သတင်း

နိုင်ငံအထက်ပိုင်းရှိ မြို့နယ်အချို့ အင်တာနက်ဖြတ်တောက်ခံရ  

မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယနေ့ (စက်တင်ဘာ ၁၄) မွန်းလွဲပိုင်းမှစ၍ အင်တာနက်လိုင်းပြတ်တောက်သွားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များထံမှ သိရသည်။  

ယနေ့ ညနေပိုင်းအထိ အတည်ပြုနိုင်သော အင်တာနက်ပြတ်တောက်သည့် မြို့နယ်များမှာ စစ်ကိုင်းတိုင်းအတွင်း ပုလဲ၊ ယင်းမာပင်၊ ကနီ၊ ဘုတလင်နှင့် အရာတော်မြို့နယ်များ၊ မန္တလေးတိုင်းအတွင်း မြင်းခြံနှင့် မိုးကုတ်တို့ဖြစ်သည်။ 

အင်တာနက်ဖြတ်တောက်ခံရသော မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF အဖွဲ့များ လနှင့်ချီ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း စက်တင်ဘာ ၇  တွင် ကြေညာပြီးတစ်ပတ်အကြာတွင် အင်တာနက်ပြတ်တောက်ခြင်းဖြစ်ကာ လွန်ခဲ့သော သုံးရက်မှစ၍ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှု ပြင်းထန်နေသည်ဟု NUG ၏ စစ်ကိုင်းတိုင်း PDF တပ်ရင်းတာဝန်ခံတစ်ဦးက ပြောသည်။ 

“ချင်းတွင်းမြစ်မှာ စစ်ရေးလှုပ်ရှားမှု တော်တော်များတယ်။ မြစ်ကြောင်းမှာ တပ်ရင်းတွေတိုးတာ ရှိတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေသော ဒေသတစ်ခုဖြစ်သည့် ကနီမြို့နယ်တွင် ယနေ့ နေ့ခင်း ၁၂ နာရီဝန်းကျင်မှစ၍ အင်တာနက်ဖြတ်တောက်ခံထားရသည်ဟု ကနီမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးထံမှ သိရသည်။

“စစ်ကောင်စီတပ်က ဒီဘက်ကို လင်းယုန်စစ်ဆင်ရေး ဆင်နွှဲမယ်၊။ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်မယ်လို့ ကြားတယ်။ လူမှုကွန်ရက်ကနေပဲ ဆက်သွယ်ကြတာများတော့ လူထုအနေနဲ့ ကြိုတင်ရှောင်ရှားဖို့ ပိုခက်သွားနိုင်တယ်။ ဒါတွေအတွက် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာပါ” ဟု အထက်ပါ တက်ကြွလှုပ်ရှားသူက ပြောသည်။ 

အင်တာနက်ဖြတ်တောက်သော မြို့နယ်များကို အထူးစစ်ဆင်ရေးပြုလုပ်မည်ဟု ယူဆရပြီး PDF အဖွဲ့ များ၏ ရိက္ခာနှင့် ဘဏ္ဍာရေးစုဆောင်းမှုကို ဟန့်တားနှောင့်ယှက်နိုင်ရန် စစ်ရေးအရ အဆက်အသွယ်ဖြတ်တောက်ခြင်းဖြစ်သည်ဟု အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်များတွင် ပါဝင်သော ပုလဲမြို့နယ်မှ PDF အဖွဲ့ခေါင်းဆောင် ကိုနဂါးက ပြောသည်။

“စောစောပိုင်းပြတ်တာက အော်ရီဒူးရယ်၊ MPT ရယ်။ တယ်လီနောကတော့ နေ့လယ် ၂ နာရီကျော်ကျော်လောက်မှ ပြတ်တာ။ အခက်အခဲရှိဖို့က များပါတယ်” ဟု ဘုတလင်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

စစ်ကိုင်းတိုင်းအတွင်း အရာတော်နှင့် ယင်းမာပင်မြို့နယ်တို့တွင်လည်း အင်တာနက်ဖြတ်တောက်ခံထားရကြောင်း အဆိုပါမြို့နယ်များမှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်သူများက ဆိုသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော မန္တလေးတိုင်းအတွင်းမှ မိုးကုတ်နှင့် မြင်းခြံမြို့နယ်တို့တွင်လည်း အင်တာနက်ပြတ်တောက်နေကြောင်း သိရသည်။ 

“အင်တာနက်က နေ့လယ် ၂ နာရီကစပြီး ပြတ်သွားပါတယ်။ အခုရနေတာက ကေဘယ်နဲ့လုပ်ထားတဲ့ ဝိုင်ဖိုင်စက်တွေတော့ ရနေသေးတယ်။ ကျွန်တော်တို့အတွက်ကတော့ သတင်းတွေ စောင့်ကြည့်ဖို့ ခက်သွားမယ်။ အခုက စပြတ်ခါစ မသိသာပေမဲ့၊ ရက်ရှည်လာရင်တော့ မလွယ်လောက်ဘူး” ဟု မိုးကုတ်မြို့မှ ဦးဟိန်းမောင်က ဆိုသည်။ 

စစ်ကောင်စီဘက်က အဖမ်းအဆီးကြမ်းနေသည့် မြင်းခြံမြို့နယ်တွင် ယနေ့ နေ့ခင်း ၁၂ နာရီဝန်းကျင်မှစ၍ အင်တာနက်ဖြတ်တောက်ခံထားရသည်ဟု သိရသည်။ 

မကွေးတိုင်းအတွင်းမှ မြို့နယ်တစ်ခုဖြစ်သော တောင်တွင်းကြီး၌လည်း အင်တာနက်ပြတ်တောက်နေသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းမှ ဖားကန့်၊ ခန္တီးနှင့် ဟုမ္မလင်းမြို့နယ် များတွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ တစ်လနီးပါး ရှိပြီဖြစ်သည်။

စစ်အာဏာသိမ်းမှုကို အပြင်းအထန်ဆန့်ကျင်သော လမ်းပေါ်မှ ဆန္ဒပြပွဲများ ပြင်းထန်ခဲ့သည့် ဖေဖော်ဝါရီနှင့် မတ်လအတွင်း စစ်ကောင်စီက ၎င်းတို့၏ အကြမ်းဖက်ဖြိုခွင်းမှုများကို ဖုံးကွယ်နိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်ကို ကန့်သတ်ပိတ်ပင်ခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီဆိုသော ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေသည့် သတင်းတုများ လူမှုကွန်ရက်ပေါ် ပြန့်ခဲ့ဖူးသည်။ 

“အစကတည်းကမှ ပြည်သူလူထုက မလုံခြုံဘူးလို့ ကြောက်လန့်နေကြရတာ။ သတင်းအမှောင်၊ မီးအမှောင်ချပြီး ကမ်းကုန်အောင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ကြတော့မဲ့ပုံဆိုတော့ ပြည်သူလူထုက လုံးဝကို မလုံခြုံတော့ဘူး” ဟု အင်တာနက်ဖြတ်တောက်ခံရသည့် မိုးကုတ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။ 

စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သော ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံခဲ့ရဖူးသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button