အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NUG ယာယီသမ္မတ၏ နေအိမ်ကို စစ်ကောင်စီ ဝင်ရောက်ရှာဖွေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလ၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၇၊ ည ၁၁ နာရီခန့်က ရပ်ကွက် (၁)၊ ကံကော်လမ်းထောင့်ရှိ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ခြံစည်းရိုးကျော်တက်ကာ ဝင်ရောက်ခဲ့ကြောင်း ပြောသည်။

“ကား ၅ စီးနဲ့။ အိမ်ရှေ့ကနေခေါ်တယ်။ ဘယ်သူမှ ထွက်မလာတော့ ဘေးအိမ်ကနေ သူတို့ ခြံကျော်ပြီး ဝင်တာပေါ့ဗျာ။ အိမ်ထဲမှာ ၄ ယောက်ရှိတာ၊ အမျိုးသမီး ၂ ယောက်ထွက်လာတယ်။ ဦးဒူဝါလရှီးလ မိန်းမရဲ့အမျိုးတွေပေါ့။ သူတို့ (ဒူဝါလရှီးလ ) ကတော့ မရှိတာကြာပြီ” ဟု မျက်မြင်များကို ကိုးကား၍ ထိုဒေသခံက ပြောသည်။ 

“ကားက ၅ စီး။ မတ်ခ်တူး၊ စလွန်းကားရယ်၊ ကားအစိမ်းရယ်ပေါ့။ ကားအစိမ်း(စစ်ကား) မှာ ၆ ယောက် လောက်ပါတယ်” 

ဖမ်းဆီးခံရမှုအခြေအနေ၊ ပစ္စည်းယူဆောင်မှု ရှိမရှိ မသိရကြောင်း ပြောသည်။ 

ဒူဝါလရှီးလကို ယာယီသမ္မတခန့်အပ်ကြောင်း ကြေညာသည့်အချိန်မှစ၍ အဆိုပါနေအိမ်တွင် ၎င်းတို့မိသားစု နေထိုင်ခြင်းမရှိတော့သည်ကို သတိထားမိကြောင်း အထက်ပါဒေသခံက ပြောသည်။ 

လားရှိုးမြို့တွင်းရပ်ကွက်တစ်ခုဖြစ်သည့် ရပ်ကွက် (၁) ရှိ ယာယီသမ္မတနေအိမ်သည် အစိုးရရုံးတချို့နှင့် ကပ်လျက်ရှိကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။ 

၎င်းနေအိမ်အတွင်း စစ်ကောင်စီတပ်က တစ်နာရီခန့်ကြာအောင် ဝင်ရောက်ရှာဖွေခဲ့သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၇ မနက်ပိုင်းတွင် ယာယီသမ္မတ ဒူဝါလရှီးလ (Duwa Lashi La) က စစ်ကောင်စီအပေါ် ခုခံစစ်စတင်ရန် အရေးပေါ်မိန့်ခွန်းပြောကြားအပြီး ညဘက်၌ ထိုသို့ ရှာဖွေခဲ့ခြင်း ဖြစ်သည်။

မိန့်ခွန်းတွင် စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တိုက်ဖျက်ကြရန်  ဒူဝါလရှီးလက ပန်ကြားခဲ့သည်။ 

ယာယီသမ္မတ ဒူဝါလရှီးလသည် ၂၀၂၁ ဧပြီ ၁၆ တွင် ဒုသမ္မတအဖြစ် စတင်ခန့်အပ်ခံရပြီး လက်ရှိတွင် ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ၎င်းသည် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR) ၏ ဥက္ကဋ္ဌဖြစ်ပြီး ရှေ့နေတစ်ဦးလည်း ဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button