သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအားလုံးကို နေပြည်တော်ပြောင်းစစ်ဖွယ်ရှိ 

ကြီးလေးသော ပုဒ်မများအပါအဝင် အမှုပေါင်း ၁၁ မှုဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင် အမှုဖွင့်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို နေပြည်တော်၌ပင် တစ်ပေါင်းတည်းစစ်ရန် စစ်ကောင်စီက စီစဉ်နေသည်ဟု သူ၏ ရှေ့နေအဖွဲ့က ပြောသည်။

“တိုင်းဒေသကြီးက အမှုတွေ အကုန်လုံးကိုလည်း နေပြည်တော်မှာ အထူးရုံးဖွင့်ပြီး စစ်မယ်လို့ ကြားတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ငါးဦးပါရှေ့နေအဖွဲ့မှ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

လက်ရှိတွင် နေပြည်တော်ကောင်စီဝင်းအတွင်း အထူးတရားရုံးဖွင့်ကာ ဇဗ္ဗူသီရိမြို့နယ်တရားသူကြီးကို တစ်ပတ်နှစ်ရက် ရုံးထိုင်စေလျက် စစ်ကောင်စီသည် ၎င်းတို့ ကိုယ်တိုင်ဖွင့်ထားသော အမှု ၄ မှု၊ ၎င်းတို့ စေခိုင်းထားသူက ၁မှု၊ စုစုပေါင်း ၅မှုကို ဇွန်လမှစ၍ စစ်ဆေးလျက်ရှိသည်။

ထို့အတူ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဖေဖော်ဝါရီလကတည်းက ဖွင့်ထားသည့် ထောင် ၁၄နှစ်ချခံရနိုင်သော နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အမှုကို နေပြည်တော်သို့ ပြောင်း၍ စစ်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယနေ့(စက်တင် ဘာ ၁၄)တွင် အမိန့်ချလိုက်သည်ဟု ရှေ့နေအဖွဲ့ထံမှ သိရသည်။

အဆိုပါ အမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ စီးပွားရေးအကြံပေးဖြစ်သူ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်၊ NLD အစိုးရအဖွဲ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် နှစ်နှစ်နီးပါး တာဝန်ယူခဲ့သူ ဦးကျော်ဝင်း၊ ၎င်း၏ နေရာကို အစားထိုးဆက်ခံသူ ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ပါ အမှုတွဲအဖြစ် ပါဝင်သည်။

“ရှောင်တာနယ်နဲ့ ဝန်ကြီးသုံးပါးကို အင်းစိန်ထောင်ကနေပြီးတော့ နေပြည်တော်ကို ရွှေ့ရမှာပေါ့”ဟု ရှေ့နေအဖွဲ့ဝင် ဦးကြည်ဝင်းက ပြောသည်။ သို့သော် အစီအမံအသေးစိတ်ကိုမူ မသိရသေးဟု ၎င်းက ပြောသည်။

ရှောင်တာနယ်အမှုအပြင်၊ အဂတိပုဒ်မများဖြင့် စစ်ကောင်စီက ထပ်တိုးတရားစွဲထားပြီး မကြာသေးမီကမှ ဒေါ်အောင်ဆန်းစုကြည်ထံ အမှုခေါ်စာရောက်ကြောင်း သိရသည့် ရန်ကုန် ၁မှု၊ မန္တလေး ၄ မှု၊ စုစုပေါင်း ထပ်တိုး ၅ မှု ရှိသည်ဟုလည်း ရှေ့နေအဖွဲ့ထံမှ သိရသည်။

ထပ်တိုးအဂတိမှုများမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရန်ကုန်၊ နေပြည်တော်တွင် မြေရယူမှုကိစ္စများဟုသာ အကြမ်းဖျင်းသိထားကြောင်း၊ အမှုတွဲဖတ်ရှုခွင့်မရသေး၍ အတိအကျမပြောနိုင်သေးကြောင်း ဒေါ်မင်းမင်းစိုးက ဆက်ပြောသည်။

