အိန္ဒိယနယ်စပ်ရှိ ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ပူးပေါင်း၍ ယမန်နေ့ (စက်တင်ဘာ၁၁)ည ၉ နာရီခွဲခန့်က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးလည်း သေဆုံးခဲ့သည်ဟု ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF) ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုသည်။
“ဂျက်လေယာဉ် ပျံလာမှာစိုးလို့ မနေ့က ညဘက်မှာ ကျွန်တော်တို့ အဲဒီစခန်းကို ပြန်ချတယ်၊ ည ၁၀ နာရီထိုးခါနီးမှာ စခန်းကို သိမ်းလို့ရတာပေါ့” ဟု ထန်တလန် (CDF) ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ထိုစခန်းကို CNA နှင့် CDF တို့က အင်အား ၂၀၀ ခန့်ဖြင့် စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက တစ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ကူပေးခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
ယခု စခန်းသိမ်းနိုင်ခဲ့သည့် တစ်နာရီခွဲခန့်ကြာ ညဘက်တိုက်ပွဲအတွင်း CNA နှင့် CDF ပူးပေါင်းအဖွဲ့က အင်အား ၄၀၀ ခန့် အသုံးပြုတိုက်ခိုက်ခဲ့ရာ ၎င်းတို့ဘက်မှ ၈ ဦး ဒဏ်ရာရကြောင်း၊ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး စခန်းကို မီးရှို့ကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ထန်တလန် (CDF) အဖွဲ့က ဆိုသည်။
သို့သော် စခန်းသိမ်းတိုက်ပွဲမဖြစ်ပွားမီ နှစ်ပတ်ခန့်က ထိုစခန်းမှ စစ်ကောင်စီ စစ်သားငါးဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ကာ နယ်စပ်ကို ဖြတ်၍ အိန္ဒိယနိုင်ငံထဲသို့ ဝင်သွားသည်ဟုဆိုသော်လည်း ထိုစခန်းတွင် စစ်ကောင်စီအင်အားမည်မျှရှိသည်တို့ကိုမူ သီးခြားအတည်မပြုနိုင်သေးပါ။
ထို့အတူ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ကူပေးခဲ့သည့် စက်တင်ဘာ ၁၀ ရက်တွင် အိမ်ခြေ ၁၀၀ ကျော်ရှိ လုံလဲရ်ကျေးရွာအတွင်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲသည်ဆိုသော်လည်း ထိခိုက်ပျက်စီးမှုအခြေအနေကို အသေးစိတ်မသိရသေးပေ။
အိန္ဒိယနယ်စပ်နှင့် နီးကပ်သည့်အတွက် လုံလဲရ်ကျေးရွာသားများမှာမူ စက်တင်ဘာ ၈ ရက်ကတည်းက မီဇိုရမ်ပြည်နယ်ဘက်သို့ တိမ်းရှောင်ခဲ့ကြပြီးဖြစ်ကြောင်း ထန်တလန် (CDF) ထံမှ သိရသည်။
စခန်းသိမ်းပြီး နောက်ရက် စက်တင်ဘာ ၁၂ တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ထိုနေရာတဝိုက်၌ လှည့်လည်သွားလာနေသည်ကို တွေ့ရကြောင်း ထန်တလန် (CDF) ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
စက်တင်ဘာ ၉ ရက်နေ့ကလည်း ထန်တလန်မြို့အတွင်း ရှာဖွေစစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF(ထန်တလန်) အဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် စစ်သားနှစ်ဦး သေဆုံးခဲ့သည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ရက်စက်စွာ နှိမ်နင်းသည့် စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံနေသည့် တိုက်ပွဲများ နိုင်ငံအနှံ့ ပေါ်ပေါက်နေပြီး စက်တင်ဘာ ၇ ရက်မှစ၍ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ပါဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe