ဆောင်းပါး

အညာဒေသ ထန်းပင်အိုတို့၏ လားရာ

(ကျောက်ပန်းတောင်း) – မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ရှိ လွှစက်တစ်ခုသို့ ခုတ်ပြီးသား ထန်းပင်များ အလုံးအရင်းဖြင့် ရောက်ရှိလာသည်။ ထိုထန်းလုံးရှည်တို့သည် အချိန်ပိုင်းအတွင်းမှာပင် ပျဉ်ပြားများအဖြစ် အသွင်ပြောင်းသွားလေသည်။

မကြာသေးခင် ကျောက်ပန်းတောင်းတွင် တွေ့ခဲ့ရသော ဤသို့သောမြင်ကွင်းအပြင် ထန်းပင်တို့ ခုတ်လှဲခံရပြီး အတုံးအရုံး ပြန့်ကျဲနေသည့်မြင်ကွင်းမှာ အညာဒေသအတွက် မထူးဆန်းတော့ပေ။  

အညာဒေသ ထန်းတောပြုန်းသွားမည်ကို စိုးရိမ်သူတို့က ထန်းပင် အရေအတွက်များပြားစွာ ခုတ်လှဲခံနေရခြင်းကို ဆန့်ကျင်နေကြသည်။ ဤအခြေအနေတွင် ထန်းပင်ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ခုတ်လှဲနေကြသည်ဟု ယူဆနေသူ အများအပြား ရှိနေကြောင်း ကျောက်ဆည်မြို့မှ ဦးသိန်းလှိုင်က ပြောသည်။

“တရုတ်ပို့ဖို့မပြောနဲ့၊ ကျွန်တော်တို့ဆီမှာ ရောင်းလို့ကို မနိုင်ဘူး။ သစ်မာသားတွေက (တစ်တန်ကို) ရှစ်သိန်းလောက် ရှိတယ်၊ ထန်းသားက လေးသိန်းလောက်ပဲရှိတာ၊  ထက်ဝက်ချိုးဆိုတော့ ထန်းသားပဲ သုံးကြတယ်”  ဟု ကျောက်ပန်းတောင်းသို့ လစဉ် ထန်းအပင် ၅ဝ ခန့် လာရောက် ဝယ်ယူနေသည့် ဦးသိန်းလှိုင်က ဆိုသည်။

အရေအတွက်အများအပြား ဝယ်ယူနေကြခြင်းမှာ ဒေသတွင်း လုပ်ငန်းများ၊ စီမံကိန်းများတွင် ပြန်လည် အသုံးပြုရေးအတွက် ဖြစ်သည်ဟု ထန်းပင် ရောင်းဝယ်သူတို့က ဆိုသည်။ 

စီမံကိန်းတချို့သည် သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက်ဖြစ်သည်ဟု သိရသည်။ ထန်းပင်ရာထောင်ချီ ခုတ်လှဲနေကြခြင်းကြောင့် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည်ဟူသော ဝေဖန်ချက်တို့ကိုမူ ၎င်းတို့က လက်ခံခြင်း မရှိပေ။  

ထန်းပင် ဝယ်ယူသူများ

မြင်းခြံမြို့အနီးရှိ လာဘံ ပရိဘောက စက်ရုံပိုင်ရှင် ဦးသင်းခိုင်က ထန်းသားဖြင့် ပါကေးကြမ်းခင်း လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည်။ ၂ဝ၁၄ခုနှစ်တွင် ပေါ်ပေါက်လာသည့် ၎င်း၏ စက်ရုံ လည်ပတ်ရန်အတွက် တစ်နှစ်လျှင် ထန်းပင် ၆ဝဝ မှ ၇ဝဝ ခန့်အထိ ဝယ်ယူခဲ့သည်ဟု ပြောသည်။

“ထန်းပင်တွေက ယာခင်းထဲမှာ ရှိနေတယ်။ မြေဆီသြဇာကို စုတ်ယူတယ်။ ဒါကြောင့် ယာခင်းရှင်တွေက ခုတ်လှဲချင်တဲ့အတွက် (ကျပ်)  ၆,ဝဝဝ၊ ၇,ဝဝဝ လောက်နဲ့ ရောင်းကြတာပါ” ဟု ၎င်းကပြောသည်။

ပါကေးကြမ်းခင်း ပြုလုပ်ရန်အတွက် သက်တမ်းရင့်ထန်းပင်များကိုသာ အသုံးပြရသောကြောင့် အညာဒေသ ထန်းတောများ မျိုးသုဉ်းသွားမည်ကို စိုးရိမ်ရန် မလိုကြောင်း ပြောသည်။   

အညာဒေသထန်းတော ခုတ်လှဲမှုများမှာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဧရာဝတီ မြစ်ရေလမ်းကြောင်းကောင်းမွန်ရေး စီမံကိန်းတချို့နှင့်လည်း ဆက်စပ်နေသည်။ 

ထိုစီမံကိန်းများသို့ ထန်းပင် အဓိက ဖြည့်တင်းပေးနေသူတစ်ဦးမှာ ကျောက်ပန်းတောင်းမြို့ခံ ကိုဖိုးငယ် ခေါ် ကိုကျော်ဇင်လတ် ဖြစ်သည်။

သူဝယ်ယူထားသည့် ထန်းပင် ၂,၅ဝဝ ကျော်ထဲမှ ငါးပုံတစ်ပုံကို ခုတ်လှဲ အသုံးပြုခဲ့ပြီးဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အစီအစဉ်အတွက် ထိုထန်းလုံးတိုင်တို့ကို သုံးနေကြောင်း သူက ပြောသည်။   

“ဧရာဝတီမြစ်နဲ့ ကမ်းပါးပြိုကျနေတဲ့ ကျေးရွာတွေကို ကယ်တင်တဲ့ နေရာမှာ အသုံးချနေရတာဆိုတော့ သုံးရတာ ဝမ်းလည်းသာတယ်။   ပီတိလည်းဖြစ်တယ်။ ဒီဘက်ကိုတော့ ခုတ်လိုက်ရတယ်။   ဒါပေမဲ့ ဟိုဘက်ကိုတော့ ပြန်ကယ်လိုက်ရတယ်”ဟု မြစ်ရေတိုက်စားမှုဒဏ်ကို ခံစားနေရသည့် လောကနန္ဒာဘုရားကို ငေးရင်း ၎င်းကပြောသည်။

ဧရာဝတီမြစ်ဘေးရှိ လောကနန္ဒဘုရားကို တိုက်စားနေသည့် ရေလမ်းကြောင်း ပြောင်းလဲနိုင်ရန် ဘုရားအနီး ပေ(၁,ဝဝဝ)ခန့်အကွာတွင် ထန်းလုံးများကို အသုံးပြုထားသည့် ရေကာ ရှိနေသည်။

“ဧရာဝတီမြစ်နဲ့ရေတိုက်စားခံရတဲ့ ကျေးရွာတွေကို ကာကွယ်ဖို့က လွဲရင် ကျွန်တော် ထန်းပင်တွေကို ခုတ်မှာ မဟုတ်ပါဘူး” ဟု ၎င်းက တိုးညှင်းစွာပြောသည်။

ဓာတ်ပုံ – (ဖြိုးသီဟချို / Myanmar Now)

မကွေးတိုင်းဒေသကြီး၊ ဧရာဝတီမြစ် ရေလမ်းကြောင်း ကောင်းမွန်ရေး စီမံကိန်းတာဝန်ရှိသူ အကြီးတန်း အင်ဂျင်နီယာ ဦးဇော်လွင်က ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ရေကာများ ပြုလုပ်ရန်အတွက် ထန်းလုံးများကို အသုံးပြုနေရသည်ဟု ပြောသည်။

