
မန္တလေးတိုင်းလွှတ်တော်၌ အဂတိမှုလေးမှုဖြင့် စစ်ကောင်စီက အမှုဖွင့်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၁ရက်မှစ၍ နှစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်းတွင် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အထူးတရားရုံး၌ စစ်ဆေးမည်ဟု ၎င်း၏ ရှေ့နေအဖွဲ့က အတည်ပြုသည်။
“တိုင်းတရားလွှတ်တော်တရားသူကြီးက လာစစ်မှာ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က ယနေ့(စက်တင်ဘာ ၁၇)တွင် ပြောသည်။
ထိုအဂတိမှု ၄မှုအနက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း ၂မှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းနှင့် သူ၏ အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး နှစ်ဦးပါ ၁ မှု၊ NLD အစိုးရလက်ထက် နေပြည်တော်ကောင်စီဝင်နှစ်ဦးနှင့်အတူ ပူးတွဲဖွင့်လှစ်ထားသည့် ၁မှုတို့ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။
“အခု ကျွန်တော်တို့ အမှုတွဲကူးဖို့ လုပ်နေတယ်ဗျ။ အမှုတွဲကူးပြီးမှ တိတိကျကျ ပြောနိုင်မယ်ခင်ဗျ”ဟု ၎င်းက ပြောသည်။
အဂတိမှုများမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရန်ကုန်၊ နေပြည်တော်တွင် မြေရယူမှုကိစ္စများဟုသာ အကြမ်းဖျင်း သိကြောင်း၊ အမှုတွဲဖတ်ရှုခွင့်မရသေး၍ အသေးစိတ်မပြောနိုင်သေးကြောင်း၊ နိုင်ငံရေးရာထူးသုံး၍ ကျူးလွန်မှုဆိုင်ရာ အဂတိဥပဒေ ပုဒ်မ ၅၅ ဖြစ်ဖွယ်များကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ငါးဦးပါ ရှေ့နေ အဖွဲ့ဝင်များအနက် အချို့ကလည်း ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီက အမှုပေါင်း ၁၁ မှုဖြင့် တရားစွဲထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအနက် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ တို့ဖြင့် တရားစွဲထားသည့် ငါးမှုကို ထိုတရားရုံး၌ပင် ဇွန် ၇ မှစ၍ အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တိုင်းတွင် စစ်ဆေးနေပြီဖြစ်သည်။
ထို့အတူ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဖေဖော်ဝါရီလကတည်းက ဖွင့်ထားသည့် ထောင် ၁၄နှစ်ချခံရနိုင်သော နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အမှုကို နေပြည်တော်သို့ ပြောင်း၍ စစ်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယနေ့(စက်တင်ဘာ ၁၄)တွင် အမိန့်ချထားသည်။
အဆိုပါ အမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ စီးပွားရေးအကြံပေးဖြစ်သူ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်၊ NLD အစိုးရအဖွဲ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် နှစ်နှစ်နီးပါး တာဝန်ယူခဲ့သူ ဦးကျော်ဝင်း၊ ၎င်း၏ နေရာကို အစားထိုးဆက်ခံသူ ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ပါ အမှုတွဲအဖြစ် ပါဝင်သည်။
သို့သော် ထိုလျှို့ဝှက်ချက်ဥပဒေအမှုကို အထူးတရားရုံး၌ပင် စစ်ရန်ရှိမရှိ၊ ရန်ကုန်၊ အင်းစိန်ထောင်တွင် ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွဲများကို နေပြည်တော်သို့ ရွှေ့ပြောင်းရန်ရှိမရှိ အတည်မပြုနိုင်သေးပါ။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဖွင့်ထားသည့် အဂတိအမှုများအနက် ရန်ကုန်တိုင်းတရားလွှတ်တော်တွင် ဖွင့်လှစ်ထားသည့် အမှုတစ်မှုလည်းရှိသေးပြီး ထိုအမှုနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များ မသိရသေးသလို နေပြည်တော်သို့ ရွှေ့၍ စစ်ရန်ရှိမရှိ အတိအကျမသိရသေးပေ။
“တိုင်းဒေသကြီးက အမှုတွေ အကုန်လုံးကိုလည်း နေပြည်တော်မှာ အထူးရုံးဖွင့်ပြီး စစ်မယ်လို့ ကြားတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင် ဒေါ်မင်းမင်းစိုးက လွန်ခဲ့သည့် သုံးရက်က ပြောထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p