သတင်း

NLD ​ဝန်ကြီးဟောင်း ဦးမင်းအောင် ပုဒ်မ နှစ်ခုဖြင့် ထောင်ချခံရ

စစ်အာဏာသိမ်းမှုကို ဦးဆောင်ဆန္ဒပြခဲ့သည့် ရခိုင်ပြည်နယ် ​စည်ပင်သာယာရေးဝန်ကြီးဟောင်း၊ တောင်ကုတ်မြို့နယ်အမတ် ဦးမင်းအောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် သန့်ဇင်ဖြိုး တို့ကို ယနေ့ (စက်တင်ဘာ ၁၇) တွင် ပုဒ်မ နှစ်ခုဖြင့် ထောင်ချလိုက်သည်။

ခွင့်ပြုချက်မဲ့ဆန္ဒပြသည်ဟုဆိုကာ စွဲဆိုထားသည့် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မ ၂၅ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်လတို့ကို သီးခြားစီကျခံစေရန် စီရင်ချက်ချခြင်းဖြစ်သည်ဟု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

“ဒီနေ့မနက်ပိုင်းက အပြီးသတ်လျှောက်လဲချက် ကြားနာခဲ့ကြပြီး နေ့လယ် ၁ နာရီမှာ အမိန့်ချမှတ်လိုက်ပါတယ်”ဟု ၎င်းက ဆိုသည်။

ကာယကံရှင်တို့၏ ဆန္ဒအရ သံတွဲခရိုင်တရားရုံးတွင် အယူခံဝင်ပေးသွားမည်ဟု အကျိုးဆောင်ရှေ့နေက ဆက်ပြောသည်။

စီရင်ချက်နှင့် ပတ်သက်ပြီး မှတ်ချက်မပေးလိုကြောင်း ဦးမင်းအောင်၏ သားဖြစ်သူ ကိုဘုန်းမင်းခန့်က ပြောသည်။

“အဖေ့ကို ဒီက​နေ့ ရုံးထုတ်တဲ့အခါ တွေ့ခွင့်ရလိုက်တယ်။ ကျန်းမာရေးဂရုစိုက်ဖို့ ပြောတယ်။ တခြားတော့ မပြောပါ။ အမိန့်ချမှတ်ပြီးတော့ သံတွဲကို (ခေါ်) ယူသွားတယ်။ စစ်တွေကို ပို့မယ်လို့ ကြားတယ်” ဟု ကိုဘုန်းမင်းခန့်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ တွင် တောင်ကုတ်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့အပြီး ဦးမင်းအောင်နှင့်အတူ ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယင်းနောက် ၎င်းတို့နှစ်ဦးကို တောင်ကုတ်မြို့မရဲစခန်းမှ ဒုရဲမှူးဇော်လတ်က တရားလိုပြုလုပ်ကာ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး သံတွဲခရိုင်၊ သဘာဝဘေးအန္တရာယ်နှင့်ကာကွယ်ရေး၊ ပစ္စည်းထိန်းသိမ်းရေးဌာနမှ ဦးစီးမှူး ဒေါ်မဉ္ဇူသင်းက တရားလိုလုပ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခဲ့သည်။

ဆန္ဒပြအပြီး ရဲစခန်းသို့ အသွား ကားပေါ်တွင် တွေ့ရသည့် ဦးမင်းအောင်နှင့် NLD ပါတီဝင် ကိုသန့်ဇင်ဖြိုး (ဓာတ်ပုံ – ဦးမင်းအောင်)

အမှုရင်ဆိုင်နေစဉ် ဦးမင်းအောင်ကို တောင်ကုတ်မြို့၊ ခမရ ၅၄၄ တပ်ရင်းတွင် ထိန်းသိမ်းထားခဲ့ပြီး ကိုသန့်ဇင်ဖြိုးကို ကျန်းမာရေးမကောင်း၍ အာမခံဖြင့် နေအိမ်မှနေ၍ အမှုရင်ဆိုင်စေခဲ့ရသည်။ ၎င်းတို့နှစ်ဦးမှာ ၇ လကျော်ကြာ တရားရင်ဆိုင်နေရရာမှ ယခုကဲ့သို့ အမိန့်ချမှတ်ခံရခြင်း ဖြစ်သည်။

သို့ရာတွင် ဦးမင်းအောင်၏ တရားရင်ဆိုင်ရမည့် အမှုများမှာ မပြီးဆုံးသေးပေ။ လက်ရှိတွင် ဦးမင်းအောင်မှာ ထောင်ဒဏ် ၁၅ နှစ်အထိ အမိန့်ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ရခိုင်ပြည်နယ်တရားလွှတ်တော်၌ တရားရင်ဆိုင်ရဦးမည် ဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့် ရခိုင်ဝန်ကြီး ၃ ဦးတို့ကို နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေသည့်အတွက်ဟု ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် သြဂုတ် ၁၂ တွင် စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်ခံခဲ့ရသည်။

​ဦးမင်းအောင်သည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကလည်း ရက္ခိုင့်တပ်တော် (AA) ၏ အကျဉ်းသားအဖြစ်  ၇၉ ရက်ကြာ အထိန်းသိမ်းခံခဲ့ရပြီး ၂၀၂၁ ဇန်နဝါရီ ၁ တွင် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button