ဆောင်းပါး

ဘေးရန်အပေါင်း သရဖူဆောင်းသည့် ရန်ကုန်မြို့

ရန်ကုန်မြို့၏ အထင်ကရဖြစ်သော၊ ဘုရားဖူးသူများဖြင့် စည်းကားခဲ့သော ရွှေတိဂုံစေတီ၏ ကျယ်ပြန့်သည့် ရင်ပြင်ပေါ်တွင် ဘုရားဖူးသူ ဆယ်ဂဏန်းသာရှိပြီး တန်ဆောင်းအတွင်းတွင် ရွတ်ဖတ်သရဇ္စျာယ်နေသူတချို့၊ နေ့နံထောင့်များတွင် ဘုရားရှိခိုးနေသူ တစ်ဦးစ နှစ်ဦးစကို တွေ့ရသည်။ 

စောင်းတန်းများမှ နိဗ္ဗာန်ကုန်ဈေးဆိုင်အားလုံးနီးပါး ပိတ်ထားသည်။ ဘုရားမုခ်ဦးလေးခုအနက် အနောက်ဘက်မုခ်မှ တက်ရောက်ခွင့်ပိတ်ထားပြီး စစ်ကောင်စီက ရွှေတိဂုံကို ညနေ ၆ နာရီ အထိသာ ဖွင့်သည်။ 

ဝမ်းနည်းလျှင်ဖြစ်စေ၊ ဝမ်းသာလျှင်ဖြစ်စေ ရန်ကုန်မြို့ခံတို့ ဗွေဆော်ဦးလာရောက်လေ့ရှိသည့် ရွှေတိဂုံမှာ ခြောက်သွေ့သွားသလို အရွယ်စုံ၊ လူတန်းစားပေါင်းစုံဖြင့် အချိန်ပြည့်လှုပ်ရှားသက်ဝင်ခဲ့သည့် ရန်ကုန်မြို့ကြီးမှာ စစ်အာဏာသိမ်းမှုအောက် မလုံခြုံမှု၊ တော်လှန်မှုတို့ဖြင့် ရုန်းကန်နေရသည်။

ကိုဗစ်ကပ်ဘေးအပြင် စစ်အာဏာသိမ်းသည့် နောက်ဆက်တွဲဆိုးကျိုးကို တစ်နိုင်ငံလုံး ရင်ဆိုင်ကျော်လွှားနေရချိန် ရန်ကုန်မြို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေအားလုံးမှာ အရှိန်အဟုန်ဖြင့် ယိုယွင်းလာနေသည်။

လမ်းပေါ် စစ်ဆေးမှုများ

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာသည့် စက်တင်ဘာ ၇ တွင် မြို့ကြီးများအနက် စီးပွားရေးမြို့တော် ရန်ကုန်သည် လုံခြုံရေးအတင်းကျပ်ဆုံးနှင့် အလှုပ်ခတ်ဆုံးဖြစ်လာသည်။ 

ဈေးများ၊ ဆေးဆိုင်များတွင် ဝယ်သူပိုများလာသလို လမ်းမများပေါ်တွင် စစ်ကားများက ပုံမှန်နေ့များထက် လှည့်လည်သွားလာနေကြသည်။ ရဲစခန်းများ၊ အုပ်ချုပ်ရေးမှူးရုံးများတွင် သဲအိတ်အကာအရံများဖြင့် တပ်စွဲထားပြီး ကျီးကန်းတောင်းမှောက် ကြည့်နေတတ်သည့် စစ်ကောင်စီတပ်သားတို့က သေနတ်များကို လမ်းမဘက်သို့ ချိန်ရွယ်ကာ မောင်းခလုတ်ဖြုတ်ရန် အသင့်ပြင်ထားကြသည်။

စစ်ကောင်စီတပ်သားတို့က လမ်းပေါ်မှ ကားများကို တားကာ ရှာဖွေစစ်ဆေးတတ်သလို ယာဉ်မောင်း၏ တယ်လီဖုန်းကိုလည်း အသေးစိတ် စစ်ဆေးတတ်သည်

“ကားတွေနဲ့ ပုံစံမျိုးစုံ ပိုပြီးပတ်နေတာ တွေ့ရတယ်။ ပြည်သူတွေကလည်း အဲဒါတွေကို စိုးရိမ်နေတာပေါ့၊  ဘာများဖြစ်မလဲဆိုပြီးတော့”ဟု ဒေါပုံမြို့နယ်နေ ကိုဘုန်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ လမ်းများပေါ်တွင် ရဲနှင့် စစ်သားတို့ စုဖွဲ့စောင့်ကြည့်နေတတ်ပြီး နေ့စဉ်နှင့်အမျှ တားဆီးစစ်ဆေးခံနေရကြောင်း စက်ဘီးဖြင့် အစားအစာပို့ဆောင်ပေးသည့် Foodpanda ဝန်ထမ်း ကိုခင်က ဆိုသည်။

“အရင်ကဆိုရင် အဆင်ပြေသလို သွားလို့လာလို့ရတယ်။ အခုကျတော့ (စစ်ကောင်စီတပ်) တွေ့တာနဲ့ ထွက်ပြေးနေရတာ။ ကိုယ့်လိပ်ပြာကိုယ်မလုံသလိုပေါ့ဗျာ။ အရင်က ရဲတွေ ဘာတွေတွေ့ရင် ရှောင်စရာ မလိုဘူးလေ။ ကျွန်တော်တို့ အားကိုးရတဲ့လူတွေပေါ့။ အခုကျတော့ အားကိုးရတဲ့လူတွေ မဟုတ်တော့ဘူး။ သူပုန်တွေဖြစ်သွားပြီ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်ကို စစ်မြေပြင်ပမာ သဘောထားနေကြသည့် စစ်ကောင်စီတပ်သားအများအပြားက ရိုင်းစိုင်းစွာ ပြောဆိုကြပြီး ၎င်းတို့ရှေ့တွင် စက်ဘီးဆင်းတွန်းသွားရန် တင်းတင်းမာမာ ပြောတတ်သည်၊ ပါလာသည့်ငွေကို ယူမည်ဟု အခြိမ်းခြောက်ခံရဖူးကြောင်း ၎င်းက ဆိုသည်။

ကပ်ဘေးကာလ ရန်ကုန်လမ်းများပေါ်တွင် အများဆုံးတွေ့ရတတ်သော ကိုခင်တို့ စက်ဘီးသမားများမှာ အစစ်အဆေးအခံရဆုံးဖြစ်နေသည်။ အချိန်အကန့်အသတ်ဖြင့် အလုပ်လုပ်ကိုင်ရခြင်း၊ လွတ်လပ်စွာသွားခွင့် မရှိခြင်းတို့ကြောင့် ဝင်ငွေထက်ဝက်ကျဆင်းသွားကာ စက်ဘီးကို ပေါင်နှံရောင်းချ၍ အလုပ်အကိုင်စွန့်လွှတ်သွားသူတို့ပင်ရှိကြောင်း ၎င်းက ပြောသည်။

ပေါက်ကွဲမှုများဖြစ်ပါက အစစ်အဆေးပိုကြမ်းလေ့ရှိသဖြင့် စစ်ကောင်စီတပ်များရှိသည့် နေရာများကို ရှောင်ကွင်းသွားလာရန် အပြင်မထွက်မီ သတင်းများနားစွင့်ကြရသည်။ သို့သော်လည်း ပေါက်ကွဲမှု၊ ပစ်ခတ်မှုတို့က အချိန်နှင့် နေရာမရွေးပေ။ 

ပြည်သူ့တော်လှန်ရေးကြေညာပြီး နှစ်ရက်အကြာ စက်တင်ဘာ ၉ တွင် စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ဂွဈေးအနီးတွင် စစ်ကားတစ်စီး ရုတ်တရက် ပစ်ခတ်တိုက်ခိုက်ခံရစဉ် ခလရ ၁၃၉ မှ ဒုတပ်ရင်းမှူးနှင့် စစ်သားတချို့ ထိခိုက်၊ သေဆုံးသွားသည်။ ထုံးစံအတိုင်း ပစ်ခတ်သူတို့ကို လိုက်လံရှာဖွေသည့် စစ်ကောင်စီတပ်က နေရာအများအပြားတွင် ပစ်ခတ်၊ ပိတ်ဆို့၊ စစ်ဆေးခဲ့သည်။

လမ်းပေါ်တွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ ပစ်မှတ်ထားခံရတတ်သည်ဟု မေလက ရန်ကုန်မြို့လယ်တွင် အစစ်အဆေးခံခဲ့ရသည့် အမည်မဖော်လိုသူ ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ဆိုသည်။

ရဲနှင့် စစ်သား ၁၀ ဦးခန့်ရှိသည့် ပူးပေါင်းအဖွဲ့က ပိတ်ဆို့စစ်ဆေးခြင်းဖြစ်ပြီး ၎င်း၏ ကျောပိုးအိတ်ကို စစ်ဆေးရာ စာအုပ်တစ်အုပ်သာ တွေ့ရှိခဲ့ပြီးနောက် နေရပ်လိပ်စာနှင့် သွားမည့်နေရာကို မေးမြန်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပြောက်ကျားသပိတ်လုပ်တဲ့နေရာတွေ၊ နောက်ပြီး တစ်ခုခုဖြစ်သွားပြီး အခြားနေရာမှာ ပေါက်ကွဲမှုဖြစ်ပြီဆို ဆက်စပ်တဲ့နေရာတွေဆိုရင် ဖုန်းတွေစစ်တယ်၊ အိတ်တွေစစ်တယ်” ဟု ၎င်းက ပြောသည်။

လူစည်ကားသည့်နေရာတိုင်း အရပ်ဝတ် စစ်ကောင်စီတပ်သားတချို့ စောင့်ကြည့်နေတတ်ပြီး အန္တရာယ်ပြုနိုင်သဖြင့် အထူးသတိထားသွားလာနေရကြောင်း အထက်ပါလူငယ်က ဆိုသည်။

ရပ်ကွက်အတွင်း မျက်နှာစိမ်းစျေးသည် ဝင်လာလျှင် စစ်ကောင်စီတပ်၏ ထောက်လှမ်းရေးဖြစ်ဖွယ်ရှိသည်ဟု မြို့ခံတို့က ယူဆပြီး အချင်းချင်း သတိပေးကြသည်။ 

ခြင်းတောင်းငယ်ထမ်းပြီး လမ်းတကာလျှောက်သွားသည့် မုန့်ဖက်ထုပ်သည်များကို ရံဖန်ရံခါ တစ်နေရာတည်း အစုလိုက်အပြုံလိုက် တွေ့ရတတ်သည်။

တင်းကျပ်သည့်လုံခြုံရေး ချထားလင့်ကစား မြို့ပြပြောက်ကျားတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။  

စစ်ကောင်စီက လက်နက်ကိုင်အန်တုသူတို့ကို အကြမ်းဖက်သမားများဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြလေ့ရှိသည်။ စစ်သားနှင့် ရဲတို့သည် သံသယရှိလျှင် ပစ်ခတ်ခွင့်၊ ဖမ်းဆီးနှိပ်စက်ခွင့် ရှိနေပြီး တချို့မှာ ဖမ်းဆီးခံရစဉ် သေဆုံးသွားကြသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း လက်လှမ်းမီသမျှ စုံစမ်းမှတ်တမ်းတင်ထားချက်အရ စစ်ကောင်စီတပ်သားတို့လက်ချက်ကြောင့် သေဆုံးသူ ၁၀၆၂ ဦးထက်မနည်း ရှိလာကြောင်း အသင်း၏ စက်တင်ဘာ ၁၀ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်ကောင်စီကမူ ထိုအသင်းက ထုတ်ပြန်သော သေဆုံးမှုကိန်းဂဏန်းမှာ ချဲ့ကားထားခြင်းသာဖြစ်သည်ဟု တုံ့ပြန်တတ်သည်။ အရပ်သားသေဆုံးမှုအတွက် စစ်ကောင်စီက ၎င်း၏လက်နက်ကိုင်များကို အပြစ်ပေးခြင်း မရှိပေ။

အာဏာသိမ်းမှု ၇ လကြာမြင့်လာပြီးနောက် ရန်ကုန်သည် သေနတ်သံ၊ ဗုံးသံများနှင့် မစိမ်းတော့သော်လည်း အသက်၊ အိုးအိမ်၊ စည်းစိမ်အတွက် အာမခံချက်ကင်းမဲ့သည့် စီးနင်းတိုက်ခိုက်မှုများကြောင့် သန်းနှင့်ချီသော မြို့ခံများသည် ကျီးလန့်စာစားဘဝသို့ တဖြည်းဖြည်းရောက်ရှိသွားသည်။

တစ်ပြိုင်တည်းတွင် ရန်ကုန်သည် ကမ္ဘာ့မြို့ကြီးပေါင်း ၆၀ တွင် မလုံခြုံဆုံးဖြစ်ကြောင်း လန်ဒန်အခြေစိုက် Economist မဂ္ဂဇင်း၏ သုတေသနဌာနဖြစ်သော The Economist Intelligence Unit (EIU) က ထုတ်ပြန်သည့် ဘေးကင်းလုံခြုံသောမြို့တော်များအညွှန်းကိန်း ၂၀၂၁ တွင် ဖော်ပြထားသည်။

သန်းခေါင်ယံကျူးကျော်သူ 

ရပ်ကွက်အုပ်ချုပ်ရေးရုံးအများအပြားပိတ်ထားရသော်လည်း ရပ်ကွက် ၂ ခု၊ ၃ ခုစာအတွက် တစ်နေရာတည်းတွင် စု၍ ဧည့်စာရင်းတိုင်ခိုင်းနေကြောင်း၊ လူဦးရေ ၆ သန်းဝန်းကျင် နေထိုင်သော ရန်ကုန်အတွက် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်သား အရေအတွက် အကန့်အသတ်နှင့်သာ ရှိသဖြင့် ၎င်းတို့ဖမ်းဆီးလိုသူများ နေထိုင်နိုင်သည့် ရပ်ကွက်များတွင်သာ ဧည့်စာရင်း ကွက်ကျားစစ်ဆေးနေကြောင်း ဒေသခံတချို့က ဆိုသည်။  

ဆန္ဒပြမှုနှင့် ဆန့်ကျင်မှုအားကောင်းသောနေရာတွင် အစစ်အဆေးကြမ်းသည်ဟု Myanmar Now က မေးမြန်းခွင့်ရသည့် ဧည့်စာရင်းအစစ်ခံရဖူးသူနှစ်ဦးက ဆိုသည်။

ရန်ကုန်တစ်မြို့လုံး ည ၈ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး အရေးကြီးအဆောက်အအုံများ၊ ဌာနဆိုင်ရာရုံးများနှင့် သံရုံးများရှိသည့် လမ်းအချို့ကို အတားအဆီးများ (barricade)ချကာ လမ်းပိတ်ထားသည်။ 

ဆန့်ကျင်သူတို့ကို နည်းမျိုးစုံသုံး၍ ဖမ်းဆီးနှိပ်ကွပ်နေသော်လည်း ပြည်သူတို့က ရသည့်နည်းဖြင့် တန်ပြန်ဆန့်ကျင်သောကြောင့် စစ်ကောင်စီသည် နေရာတိုင်းကို ကောင်းစွာ မထိန်းချုပ်နိုင်ကြောင်း မြို့ကြီးများတွင် စားသောက်ကုန်ဖြန့်ဖြူးရောင်းချနေသည့် ကိုကျော်က သုံးသပ်သည်။

“ထိန်းချုပ်လို့မရတော့ဘူး။ ရချင်ယောင်ဆောင်နေတာ၊ သေနတ်တွေ ကိုင်ထားတဲ့အတွက် လူတွေက သေရမှာကို ကြောက်ပြီးတော့ လမ်းပေါ်ကို အရင်တုန်းကလို သိန်းနှင့်ချီ မထွက်တော့တာပဲရှိတယ်” ဟု ၎င်းက ပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကြေညာလိုက်သည့် စက်တင်ဘာ ၇ တွင် ရန်ကုန်ဒေသခံအများအပြားက ဆိုင်ကြီးဆိုင်ငယ်များသို့ သွားပြီး ရိက္ခာပစ္စည်း ဝယ်ယူစုဆောင်းကြသည် 