မန္တလေးတရားလွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း ၂မှု၊ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နှင့် တွဲ၍ တစ်မှု၊ ဒေါက်တာမျိုးအောင်နှင့် နေပြည်တော်ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့နှင့် တွဲ၍ တစ်မှု၊ ရန်ကုန်တွင် အသေးစိတ်မသိရသေးသည့် တစ်မှုတို့ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများ၏ ဇွန် ၁၀ ရက် ထုတ်ပြန်ချက်တစ်ရပ်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ရုံးချုပ်)အတွက် မြေငှားရာတွင် အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးအရှိန်အဝါကို အသုံးချ၍ ထိုက်သင့်သည့် တန်ဖိုးထက် များစွာလျော့၍ ပေးခဲ့သည်ဟု ရေးသားထားဖူးသည်။

“ဘယ်လိုလုပ်မှာလဲဆိုတာတော့ မသိသေးဘူးဗျ။ အမှုတွဲတွေကတော့ နေပြည်တော်ရွှေ့မယ်လို့ ရဲတွေအပြော (ရဲတပ်ဖွဲ့ဝင်အချို့ထံမှ ကြားတာ) တော့ ရှိတယ်ဗျ”ဟု ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုပေါင်း ၁၁ မှုအနက် ထောင်သုံးနှစ်ချနိုင်သည့် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) တစ်မှုကို စွဲချက်တင်ရန် သင့်မသင့် လာမည့် တစ်ပတ်ရုံးချိန်း (စက်တင် ဘာ၂၁)၌ အမိန့်ချမည်ဟု ရှေ့နေအဖွဲ့ထံမှ သိရသည်။

ထိုအမှုတွင် သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကိုပါ စစ်ကောင်စီက တစ်ပေါင်းတည်း အမှုဖွင့်ထားပြီး နေပြည်တော်တွင် ထိန်းသိမ်းထားကာ ၎င်းတို့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ငါးဦးပါရှေ့နေအဖွဲ့ဖြင့်ပင် အမှုရင်ဆိုင်နေကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသည့် ထိုပုဂ္ဂိုလ်သုံးဦးစလုံးကို ၎င်းတို့ ဖမ်းခံရပြီးနောက်တွင်မှ ပါတီက ထုတ်ပြန်သည့် စာနှစ်စောင်ကို အကြောင်းပြ၍ စစ်ကောင်စီက အမှုဖွင့်ထားခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီဝင်းအတွင်း ယနေ့(စက်တင်ဘာ၁၄) မစမီ အမှုသည်များနှင့် နာရီဝက်ခန့် ထိုအမှုကိစ္စကို ဆွေးနွေးဖြစ်ခဲ့သော်လည်း တရားရေးကိစ္စဖြစ်၍ ရင်ဆိုင်ရန် မည်သို့ပြင်ဆင်ထားသည်၊ မည်သို့ဖြစ်လာနိုင်သည်တို့ကို ထုတ်ဖော်မပြောနိုင်ဟု ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က ပြောသည်။

သို့သော် ယမန်နေ့(စက်တင်ဘာ ၁၃)က နေထိုင်မကောင်း၍ တရားရုံးရောက်ပြီးမှ လှည့်ပြန်သွားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေကြောင်း၊ ကိုဗစ်အကြောင်းပြ၍ လွန်ခဲ့သည့် နှစ်လ ရုံးချိန်းမထုတ်ဖြစ်သည့် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီ တွေ့ဆုံမှုရှိသည်ဆိုသော သတင်းများမှာ ကောလာဟလသာဖြစ်ကြောင်း ရှေ့နေအဖွဲ့ထံမှ သိရသည်။

“သူ့ကို ပြည်တွင်းဖြစ်ဖြစ်၊ ပြည်ပဖြစ်ဖြစ် ဘယ်သူမှ လာတွေ့တာ မရှိဘူးလို့ ပြောပါတယ်”ဟု ဦးခင်မောင်ဇော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲများဖြစ်ပြီး ရန်ကုန်၊ အင်းစိန်ထောင်၌ ရှိနေသည့် ဦးကျော်ဝင်း၊ ဦးစိုးဝင်း၊ ဦးဆက်အောင်၊ ဦးရဲမင်းဦး၊ ရှောင်တာနယ်တို့ကို အင်းစိန်ထောင်မှ အခြားသို့ ပြောင်းရွှေ့ခြင်းရှိမရှိ သိနိုင်ရန် ရန်ကုန်တိုင်း၊ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button