၎င်းတို့၏ ဒေသကြီးတွင် မြစ်ကြောင်းတစ်လျှောက် ကမ်းပါးပြိုကျမှု အန္တရာယ်မှ ကာကွယ်နိုင်ရန် ၂ဝ၁၇ မတ်လမှ ၂ဝ၁၈ ဧပြီလအထိ ထန်းပင်ပေါင်း ၃,၅ဝဝ ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။

“ဧရာဝတီမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် သုံးတာပါ။  သူများနိုင်ငံကတော့ ကွန်ကရိတိုင်ကြီးတွေနဲ့ ချကြတာ။  ကျွန်တော်တို့ကတော့ မတတ်နိုင်ဘူး။ ဈေးသက်သက် သာသာနဲ့ ရနိုင်တာမျိုးကို စဉ်းစားရတာပါ” ဟု ၎င်းက ပြောသည်။

ထန်းလုံးတိုင်သည် မျောတိုင်ထက် ပိုမို အသုံးတည့်သည်ဟု ဆိုသည်။ ရေနက်ပိုင်းနေရာများတွင် ထန်းလုံးတို့ကသာ ပိုမိုအသုံးတည့်သည်ဟု ၎င်းက ဆက်ပြောသည်။
ဧရာဝတီမြစ် ဖြတ်သန်းသွားရာ မကွေး၊ မန္တလေး၊ စစ်ကိုင်း စသည့် တိုင်းဒေသကြီးများတွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဧရာဝတီမြစ်ရေလမ်းကြောင်းကောင်းမွန်ရေး စီမံကိန်းများ ရှိနေသည်။

ထန်းပင် ရောင်းထုတ်ခြင်း

အညာဒေသတွင် ထန်းသမားများ ရှားပါးလားသည်မှာ ဆယ်စုနှစ်တစ်ခုပင် ကျော်လာပြီဖြစ်သည်။ နံနက်မိုးလင်းမှ ညမိုးချုပ်ထိ အိမ်ရှိ လူကုန်လုပ်ကိုင်ရခြင်း၊ လုပ်အားနှင့် လုပ်ခ မမျှတခြင်း၊ အခြား ရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာခြင်းတို့သည် ထန်းလုပ်ငန်း မျိုးဆက် ထိန်းသိမ်းရေးကို ဆက်လက် တွန်းအားမပေးတော့သည် အရာများ ဖြစ်သည်။

ထန်းတက်သမား ရှားပါးလာခြင်း၏ အကျိုးဆက်ကို ထန်းလျက်ဈေးကွက် ကြီးထွားခဲ့ရာ ကျောက်ပန်းတောင်းမြို့တွင် ထင်ထင်ရှားရှား တွေ့နိုင်သည်။ ၎င်းမှာ တိတ်ဆိတ်ခြောက်သွေ့နေ သည့် ထန်းလျက်ပွဲရုံများပင်။

ကျောက်ပန်းတောင်းမှ ဦးမင်းသူက သူ၏ ထန်းလျက်ပွဲရုံ လုပ်ငန်း ရပ်တန့်ရမည့် အချိန်ကို စောင့်မျှော်နေသူဖြစ်သည်။

“တစ်နှစ်ထက်တစ်နှစ် ထန်းလျက်လုပ်ငန်းက ဆုတ်ယုတ်နေတယ်။  ထန်းသမား အလာနည်းသွားတယ်။ ပွဲရုံပါနည်းသွားတယ်”ဟု ဇမ္ဗူဖြိုးပွဲရုံပိုင်ရှင် ဦးမင်းသူက ပြောသည်။  

“မနှစ်ကဆိုရင် တစ်နေ့ကို ပိဿာထောင်ကျော်လောက်ဝင်တယ်။  ခုက တစ်နေ့ကို ထန်းလျက် ပိဿာချိန် ၅ဝဝ တောင်မှ ပုံမှန်မရှိတော့ဘူး” ဟု ၎င်းကဆိုသည်။