ပန်းခြံတချို့ဖွင့်လှစ်လာပြီး စည်ပင်သာယာဝန်ဆောင်မှုများဖြစ်သည့် ရေနှင့် အမှိုက်သိမ်းစနစ်မှာ ဆိုးဆိုးရွားရွား မဖြစ်သေးပေ။ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်မှာမူ ယိုယွင်း ပျက်သုဉ်းလာနေသည်။ 

ပြေးဆွဲပေးသည့် ဘက်စ်ကားနည်းသလို ခရီးသည်လည်းနည်းသည်။ သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်မြို့နယ်များကို ဖြတ်သန်းပြီး ဆူးလေစေတီအထိ ပြေးဆွဲနေသည့် နံပါတ် ၇၂ လိုင်းကားစီးရန် မှတ်တိုင်တွင် ၁ နာရီခန့် စောင့်ရကြောင်း သာကေတမြို့နယ်နေ ခရီးသည်တစ်ဦးက ပြောသည်။

ယာဉ်လိုင်းအချို့တွင် ကားခကို ပုံးထဲထည့်ရသည့်စနစ် မကျင့်သုံးဘဲ ကားခပိုတောင်းသော၊ ရိုင်းစိုင်းစွာ ဆက်ဆံတတ်သော စပယ်ယာများ ကားပေါ်ပြန်ရောက်လာသည်ကို တွေ့ရသည်ဟု မြောက်ဥက္ကလာတွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် ကိုအောင်က ပြောသည်။

“ကျွန်တော်တို့က စစ်သားနဲ့ ရဲတင်မဟုတ်ဘူး၊ စပယ်ယာပါ ပြန်ကြောက်ရတဲ့ခေတ်ကို ရောက်နေပြီ” ဟု ကိုအောင်က ပြောသည်။

ပြေးဆွဲခွင့် ဖျက်သိမ်းထားခဲ့သည့် BM ခေါ် သက်တမ်းလွန် ဘတ်စကားများ ပြန်လည်ပြေးဆွဲလာသလို ရွှေပြည်သာ၊ လှိုင်သာယာ၊ သာကေတ စသည့်မြို့နယ်များတွင် အပေါ့စားကုန်တင်ယာဉ်များလည်း ခရီးသည်တင်နေကြသည်။ 

မြို့တော်ခန်းမရှေ့ လမ်းမကြီးကိုလည်း အာဏာသိမ်းပြီးရက်ပိုင်းအတွင်းမှစ၍ ယနေ့တိုင် ပြန်မဖွင့်နိုင်သေးပေ။

လျှပ်စစ်ဓာတ်အားအများဆုံးသုံးစွဲသည့် ရန်ကုန်မြို့တွင် မီတာခများ မ‌ဆောင်သည့်နည်းဖြင့် အာဏာဖီဆန်နေကြရာ  မပေးဆောင်ပါက မီးဖြတ်မည်ဟု ခြိမ်းခြောက်သည့်အပြင် ရပ်ကွက်တချို့တွင် လျှပ်စစ်ရုံးဝန်ထမ်းတို့က လက်နက်ကိုင်များခြံရံကာ မီတာခလိုက်လံကောက်ခဲ့ကြသည်။

လက်နက်ကိုင်နှင့် တစ်အိမ်တက်ဆင်းလိုက်တောင်းသည့်လများတွင် ပေးခဲ့သော်လည်း နောက်လများတွင် မပေးဆောင်တော့ကြောင်း၊ စည်ပင်လိုင်စင်ကြေးနှင့် အခွန်အခများကိုလည်း အလားတူမပေးခြင်းဖြစ်ကြောင်း စားသောက်ကုန်ဖြန့်ဖြူးသူ ကိုကျော်က ဆိုသည်။ 

“အဲ့ဒါကြောင့် ဝန်ကြီးဌာနတွေ ငွေကို လျှော့သုံးပါ၊ ဝင်ငွေနည်းလာပြီ၊ ဒါ သူတို့ကိုယ်တိုင် ထုတ်ပြောလာရတဲ့ အနေအထားမျိုးဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရန် ခက်လာပါက ဓာတ်အား‌လျော့နည်းကာ အလှည့်ကျမီးပေးသည်အထိ ဖြစ်လာနိုင်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ဇူလိုင်တွင် ပန်ကြားချက်ထုတ်ထားသည်။

