
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့စက်တင်ဘာ(၇)ရက်နေ့မှစ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း ကြေညာကာ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ကို လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ဆန့်ကျင်ကြရန် တိုက်တွန်းလိုက်ပြီးနောက် ရန်ကုန်မြို့တွင် အခြေခံစားသောက်ကုန် ဝယ်ယူသူများပြားနေပြီး စစ်ကောင်စီအဖွဲ့ဝင်များလည်း အရင်ကထက် အစစ်အဆေးများပိုလုပ်နေကြောင်း မြို့ခံတွေက ပြောပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယာယီသမ္မတဒူဝါလရှီးလသည် အချက် ၁၄ ချက်ပါသည့် အရေးပေါ်မိန့်ခွန်းကို ယနေ့ မနက်ပိုင်းတွင် ကြေညာခဲ့ပြီး ယခုလုပ်ဆောင်ချက်အပေါ် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးက နားလည်ပေးကြလိမ့်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားသွားပါသည်။
[youtube https://youtu.be/etpfBRtyAsg]