သတင်း

မန္တလေးတွင် ပိုက်ဆံရာခိုင်နှုန်းဖြင့် သွားထုတ်သည့် အမျိုးသား အသတ်ခံရ

K Pay မှ ရာခိုင်နှုန်းဖြင့် ငွေသားထုတ်ယူရန်  ကြိုးစားသည့် မန္တလေးမြို့မှ အမျိုးသားတစ်ဦး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လုယက်ရိုက်နှက်ခံရပြီး ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

စက်တင်ဘာ ၁ နေ့လယ်က  မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်မှ  အသက် ၂၅ နှစ်အရွယ် ကိုဟိဏ်းအောင်ခိုင်သည် သူ၏ K-Pay အကောင့်မှ ငွေရှစ်သိန်းကို ရာခိုင်နှုန်းပေး၍ ထုတ်ယူရန် Facebook မှတစ်ဆင့် လူတချို့နှင့် ချိတ်ဆက်ပြီး သွားရောက်ထုတ်ယူကြောင်း၊ နောက်တစ်နေ့မှ မြို့အရှေ့ဘက် ၃၅ လမ်းထိပ် မြို့ပတ်လမ်းအနီး ရုပ်အလောင်းတွေ့ရကြောင်း သူ၏ မိတ်ဆွေရင်းချာ အမျိုးသမီးတစ်ယောက်က ပြောသည်။

“သူ့ (Facebook)အကောင့်ကနေပြီးတော့ ငွေထုတ်ချင်ပါတယ်၊ ရာခိုင်နှုန်းနဲ့တဲ့သူဆီက ယူပါ့မယ်ဆိုပြီး (ပို့စ်)တင်တယ်။ နေ့လယ်ပိုင်းမှာ အိမ်ကနေ ငွေထုတ်မယ်ဆိုပြီး ထွက်သွားတာ။ ညနေပိုင်းအထိ အိမ်ပြန်မရောက်တော့ မိသားစုက ရဲစခန်းမှာ လူပျောက်သွားတိုင်၊ လူမှုကွန်ရက်မှာ တွေ့ရင်ပြောပေးကြဖို့ တင်ကြ၊ ဆေးရုံကို သွားရှာတာတွေ လုပ်ပေမဲ့ မတွေ့ဘူး။ နောက်နေ့မနက်အစောမှာမှ ဆေးရုံက ဖုန်းဆက်လာပြီး၊ လူတစ်ယောက် သေဆုံးပြီး ရောက်လာတယ်၊ လာကြည့်ပါဆိုမှ ဟိဏ်းအောင်ခိုင် ဖြစ်နေတာ”ဟု ၎င်းက ရှင်းပြသည်။

ရုပ်အလောင်းကို လူမှုကူညီရေးအသင်းတစ်ခုက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးခေါင်းတွင် အပြင်းအထန် ရိုက်နှက်ထားသည့်ဒဏ်ရာ၊ လည်ပင်းတွင်  ပြတ်ရှဒဏ်ရာ၊ မျက်နှာတွင် ပြင်းထန်သည့် ဒဏ်ရာအများအပြားကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

ကိုဟိဏ်းအောင်ခိုင်၏ ဘဏ်အကောင့် (K-Pay) အတွင်းရှိ ပိုက်ဆံ၊ စီးနင်းသွားသည့် ဆိုင်ကယ်၊ လက်ကိုင်ဖုန်းတို့မှာလည်း ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

“သူ ပျောက်သွားတဲ့နေ့က ဖုန်းစိမ်းတစ်လုံး (အိမ်ကို) ဝင်လာခဲ့တယ်။ ဟိဏ်းအောင်ခိုင်ကို သူ့ရဲ့ ဆိုင်ကယ်ထဲက သေနတ်တွေ့လို့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်ဆိုပြီး ပြောတာ။ ဘယ်မှာ ဖမ်းထားသလဲမေးတော့ နေရာမပြောဘူး။ ဖမ်းဆီးစစ်ဆေးနေပါတယ်ပဲ ပြောတယ်” ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

“မိသားစုဝင်တွေကတော့ ဒါက မဖြစ်နိုင်ဘူး။ ဆိုင်ကယ်ကလည်း သူ့စီးနေကျဆိုင်ကယ် မဟုတ်တော့ မဖြစ်နိုင်ဘူးပေါ့လေ၊ လူပျောက်တိုင်ထားတဲ့ ရဲစခန်းသွားပြီးတော့ မေးတော့လည်း ရဲစခန်းက ဖမ်းခံရတာဆိုရင်တော့ နယ်မြေရဲတွေက သိရမှာပဲ၊ ဖမ်းခံရတာမျိုးတော့ မဖြစ်နိုင်ဘူး၊ နှစ်ရက်လောက် စောင့်ကြည့်ပေးပါလို့ ပြောတယ်” 