ဆိုက်ကားသမားမှ သူဌေးအထိ ကျပ်တည်းလာ

ကပ်ရောဂါနှင့် အန္တရာယ်အသွယ်သွယ်ဝန်းရံနေသည့် ရန်ကုန်တွင် ရုံးသွား၊ ရုံးပြန်နှင့် ခရီးသွားနည်းနေပြီး နေ့တွက်မကိုက်တော့ကြောင်း သာကေတမှ အသက် ၅၀ ကျော်အရွယ် ဆိုက်ကားသမားတစ်ဦးက ညည်းသည်။

တစ်နေကုန်နင်းလျှင် ယခင်က ကျပ် ၁၀,၀၀၀ အထိ ရတတ်သော်လည်း ယခုအခါ ၄,၀၀၀ ရရန် မသေချာတော့ပေ။  

“အရင်ကတော့ ခပ်ချေချေပဲ။ နေ့ခင်း တစ်ရေးအိပ်ချင်အိပ်သေးတာ၊ လာနှိုးရင် သိပ်မကြိုက်ချင်ဘူး။ အခုကတော့ Ready (အဆင်သင့်)။ ဈေးသိပ်မကိုက်လည်း လိုက်ပို့ရတာပဲ၊ အရင်လို ချေလို့မရတော့ဘူး”ဟု ဦးကျော်က ဆိုသည်။

ဝင်ငွေနည်းသူတချို့ အလုပ်လက်မဲ့ဖြစ်သွားသဖြင့် နယ်မြို့များသို့ ပြန်သွားကြောင်း ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေလမ်းမထောင့်ရှိ Yoma Central ဆောက်လုပ်ရေးစီမံကိန်းမှ ဆောက်လုပ်ရေးလုပ်သား ကိုကိုမောင်က ပြောသည်။

ရိုးမအုပ်စု၊ ဂျပန် မစ်ဆူဘီရှိကော်ပိုရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ဒေါ်လာသန်း ၈၀၀ တန် ထိုစီမံကိန်းကို တစ်နှစ်ရပ်ဆိုင်းရန် မေလက ဆုံးဖြတ်ခဲ့ရာ ရာထောင်ချီသော ဆောက်လုပ်ရေးလုပ်သားများ ထိခိုက်သွားသည်။

“အလုပ်က ဗြုန်းဒိုင်းကြီး မရှိတော့ဘူးဆို‌တော့ ပထမတော့ အလုပ်ကရတဲ့ပိုက်ဆံလေးနဲ့ စားရင်းနဲ့ရှာတာပေါ့။ ရှာရင်းနဲ့ အလုပ်တွေက ဘယ်နေရာမှ အဆင်မပြေဘူး။ ရှိတဲ့ဝန်ထမ်းတောင် ဖြုတ်နေတာဆိုတော့ နောက်ထပ်ခန့်ဖို့က အဆင်မပြေဘူး။ အဲ့ဒါကြောင့် ရွာပြန်ပြီးတော့ ဆွေမျိုးတွေနဲ့ စိုက်ပျိုးရေးလုပ်စားနေတာ” ဟု ၎င်းက ဆိုသည်။

အခြားမြို့များထက် အိမ်လခ၊ နေစရိတ်၊ စားစရိတ် ကြီးမားသည့် ရန်ကုန်တွင် အလုပ်အကိုင်လုံခြုံမှု မရှိခြင်းသည် လက်လုပ်လက်စားများအတွက် အန္တရာယ်တစ်ခုဖြစ်နေသည်။

စစ်အာဏာသိမ်းပြီးနောက် အစစအရာရာကျပ်တည်းလာပြီး အိမ်ငှားခမဆိုထားနှင့် စားစရိတ်ကိုပင် မလွယ်ကူကြောင်း သားသမီးနှစ်ဦး၏ ဖခင် ကိုကိုမောင်က ဆိုသည်။

ကိုကိုမောင်နည်းတူ လှိုင်သာယာတွင် ပန်းရန်လုပ်နေသည့် ဦးတင်ဦးမှာလည်း စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အဆင်မပြေသဖြင့် ရွာပြန်ပြီး လယ်လုပ်ရန် ဆုံးဖြတ်ထားသည်။