တငကန် ကျေးရွာအုပ်စုမှ ဦးမောင်ခင်မှာ ထန်းတက်သမား ရှားပါးမှုကြောင့် ထန်းပင် တစ်ရာကျောက် ရောင်းချထားသူဖြစ်သည်။

မိတ်ဆွေတချို့ အပ်နှံထားသဖြင့် ရောင်းထုတ်ပေးရမည့် အပင်အရေအတွက် ၄ဝဝ ကျော် ရှိသေးသည်။

“ရောင်းလိုက်တာက ၁၃ဝ လောက် ရှိတယ်။  တစ်ပင် (ကျပ်) ၅,ဝဝဝ ရတယ်။ သက်တမ်းရင့်တဲ့ အပင်မြင့်တွေပဲ။ အဲဒီ အပင်က ဘာမှ လုပ်တာမဟုတ်ဘူး။ အငှားလည်း ချမရဘူး။  တက်မယ့်လူမှ မရှိတာ။  ဒီရွာမှာက ထန်းလှီးမယ့်သူ  လေးယောက်ပဲ ရှိတယ်” ဟု ရွာတန်းရှည်ရွာတွင် တွေ့ဆုံစဉ် ဦးမောင်ခင်က ပြောသည်။ 

ထန်းသားအခွံ ခြံစည်းရိုး

ဓာတ်ပုံ – (ဖြိုးသီဟချို / Myanmar Now)

ထန်းပင်များ ရောင်းချရသည့် အခြား အကြောင်းရင်းများမှာ လောင်းရိပ်ကျခြင်း၊ ထန်းတောအတွင်း ကျက်စားသည့် တိရစ္ဆာန်များကြောင့် သီးနှံပျက်စီးခြင်း၊ ယာခင်းအလယ်ရှိ ထန်းပင်က စိုက်ပျိုးရေး လုပ်ငန်းကို အဟန့်အတား ဖြစ်စေခြင်းတို့လည်း ပါဝင်သည်။

ကျောက်ပန်းတောင်းမှ မိုင် ၁ဝဝ ခန့်ဝေးသည့်  ရမည်းသင်းမြို့နယ်တွင် စပျစ်ခြံစိုက်သူ ဦးမိုးအောင်က သူ၏ ထန်းပင် ၅ဝ ခန့်ကြောင့် စပျစ်ခင်း လောင်းရိပ်မိနေသည်ဟု ဆိုသည်။
သတ်မှတ်ထားသည့် ပိဿာချိန်အတိုင်း စပျစ်သီးထွက်မလာသည့်အခါ သူက ထန်းပင်ကို အပြစ်မြင်လာသည်။

“ထန်းတက်မယ့်သူကလည်း မရှိဘဲ အပိုကြီးဖြစ်နေတာ။ အဲဒီအပြင် စပျစ်ခင်းကိုပဲ လောင်းရိပ်ကျနေတယ် ဆိုတော့ ခုတ်လှဲလိုက်ရတော့တာပေါ့” ဟု အလယ်ကုန်း ကျေးရွာအုပ်စုမှ ဦးမိုးအောင်က ပြောသည်။

ပိုင်ရှင်များက ထန်းသမားတို့ မတက်ဝံ့တော့သည့် ထန်းပင်များကိုလည်း ရောင်းချကြသည်။

ကျောက်ပန်းတောင်း၊ အင်တောကျယ်ကျေးရွာမှ ဦးသိန်းမြင့်က ၎င်းပိုင် ထန်းတော အတွင်းရှိ အပင်မြင့် ၂ဝ ခန့်ကို ရောင်းချခဲ့သည်ဟု ပြောသည်။ မလေးရှား အပါအဝင် ပြည်ပနိုင်ငံများ သို့ သွားရောက် အလုပ် လုပ်ကိုင်သူများထဲတွင် ထန်းသမားတို့လည်း ပါဝင်သည်ဟု ဆိုသည်။

“လှီးမယ့်သူ(ထန်းတက်မည့်သူ)မရှိတော့ရောင်းလိုက်ရတယ်။ နှမြောလည်း ဘာတတ်နိုင်ပါ့မလဲ။ ဒီရွာက ထန်းသမားက တစ်ယောက်မှ မရှိတော့ဘူး။ မလေး (မလေးရှား) ချည်းပဲ တက်ကုန်ကြတာ” ဟု ပြောသည်။

အဖြေရှာခြင်း

အညာဒေသ ထန်းပင်၊ မန်ကျည်းပင်ကြီးများကို ထင်း၊ သစ်ကုန်ကြမ်းနှင့် အမွှေးတိုင်လုပ်ငန်းအတွက် စတေးနေခြင်းမှာ ဒေသအတွက် အန္တရာယ်ကြီးသည်ဟု ဆောင်းပါးရှင်တစ်ဦးက ကြေးမုံသတင်းစာတွင် ဇွန် ၃ ရက်နေ့က ရေးသားထားသည်။

“ထန်းပင်များနှင့် သစ်ပင်ကြီးများ တရားလွန် ခုတ်လှဲနေသည်ကို မတားဆီးနိုင်ပါက နောင်တစ်ချိန်တွင် အညာဒေသသည် သဲကန္တာရကြီး ဖြစ်သွားနိုင်ပါသည်” ဟု ဆောင်းပါးရှင် ဝင်းချစ် (အမျိုးသားစာပေဆုရ) က သတိပေးထားသည်။

ကျောက်ပန်းတောင်းအခြေစိုက် တော်ဝင်ထန်းအဖွဲ့သည် ထန်းပင်အများအပြားခုတ်လှဲနေသည့် အခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းနေသည့် အဖွဲ့အစည်းများထဲတွင် ပါဝင်သည်။
“ထန်းပင်များဟာ တစ်ပင်လုံးအသုံးဝင်ပြီး အညာရဲ့မိရိုးဖလာသယံဇာတဖြစ်ပါတယ်” ဟု အဖွဲ့၏ အွန်လိုင်း စာမျက်နှာတွင် ဖော်ပြထားသည်။

ယနေ့အချိန်တွင် ထန်းပင်များခုတ်လှဲခြင်းကြောင့် နောင်တစ်ချိန်တွင် နောင်တရနေကြမည်ဟု ထိုအဖွဲ့က သတိပေးထားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ သဘာဝပတ်ဝန်းကျင် ကော်မတီ ဥက္ကဋ္ဌ ဦးအေးခိုင်က ၎င်း၏ မဲဆန္ဒနယ်ရှိ ထန်းသမားတို့ဘဝတိုးတက်ဖွံ့ဖြိုးရန်နှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးရန် ဟူသော အချက် နှစ်ချက်လုံး တစ်ချိန်တည်းတွင် ပြည့်စုံရေးမှာ လွယ်ကူမည်မဟုတ်ဟု  ဆိုသည်။

အရပ်ဘက်အဖွဲ့အစည်းတချို့က ထန်းတောင်သူတို့  တိုးတက်ဖွံ့ဖြိုးရန်အတွက် ချေးငွေထုတ်ပေးခြင်း၊    ဦးထုပ်၊ ကုလားထိုင် စသည့် ထန်းပင်ထွက်ကုန်ပစ္စည်း ထုတ်လုပ်နည်းပညာများ ပို့ချနေသည်။

“အဖွဲ့အစည်းတွေကတော့ ခဏခဏလာနေကြတာပဲ။ သင်တန်းပေးတာတို့ ဟောပြောပွဲတွေ လုပ်တာတို့ပေါ့။ ဒါပေမယ့် ထန်းသမားတွေရဲ့ ကုန်ထုတ်ပစ္စည်းတွေရဲ့ တန်ဖိုးကို မြှင့်တင်အောင် မစွမ်းဆောင်ပေးနိုင်သရွေ့ မရဘူးဗျ၊ မရဘူး” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့်နှစ်ကလည်း ထန်းရည်မှ သကြားထုတ်သည့်လုပ်ငန်းကို ကျောက်ပန်းတောင်းတွင် တည်ထောင်ရန် ဦးအေးခိုင် ကြိုးစားခဲ့ဖူးသည်။ ထန်းရည်မှ သကြားထွက်သည့် အဆင့်ထိရောက်ရန် ပေးရမည့်အချိန်နှင့်ငွေကြေး များလွန်းနေသည်ဟု သူက ဆိုသည်။

ထန်းသမားများ၏ လက်တွေ့ဘဝကို ဖြေရှင်းပေးရန်မှာ ထန်းလျက်ဈေးကွက် မြင့်တက်လာဖို့ကို မျှော်လင့်ရန်သာ ရှိသည်ဟု ကျောက်ပန်းတောင်းဒေသခံ ဒီချုပ်အမတ်ဦးအေးခိုင်ကတော့ ခိုင်ခိုင်မာမာ ယူဆနေသည်။

ရပ်ဝေးဧည့်သည်များကို ဆွဲဆောင်နေသည့် ခြေတံရှည်ထန်းတဲ

ထန်းသမားများဘဝ ဖွံ့ဖြိုးတိုးတက်ရန် သင်တန်းပို့ချနေသည့် အဖွဲ့များ၊ ထန်းပင်ခုတ်သူများ၊ ထန်းပင်ရောင်းသူ များ၊ ထန်းပင်ခုတ်ခြင်းကို ဆန့်ကျင်သည့်အဖွဲ့တချို့ ရောက်လာကြသည့် ကျောက်ပန်းတောင်းမြို့အနီး မန္တလေး-ညောင်ဦး ကားလမ်း နံဘေးရှိ အုံ့အုံ့ဆိုင်းဆိုင်း ထန်းတောထဲတွင်တော့ တံခါးကြီး ကျေးရွာသား ကိုအောင်ဆန်းတို့ မိသားစုကတော့ ပုံမှန်အတိုင်းပင် လှုပ်ရှားနေကြသည်။

ကိုအောင်ဆန်းက မိဘ၊ ဘိုး၊ ဘွားပိုင် ထန်းပင်များကို ရောင်းချရန် စိတ်ကူးမရှိ။ သို့သော်လည်း  သား၊ သမီးများ ၎င်းကဲ့သို့ ဆင်းရဲမည်ကို စိုးရိမ်သည်။ ထန်းသမားဘဝက အသက်အန္တရာယ်နှင့် နေ့စဉ် နီးစပ်နေသည်ဟုလည်း ၎င်းက သတ်မှတ်ထားသည်။

“ဆင်းရဲလွန်းလို့ကို ကိုယ့်သားသမီးကို ဒီပညာကို မသင်ပေးတာ။ သား၊ သမီးက ဒီ ထန်းအလုပ်ကို လုပ်ချင်တယ်ဆိုလည်း မလုပ်ခိုင်းဘူး။ တခြားအလုပ် လုပ်ခိုင်းမယ်” ဟု ပြောလိုက်သည့် ထန်းသမား၏ အသံက အုံ့ဆိုင်းနေသည့် ထန်းတောထဲမှ  ထွက်ပေါ်လာလေသည်။     ။
 
ထန်းပင် ရာထောင်ချီဝယ်ယူသူနှင့် တွေ့ဆုံခြင်း (အင်တာဗျူး)
 
အညာသူ အညာသား ထန်းတောင်သူများ (ဓာတ်ပုံအက်ဆေး)

Show More

Related Articles

Back to top button