ငွေထုတ်ပေးမည်ဟု ပြောဆို ချိန်းဆိုသူက ဖိအားပေး ငွေလွှဲခိုင်းကာ လုပ်ကြံသတ်ဖြတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း လူအများက ဝေဖန်သုံးသပ်နေကြသည်။

သေဆုံးသူ ကိုဟိဏ်းအောင်ခိုင်၏ ရုပ်အလောင်းကို နေအိမ်တွင်ပြင်ဆင်ထားသည်ကို စက်တင်ဘာ ၃ က တွေ့ရစဉ်။ (ဓာတ်ပုံ-Supplied)

“ပိုက်ဆံတွေက ဘယ်လိုပျောက်သွားသလဲဆိုတာတော့ မသိရဘူး။ ငွေထုတ်ပေးမယ်ပြောတဲ့လူတွေကပဲ အတင်းအကျပ်လွှဲခိုင်းပြီး အသက်ကို ရန်ရှာလိုက်လား။ ထုတ်ပေးပြီးတော့မှ နောက်က လိုက်လုပ်သလားဆိုတာမျိုး ကွဲကွဲပြားပြား မသိရပါဘူး”ဟု ထိုအမျိုးသမီးက ဆိုသည်။

ကိုဟိဏ်းအောင်ခိုင် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ်၊ အုန်းချောနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည်။

အဆိုပါစခန်းမှ တာဝန်ရှိသူများက ရုပ်အလောင်းကို တွေ့ရှိခဲ့သည့် နေရာအနေအထားအရသာ အမှုဖွင့်လှစ်ပေးထားသော်လည်း ပြစ်မှုဖြစ်ပွားရာနေရာသည် အခြားမြို့နယ်တွင်လည်း ဖြစ်နိုင်ကြောင်း မိသားစုကို ပြောဆိုခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းများကို ထိန်းချုပ်ခဲ့သည့်အတွက် ငွေကြေးစီးဆင်းမှုအခက်အခဲများစွာဖြစ်ပေါ်ခဲ့ပြီးနောက် ဘဏ်များက ဘဏ်အကောင့်များအတွင်းမှ ငွေထုတ်ယူမှုကို အကြီးအကျယ်ကန့်သတ်လိုက်သည့်အတွက် ပြည်သူလူထုမှာ ငွေထုတ်ယူမှု အခက်အခဲကြီးစွာ ကြုံတွေ့နေရသည်။

ယင်းအခက်အခဲများကို ဖြေရှင်းရန်အတွက် မိမိတို့၏ ဘဏ်အကောင့်များအတွင်းမှ ငွေကြေးကို ငွေသားရှိသူများထံမှ ရာခိုင်နှုန်းအနည်းငယ် ပေးကာ ထုတ်ယူနေကြသည်။ ဘဏ်နှင့် ATM မှ ငွေထုတ်ယူခွင့် ကန့်သတ်ခံထားရချိန်တွင် တခြားနည်းလမ်းများဖြင့် ငွေလွှဲ၊ ငွေထုတ်ယူသူတချို့ အလိမ်ခံနေရသည်။

ထိုသို့ ထုတ်ယူနိုင်ရန် ကြိုးစားစဉ် မသမာသူက ကိုဟိဏ်းအောင်ခိုင်ကို လုပ်ကြံသတ်ဖြတ်ခြင်းလည်း ဖြစ်နိုင်သည်ဟု မန္တလေးမြို့ခံများက ယူဆနေကြသည်။

ယင်းသို့ ချိန်းဆိုသူများထံသွားစဉ် လုယက်သတ်ဖြတ်ခံရသည်ဆိုသည်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။ 

မန္တလေးမြို့တွင်း၌ လမ်းပေါ်သွားလာနေသူများ၏ ဆိုင်ကယ်များလုယက်ခံရခြင်း၊ တုတ်၊ ဓား၊ လက်နက် များဖြင့် ခြိမ်းခြောက်ဓားပြတိုက်ခြင်း၊ ဆိုင်ကယ်ခိုးယူခြင်းများကို စစ်ကောင်စီတပ်သားများသာ သွားလာခွင့်ရှိသည့် ညဉ့်နက်ပိုင်းအချိန်များအပါအဝင် နေ့ခင်းအချိန်များတွင်ပါ ဖြစ်ပွားလာနေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button