“ရွာပြန်လယ်လုပ်တာကမှ ထမင်းနပ်မှန်ဦးမယ်ဗျာ။ ဒီအာဏာသိမ်းတာကြီး မပြီးသရွေ့ ပြန်လာဖို့ မစဉ်းစားတော့ဘူး” ဟု ၎င်းက ဆိုသည်။

ကလေးငယ်နှစ်ဦး၏ ဖခင် အသက် ၃၈ နှစ်အရွယ် ကိုတင်ဦးသည် ဧရာဝတီတိုင်း လပွတ္တာဇာတိဖြစ်ပြီး နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ရန်ကုန်သို့ မိသားစုလိုက်ပြောင်းရွှေ့လာခဲ့သူတစ်ဦးဖြစ်သည်။

ကပ်ဘေးကြောင့် အလုပ်အကိုင်ရှားလာကာ အာဏာသိမ်းပြီးနောက် လုံးဝမလုပ်ရတော့သည့် အခြေအနေဖြစ်လာကြောင်း၊ ချို့ချို့တဲ့တဲ့နေထိုင်စားသောက်ရသည့်အပြင် အကြွေးလည်း ထူလာကြောင်း ၎င်းက ပြောသည်။

ပစ်ခတ်ဖမ်းဆီးရန် အသင့်ဖြစ်နေသည့် စစ်ကောင်စီတပ်သားတို့က ကားဖြင့် လှည့်နေသည့် ရန်ကုန်တွင် အာဏာသိမ်းမှုဆန္ဒပြသူတို့က ပြောက်ကျားစနစ် ကျင့်သုံးလာကြသည်

လက်လုပ်လက်စားများအပြင် စီးပွားရေးလုပ်ရှင်များလည်း အကျပ်ရိုက်နေကြောင်း စာအုပ်ထုတ်ဝေရေးနှင့် ပုံနှိပ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းအားလုံးနီးပါးကတော့ ရပ်ထားရတယ်။ စက္ကူဈေးတွေကလည်း အရမ်းမြင့်တယ်။ ကိုဗစ်ကလည်း ကာလရှည်ပြီး အာဏာသိမ်းပြီးတော့ နိုင်ငံရေးအခြေအနေကလည်းမကောင်းတော့ ဘာမှလုပ်ဖို့ မလွယ်ဘူး။ ဘာမှဆက်လုပ်လို့မရဘူး” ဟု ၎င်းက ဆိုသည်။

စက္ကူဈေးမြင့်မှုကြောင့် လုပ်ငန်းအပ်သူမရှိသဖြင့် ပုံနှိပ်စက်များမလည်နိုင်ကြောင်း၊ အွန်လိုင်းမှ စာအုပ်များရောင်းချမှုရှိသော်လည်း ရိုက်ပြီးသားလက်ကျန်စာအုပ်များကို အဓိကရောင်းချနေကြောင်း နှစ် ၄၀ ကျော်ကြာ ပုံနှိပ်လုပ်ငန်းလုပ်ကိုင်ခဲ့သည့် ၎င်းက ဆိုသည်။

တရုတ်နယ်စပ်ကုန်သွယ်ရေးရပ်နေသည့်အပြင် ကုန်တင်သင်္ဘောစရိတ်ကြီးသဖြင့် ပြည်ပသို့ ကုန်တင်ပို့ရန် အခက်ကြုံနေကြောင်း ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဆိုသည်။ 

ပင်လယ်ရေကြောင်းမှတင်ပို့ရာတွင် နိုင်ငံရေးမတည်ငြိမ်သည့် မြန်မာအတွက် သင်္ဘောအာမခံကြေးပိုမြင့်ပြီး သင်္ဘောခ၊ ကုန်သေတ္တာခဈေးကြီးနေခြင်းကြောင့် နိုင်ငံတကာနှင့် ဈေးကွက်ယှဉ်ပြိင်ရောင်းချရန် မဖြစ်နိုင်ဟု ၎င်းက ဆိုသည်။ 

ပို့ကုန်မရှိ၍ နိုင်ငံခြားဝင်ငွေမရသောကြောင့် ဒေါ်လာလိုအပ်ချက်မြင့်မားလာပြီး ဒေါ်လာဈေးတက်လာသည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကျပ်ငွေကို ယုံကြည်မှုကျပြီး ဒေါ်လာစုဆောင်းခြင်းကြောင့်လည်း ဒေါ်လာဈေး အကျမရှိ တက်နေသည်။

ဘဏ်နှင့် ငွေကြေးဂယက် ရန်ကုန်ကိုရိုက်ခတ်

စက်တင်ဘာ ၁၀ ရက်နေ့ ပြင်ပငွေကြေးဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၂၀၀၀ ဖြစ်လာသည်။ ဒေါ်လာလဲလှယ်မှုကို နှုန်းရှင်အဖြစ် ပြောင်းလဲပြီးနောက် ၁၀ နှစ်ကျော်အတွင်း စံချိန်တင်မြင့်တက်သွားခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် ကျပ်ငွေတန်ဖိုး အကြီးအကျယ် ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။

ကျပ်ငွေ ထိုးကျပြီး ဒေါ်လာဈေးမြင့်တက်မှုကြောင့် သွင်းကုန်များဈေးကြီးလာကြောင်း၊ ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ကုန်ချောထုတ်လုပ်သည့် စက်ရုံများလည်း ရပ်ဆိုင်းထားရကြောင်း လှိုင်သာယာရှိ အလူမီနီယံတံခါးစက်ရုံမှ အသက် ၃၅ နှစ်အရွယ် အမျိုးသားဝန်ထမ်းတစ်ဦးက ဆိုသည်။

ဒေါ်လာဈေးသည် မီးဖိုချောင်အထိ ရိုက်ခတ်နေပြီး အသားငါးနှင့် ဟင်းသီးဟင်းရွက်များ သိသိသာသာဈေးမတက်သော်လည်း ဆီ၊ ဆား၊ အချိုမှုန့်နှင့် ကြက်သွန်တို့ ဈေးတက်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ အသက် ၄၀ ကျော်အရွယ် ဒေါ်အေးက ဆိုသည်။

“အချိုမှုန့်ဆို အရင်က ၁၀၀ တန်၊ ၁၅၀ တန် အထုပ်လေးတွေက အခုဆို ၃၀၀ တဲ့၊ ကြည့်ဦး။ အကုန်လုံးသာ ဈေးတက်ရင်တော့ ဘာသွားဝယ်စားရမလဲ” ဟု ဒေါ်အေးက ပြောသည်။ 

ဘဏ်များပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း ငွေသားထုတ်ခွင့် အကြီးအကျယ် ကန့်သတ်ထားသောကြောင့် ငွေသားရရှိရန် ပြင်ပဈေးကွက်တွင် ရာခိုင်နှုန်းတစ်ခု အကျိုးအမြတ်ပေးကာ လဲလှယ်သုံးစွဲနေရသည်။

ကိုဗစ်တတိယလှိုင်းအတွင်း အရေးပေါ်ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများကို မဖြစ်မနေဝယ်ယူရပြီး ငွေသားထုတ်မရသဖြင့် အဆင်မပြေဖြစ်ခဲ့သည်ဟု Myanmar Now က မေးမြန်းခွင့်ရသူတို့က ဆိုသည်။ 

အာဏာသိမ်းပြီးနောက် အကောင်းဟူ၍ တစ်ခုမျှမရှိဘဲ ဆိုးကျိုးကိုသာ ရန်ကုန်မြို့ခံများက ရွေးချယ်ခွင့်မရှိဘဲ ခါးစည်းခံနေရကြောင်း ၎င်းတို့က ဆိုသည်။

အာဏာသိမ်းပြီး အကြမ်းဖက်မှုကြောင့် ပေါ်ပေါက်လာသည့် ပြဿနာများဖြေရှင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ စစ်သားများ နိုင်ငံစီမံခန့်ခွဲအုပ်ချုပ်မှုတွင် ဝင်မပတ်သက်ဘဲ စစ်တန်းလျားပြန်ကြရေးသာဖြစ်ကြောင်း စားသောက်ကုန်ဖြန့်ဖြူးသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုကျော်က ပြောသည်။

“Military Coup (စစ်အာဏာသိမ်းမှု) ကြီးက လုံးဝအဆုံးသတ်မှကို ကောင်းတဲ့အနေအထားရောက်မယ်”ဟု ကိုကျော်က ပြောလိုက်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button