်ရိပ်မွန်အိမ်ရာအတွင်းရှိ တိုက်နံပါတ် ၂၂ နှင့် ၂၅ မှ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးကို ရိုက်နှက် ဖမ်းဆီးကြကြောင်း၊ ထိုအထဲမှ ၂ ဦးကို နောက်ဖေးလမ်းကြားတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထိုအမျိုးသားက ဆိုသည်။

“တစ်ယောက်က ခြေထောက်ထိပြီး ကျိုးနေတာလားမသိဘူး။ အဲဒီခြေထောက်ကိုလည်း သူတို့ တက်ဖိကြတယ်။ နောက်တစ်ယောက်ကျတော့လည်း ကန်ကျောက်ခံရတာ။ သူက သတိမေ့သွားတယ်။ မှောက်လျက်ကြီးပါသွားတယ်။ သွေးတွေပါ အဲဒီနားတဝိုက် ပြန့်ကျဲပြီးတော့” ဟု မျက်မြင်တွေ့သူ၏ ပြောပြချက်ကို ကိုးကား၍ ၎င်းက ပြောသည်။

တစ်ပြိုင်နက်တည်း အမှတ် ၃ ရပ်ကွက်အတွင်း အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး အဖမ်းခံရပြီး ထိုအထဲတွင် ဓားစာခံအဖြစ် အမေဖြစ်သူနှင့် သမီးတို့လည်း ပါဝင်ကြောင်း၊ ဖမ်းဆီးခံရသည့် တိုက်ခန်းများပေါ်မှ ပစ္စည်းများကို စစ်ကောင်စီတပ်သားတို့က ယူဆောင်သွားသည်ဟုလည်း ၎င်းက ဆိုသည်။ 

“သူတို့လာဖမ်းတဲ့တိုက်ရဲ့ပစ္စည်းတွေကို မသွားတယ်။ ရေခဲသေတ္တာတို့ ဘာတို့ အကုန်လုံး။ အထုပ်တွေ သယ်သွားတာလည်း မြင်လိုက်တယ်။ ဘာအထုပ်တွေလဲ မသိဘူး။ ခေါက်တုံ့ခေါက်ပြန်သယ်တာ” ဟု မြင်တွေ့လိုက်ရသူများ၏ ပြောဆိုချက်အရ ၎င်းက  ဆက်ပြောသည်။ 

စက်တင်ဘာ ၁၆

စက်တင်ဘာ ၁၆ ၊ ည ၈ နာရီခန့်က လမ်းမတော်မြို့နယ်၊ ၁၆ လမ်းတွင်လည်း အိမ်စီးကားအဖြူရောင် ၄ စီး ဖြင့် အရပ်ဝတ်လက်နက်ကိုင်များ ရောက်ရှိလာပြီး တိုက်နံပါတ် ၇၇၊ ၄ လွှာပေါ်မှ လူငယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အိမ်မွေးခွေးတစ်ကောင်လည်း ခေါ်ယူသွားရာတွင် ပါဝင်ကြောင်း မျက်မြင်တွေ့သူက ပြောသည်။ 

“စက်တင်ဘာ ၂ ရက်နေ့မှ သူတို့ စပြီးငှားနေတာ။ သူတို့နေတာ နှစ်ပတ်တောင် မပြည့်သေးဘူး လာဖမ်းသွားတာ။ အခုအိမ်ကို ချိပ်ပိတ်ထားကြတယ်” ဟု ၎င်းက ဆိုသည်။ 

ထိုနေ့ညတွင် ပြည်ရိပ်မွန်အိမ်ရာထဲရှိ အမျိုးသားတစ်ဦး ထပ်အဖမ်းခံရကြောင်း၊ ယခုနောက်ပိုင်းတွင် အိမ်စီးကားများကို အသုံးပြုပြီး လမ်းမီးများပိတ်ကာ ဝင်ရောက်စီးနင်းမှုများ ဆက်တိုက်ဖြစ်နေသည်ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

“အဖမ်းအဆီးက ဒီလပိုင်းထဲမှာမှ တော်တော်ကိုများလာတာ။ အရင်လတုန်းက အဲဒီလောက်ကြီး မဟုတ်ဘူး။ ဘယ်သူတွေကို ဖမ်းတယ်လို့မသိရဘူး။ ကြည့်ရတာတော့ စာရင်းအတိအကျနဲ့ သတင်းရလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဝင်တဲ့နေရာတွေက အတိအကျတွေကြီးပဲ။ သူတို့လိုချင်တဲ့ တိုက်ကိုပဲ သူတို့ တက်သွားတာ” ဟု အထက်ပါ မြို့ခံက ဆက်ပြောသည်။

အကြမ်းဖက်မှုနှင့် ပတ်သက်နေသူများကို ခိုလှုံခွင့်၊ နေထိုင်ခွင့်ပေးထားသည့် အဆောက်အအုံများကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဟု စက်တင်ဘာ ၉ တွင် အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားပြီး ယမန်နေ့ညမှစ၍ ရန်ကုန်ရှိ မြို့နယ်တချို့တွင် အဆိုပါထုတ်ပြန်ချက်ကို စစ်ကား၊ ရဲကားများဖြင့် လိုက်လံကြေညာခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button