
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာကို စစ်ကောင်စီတပ်က ယနေ့ (စက်တင်ဘာ ၁၂) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံရွာသားတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံသုံးဦးက ပြောသည်။
ထယ်လှော်ရွာကို စစ်ကောင်စီတပ်က နံနက် ၄ နာရီဝန်းကျင်တွင် စတင်ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ဒေသခံ PDF အဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် နံနက် ၆ နာရီကျော်တွင် ရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးဖြစ်သူက Myanmar Now ကို ပြောသည်။
“မီးခိုးတွေ တော်တော်များများကြီးကို ထွက်တုန်းခင်ဗျ။ မီးခိုးတွေ တအားကြီးကို များတယ်။ မြင်ရတယ် မီးခိုးတွေထွက်နေတုန်းပဲ” ဟု ယနေ့ညနေပိုင်း ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က ရွာအတွင်း ဝင်ရောက်မီးရှို့စဉ် ပစ္စည်းများထားကာ ထွက်ပြေးခဲ့ရသဖြင့် ပျက်စီးဆုံးရှုံးမှုများသည်ဟုလည်း ၎င်းက ဆိုသည်။
“ဆုံးရှုံးမှုကတော့ တအားကြီးကို များတယ်ဗျ။ ကိုယ့်အိမ်ထဲမှာ ပစ္စည်းတွေလဲ ထားပြီး ထွက်ပြေးရတဲ့အတွက်ကြောင့် ပစ္စည်းတွေကလဲ ဘာမှ မယူလာမိဘူး။ လူလဲ အသက်ကိုပဲ လွတ်အောင်ပြေးကြရတယ်။ ပစ္စည်းတွေက မီးထဲပါသွားတယ်” ဟု ထိုအမျိုးသားက ဆက်ပြောသည်။
စစ်ကောင်စီတပ်က ထယ်လှော်ရွာကို ညနေ ၃ နာရီအထိ တပ်စွဲခဲ့ကြောင်း၊ ထွက်မပြေးဘဲ ကျန်နေခဲ့သူများအနက် အသက် ၅၅ နှစ်အရွယ် ဦးဘဝင်းကို စစ်တပ်က ဦးခေါင်းကို ပစ်ကာ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။
“ဦးနှောက်တွေက ထွက်နေတယ်ခင်ဗျ။ ခေါင်းတစ်ချက်ပွင့်သွားတယ်။ စစ်သားတွေက သတ်သွားတာ။ ကျန်နေခဲ့လို့နေမယ်။ သူကရွာသားပဲ။ ဘာမှလဲလုပ်တာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ညနေပိုင်းတွင် စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာသွားပြီးနောက် ဒေသခံများ ရွာအတွင်း ပြန်လည်ဝင်ရောက်စဉ် ကျွဲနွားနှင့် ဝက်များကို သတ်ဖြတ်ကာ ချက်ပြုတ်စားသောက်ထားသည်ကို တွေ့ရှိရသည်ဟုလည်း ဆက်ပြောသည်။
“သူတို့က ရွာထဲဝင်ပြီး ရွာထဲမှာရှိတဲ့ ဝက်တွေ၊ ကျွဲနွားတွေ အကုန်သတ်တယ်။ အိမ်ပေါ်တွေမှာ ချက်စားတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ နံနက်ပိုင်း စစ်တပ်နှင့် အပြန်အလှန်ပစ်ခတ်စဉ်အတွင်း ဒေသခံ PDF အဖွဲ့မှ သုံးဦး ဒဏ်ရာရရှိခဲ့ကာ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ထိုရွာမှ အခြားဒေသခံတစ်ဦးက ပြောသည်။
“သေနတ်မှန်ပြီး သေသွားတာပေါ့။ ဘေးနားမှာတော့ သွေးတွေအိုင်နေတာပဲ။ ရင်ဘတ်ညာဘက်ခြမ်းကို ထိတာ” ဟု စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သော PDF အဖွဲ့ဝင်နှင့် ပတ်သက်၍ ၎င်းက ပြောသည်။
ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာကို စစ်တပ်က ဧပြီလနှင့် ဇူလိုင်လအတွင်း၌ နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်းခဲ့ဖူးပြီး ထိုစဉ်က ဒေသခံများပိုင်ဆိုင်သည့် ဆိုင်ကယ်များနှင့် ရွှေငွေပစ္စည်းများ ယူဆောင်သွားခဲ့သည်ဟု သိရသည်။
“ဒီတစ်ခေါက်ကတော့ လူတွေ ဘဝပျက်၊ အိုးမဲ့အိမ်မဲ့နေရတော့တာပေါ့ဗျာ။ သူတို့အာဏာရချင်လို့ ပြည်သူကို မတွန်းလှန်ရဲအောင် သတ်ဖြတ်အနိုင်ကျင့် ခြိမ်းခြောက်တယ်လို့ ယူဆတယ်ဗျ” ဟု ယနေ့ ဝင်ရောက်စီးနင်းမှုအပေါ် အထက်ပါဒေသခံတစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းနေသည့် နေအိမ်များကို ထယ်လှော်ရွာခံများနှင့်အတူ အနီးအနားရှိ ကျေးရွာများမှ ဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကာ မီးရှို့ခံရသည့် နေအိမ် ၂၇ လုံးရှိကာ အိမ် ၂၀ မှာ လုံးဝပျက်စီးခဲ့သည်ဟု သိရသည်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဆက်တိုက်ဝင်ရောက် စီးနင်းလျက်ရှိသည်။ စက်တင်ဘာ ၉ တွင် မြင်သားရွာကို စစ်တပ်ဝင်ရောက်စီးနင်းစဉ် ဒေသခံ ၁၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး အများစုမှာ အသက် ၁၈ အရွယ် လူငယ်များဖြစ်သည်။ မြင်သားရွာရှိ နေအိမ် ၂၀ ကျော်ကိုလည်း စစ်တပ်က မီးရှို့ခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၁၀ ရက်တွင်လည်း ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာတွင် စစ်တပ်က ဝင်ရောက်စီးနင်းကာ နေအိမ် ၃၆ လုံးကို မီးရှို့ခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe