
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့သော်လည်း ယနေ့ (စက်တင်ဘာ ၇) နံနက်ပိုင်းတွင် သရက်ချောင်းနှင့် ပုလောမြို့နယ်တို့၌ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နံနက် ၈ နာရီခန့်တွင် သရက်ချောင်းမြို့နယ်အတွင်း ဖယ်သွယ် ခေါ် တောင်ပျောက်တိုက်နယ်ဟု ဒေသခံတို့ခေါ်သော နေရာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KNU တပ်မဟာ (၄) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း သရက်ချောင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“တိုက်ပွဲတော့ မဟုတ်ဘူး။ ဆိုတဲ့နေရာကို သူတို့စစ်ကြောင်းထိုးလာလို့ ပြန်ပစ်တာ။ စစ်တပ်ဘက်က သုံးယောက်ထိသွားတယ်။ တစ်ယောက်က အခြေအနေဆိုးတယ်” ဟု အဆိုပါ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က နေ့လယ်ပိုင်းတွင် ပြောသည်။
“အပြန်အလှန်ပစ်ပြီး ငြိမ်သွားတယ်။ အခုရွှေ့နေရတာပေါ့။ လက်နက်ကြီးကျမှာစိုးလို့။ သူတို့က ပစ်တဲ့ နေရာကို လက်နက်ကြီးအမြဲတမ်းထုလေ့ရှိတော့ ရွှေ့နေရတယ်” ဟု ၎င်းက ပြောသည်။
နေ့ခင်း ၁၂ နာရီခန့်တွင် တောင်ပျောက်တိုက်နယ်ရှိ ကရင်တိုင်းရင်းသား ရပ်မိရပ်ဖတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် သရက်ချောင်းမြို့နယ် ဝင်းကဖော်ရွာ၌ အင်အား ၈၀ ခန့်၊ တောင်ပျောက်နှင့် ရေပူရွာတွင် အင်အား ၃၀ ကျော်၊ ကျွဲခြံရွာတွင် အင်အား ၃၀ ကျော် တပ်စွဲထားလျက်ရှိကြောင်း၊ ကနက်သီရိရွာမှ စစ်ကားသုံးစီး တက်လာပြီး မည်သည့်နေရာတွင် စခန်းချမည်ကို မသိရသေးကြောင်း အထက်ပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
ပုလောမြို့နယ် ပိန္နဲတောင်ရွာနှင့် ဒူးရင်းပင်ရှောင်ရွာအနီးတွင်လည်း ယနေ့ နံနက် ၉ နာရီခန့်က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားကြောင်း ပုလောမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
“အလစ်အငိုက်ဖမ်းတဲ့ပုံစံမျိုးနဲ့ စစ်ကြောင်းထိုးပြီး ဝင်လာတာ။ ဒါပေမယ့် ဒီဘက်ကလူတွေက အစကတည်းက ကင်းပုန်းတွေဘာတွေ ချထားတဲ့အခါကျတော့ သူတို့ဝင်လာတာ ချက်ချင်းသိတယ်။ သူတို့ဘက်က လှုပ်လှုပ်ရှားရှားဖြစ်တာနဲ့ ဒီဘက်ကနေ ပြန်ပစ်တာပေါ့နော်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
ပုလောမြို့နယ်အတွင်း အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ၁၀ ဦးခန့် ထိခိုက်သည်ဟုဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သည့်အပြင် မြိတ်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် လေကြောင်းပစ်ကူလာနေကြောင်း၊ ပုလောမြို့နယ် သာယာကုန်းနှင့် ရေရှမ်းရွာတို့တွင် စစ်ကောင်စီတပ်က တပ်များဖြန့်ကြက်နေသဖြင့် မကြာမီ နှစ်ဖက်တိုက်ပွဲဖြစ်မည့် အရိပ်အယောင်များတွေ့ရကြောင်း အထက်ပါ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးက ဆိုသည်။
ပုလောမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းတိုက်ပွဲတွင် PDF အဖွဲ့ဝင် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုထံမှ သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
၎င်းတို့ထိန်းချုပ်ရာ နယ်မြေအတွင်း စစ်ကောင်စီတပ် ဆက်လက်ဝင်ရောက်လာမည်ဆိုပါက တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း KNU ၏ မြိတ်နှင့် ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဖလော်စိုးဝင်းက ပြောကြားသည်ဟု ကရင်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော KIC က ယနေ့ နံနက်ပိုင်းတွင် ရေးသားထားသည်။
“သူတို့က (စစ်တပ်) က PDF ရှိတယ်လို့ ယူဆတဲ့နေရာကို လိုက်ရှာတာ။ အဲဒီနေရာတစ်ခုတည်း မဟုတ်ဘူး။ လိုက်ရှာရင်း ထိပ်တိုက်တွေ့ဆုံတာဖြစ်နိုင်တယ်။ အသေးစိတ်တော့ သတင်းပို့လာတာ မရှိသေးဘူး။ PDF ပါမပါ မသိဘူး” ဟု ပဒိုစောဖလော်စိုးဝင်းက ပြောသည်။
ပုလောမြို့နယ်အတွင်း KNU လက်အောက်ခံများဖြစ်သော တပ်မဟာ ၄ နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၇ ပူးပေါင်း၍ စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကို ကိုးကားလျက် KIC က ရေးသားထားသည်။
KIC သတင်းဌာနက ဖော်ပြထားသော ဓာတ်ပုံတစ်ပုံတွင် အမြောက်ကြီးများတင်ဆောင်လာသည်ဟု ယူဆရသည့် တာလပတ်ဖုံးအုပ်ထားသော စစ်ကောင်စီတပ်၏ စစ်ကားများတွေ့ရှိရသော်လည်း မည်သည့်နေရာနှင့် မည်သည့်အချိန်က ဖြစ်သည်ကိုမူ မသိရပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe