သတင်း

ဩဂုတ်လအတွင်း KNU နယ်မြေတွင် တိုက်ပွဲ ၂၀၀ ကျော် ဖြစ်ပွား

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၂၁၇ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယမန်နေ့ (စက်တင်ဘာ ၃) တွင် သတင်းထုတ်ပြန်သည်။ 

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၆၆ ဦး သေဆုံး၊  ၁၀၁ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသော်လည်း KNUတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရရှိမှုအခြေအနေကို ဖော်ပြမထားပေ။

KNU ဗဟိုမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့၏ တပ်သားများမှာ ပြောက်ကျားစနစ်ဖြင့် ခုခံတိုက်ခိုက်ခြင်းဖြစ်၍ ထိခိုက်ကျဆုံးမှု အလွန်နည်းသည်ဟု ပြောသည်။

“အဲဒါပြောက်ကျားစနစ်နဲ့ချတာ။ အရင်တုန်းက ဟိုး မာနယ်ပလောခေတ်တုန်းက ခံစစ်နဲ့သွားလုပ်တော့ ကျွန်တော်တို့ပဲ နာတယ်။ ကုန်ကျစရိတ်လည်းများတယ်။ နောက်ပြီးတော့ ခံစစ်ဆိုတာက လက်နက်ကြီးလည်း သုံး၊ ကျည်ဆန်လည်း သုံးရတယ်” ဟု ၎င်းက ဆိုသည်။

“ရန်သူက (စစ်ကြောင်း) ထိုးလာမယ်ဆိုရင်တော့ ကျွန်တော်တို့ နယ်ထဲမှာ ကျွံလာရင်တော့ ခုခံကာကွယ်မှုကတော့ ရှိမှာပဲ”  

စစ်ကောင်စီတပ်နှင့် အများဆုံးထိတွေ့တိုက်ပွဲဖြစ်နေသော တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်တွင် တိုက်ပွဲ အကြိမ် ၁၃၃ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုရာဂဏန်း ရှိခဲ့ကာ ယခင်ထက် နှစ်ဆတိုးခဲ့သည်။

စစ်ကောင်စီတပ်က ဒေသခံများကို သတ်ဖြတ်ခြင်း၊ ပစ္စည်းလုယက်ခြင်းများ ကျူးလွန်ခဲ့သည်ဟု KNU က ဆိုသည်။ 

တပ်မဟာ (၂) တောင်ငူခရိုင်အတွင်း ဩဂုတ် ၇ တွင် စကခ – ၅၊  ခမရ – ၇၀၄ ၏ ဒုတပ်ရင်းမှူး ထွန်းလင်းအောင်သည် ကော်သေးဒဲရွာသားများကို စစ်တပ်အသုံးအဆောင်ပစ္စည်းများ  သယ်ဆောင်ပေးရန် အတင်းအဓမ္မခိုင်းစေခဲ့သည်ဟု သိရသည်။ ကော်သေးဒဲမှ ကလယ်စိုးခီးအထိ ဆိုင်ကယ် ၆ စီးဖြင့် ပို့ဆောင်ရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၁၁ တွင် တပ်မဟာ (၁) သထုံခရိုင်အတွင်း ဗိုလ်မှူးကျော်ထွန်းငြိမ်း ဦးဆောင်သော စကခ – ၈ ခမရ – ၄၀၆၊ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၁၄ မှ တပ်ကြပ်ကြိမ်လွန်းနှင့် တပ်သားများသည် ထီးဖဒိုထာရွာအတွင်း ဝင်ရောက်၍ နေအိမ်များကို ရှာဖွေမွှေနှောက်ခဲ့သည်၊ ဖုန်း၊ ဓာတ်မီး၊ ဆန်နှင့် ကွမ်းပစ္စည်းများ လုယက်ယူဆောင်ပြီး မဘဲလေးဆိုသူ အမျိုးသမီးနှင့် ၎င်း၏ဖခင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ထို့ပြင် ဩဂုတ် ဒုတိယပတ်က ဒေသခံအမျိုးသမီးများကို ဓားစာခံအဖြစ် အသုံးပြုခဲ့ကြောင်း တပ်မဟာ (၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ BGFနဲ့ တပ်နဲ့ ပေါင်းပြီးတော့ မြစ်ကျိုးရွာက ကြိုးဝိုင်းကျေးရွာကို သွားဖို့ အမျိုးသမီးတွေကို ဓားစာခံလုပ်ပြီးတော့ ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ကြိုဝိုင်းရောက်တော့ မြစ်ကျိုးက အမျိုးသမီးတွေ ပြန်လွှတ်တယ်။ ပြန်လွှတ်ပြီးတော့ အဲဒီပျဉ်းမပင်ဆိပ်ကျေးရွာကို ဆက်သွားဖို့ ကြိုးဝိုင်းက အမျိုးသမီးတွေကို စစ်တပ်က ခေါ်သွားတယ်။ သူတို့လုပ်ဆောင်ချက်က အရင်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး မလုပ်မီကာလက သူတို့ အဲဒီလိုပဲ လုပ်နေကြတယ်။ သူတို့ ဘယ်နေရာပဲသွားသွား ဒေသခံ ပြည်သူလူထုတွေကို ဓားစာခံလုပ်ပြီး သွားလာနေကြတာ” ဟု တပ်မဟာ(၁) တာဝန်ရှိသူက ဆိုသည်။ 

ထိုသို့ ဒေသခံအမျိုးသမီးများကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားသည့် စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်မှာ ၎င်းတို့  စစ်ကြောင်းလမ်းခရီး၌ တိုက်ခိုက်မှုမခံရစေရန် ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

ဩဂုတ် ၁၄ တွင် ယင်းနယ်မြေအတွင်း တပ်မ – ၄၄ လက်အောက်ခံ ခမရ – ၁၁၈ မှ တပ်ဖွဲ့များသည် မိုးကောင်းဒေသသို့ ဝင်ရောက်လာကာ ပဒိန်ရုံးရှေ့တွင် စောအယ်သူးနှင့် စောအယ်ဒို ဆိုသည့် အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့ပြီး စောသိမ်းသန်းနှင့် စောချမ်းသာတို့ ၂ ဦးကိုလည်း ဖမ်းဆီးထားသည်။

ဩဂုတ် ၂၆ တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့များဖြစ်သော ခလရ – ၃၂ ၊ ခလရ – ၂၈၃ ၊ ခမရ – ၃၅၈ နှင့် နယ်ခြားစောင့်တပ် BGF တပ်ရင်း (၁၀၂၃) ၏ တပ်ဖွဲ့ဝင်များသည် တကူခီးကျေးရွာအတွင်း ဝင်ရောက်ကာ နော်လေးကေးဆိုသူ အမျိုးသမီး၏ နေအိမ်မှ ကြက် အကောင် ၄၀ ကျော် နှင့် ထမင်းပေါင်းအိုး၊ ဇွန်းကြီးများ၊ ရေခွက်များ စသည့် ပစ္စည်းများကို လုယက်ယူဆောင်သွားခဲ့သည်။

တိုက်ပွဲအဖြစ်များပြီး စစ်ကောင်စီဘက်က အသေအဆုံးများသည့် တပ်မဟာ (၅) နယ်မြေအတွင်းတွင်မူ လေယာဉ်ဖြင့် ထောက်လှမ်းခြင်း၊ မိုင်းထောင်ခြင်း၊ လက်နက်ကြီးများ ရာဂဏန်းခန့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ 

စစ်ကောင်စီ၏ တပ်ဖွဲ့များ ဖြစ်သော စကခ – ၈၊  ခမရ – ၄၀၇၊ ခမရ – ၄၀၈၊ ခမရ – ၃၄၁၊ ခမရ – ၄၀၁၊ ခလရ – ၁၉ နှင့်  BGF (၁၀၁၄)  တပ်ဖွဲ့ဝင်များက တစ်လအတွင်း လက်နက်ကြီး ၁၂၀ ခန့် ပစ်ခတ်ခဲ့သည်။ ထိုသို့ စစ်တပ်က ဒေသခံ အရပ်သားများ၏ ကျေးရွာ၊ ဥယျာဉ်ခြံမြေ၊ လယ်မြေများထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးခြင်းကာ လက်နက်ကြီးထိမှန်၍  တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

ထို့ပြင် တပ်မဟာ (၅)  နယ်မြေ ဒေသခံ အရပ်သား ၃ ဦးကိုလည်း ခေါ်ယူရိုက်နှက်ခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ယခင်ကလည်း ဗုံးကြဲချခဲ့ဖူးသော ဖာပွန်ဒေသအတွင်း စစ်တပ်က လေယာဉ်ဖြင့် ၅ ကြိမ် လာရောက် ထောက်လှမ်းခဲ့သောကြောင့် ယင်းဒေသကျေးရွာများတွင် စိုးရိမ်ထိတ်လန့်နေကြ၍ လေကြောင်းအန္တရာယ် တပ်လှန့်ထားရသည်။

စစ်တပ်က အများပြည်သူ သွားလာသောနေရာများ၊ လုပ်ကိုင်စားသောက်သောနေရာများနှင့် လမ်းမများပေါ်တွင် မိုင်းထောင်ခဲ့သောကြောင့် လူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

KNU ဘက်က တိုက်ပွဲအခြေအနေများကို သတင်းထုတ်ပြန်နေသော်လည်း စစ်ကောင်စီက ကရင်ပြည်နယ်တိုက်ပွဲအခြေအနေများကို သတင်းထုတ်ပြန်ခြင်း မရှိပေ။

လက်ရှိတွင် KNU နယ်မြေများအတွင်း တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ခြင်းရှိမရှိမှာ ရန်သူ၏ ထိုးစစ်ဆင်လာမှုအပေါ် မူတည်ကြောင်း KNU ဗဟိုမှ အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

သြဂုတ်လ သေဆုံး ဒဏ်ရာရမှု အခြေအနေ၊ ကျေးရွာများအတွင်း အရပ်သားတို့အပေါ် အပြုအမူတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ယနေ့ (စက်တင်ဘာ ၄) တွင် KNU ဌာနချုပ်က လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ရာ အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲ၍ အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဟု ထုတ်ပြန် သည်။ 

ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို မြှင့်တင်ရန် ခိုင်မာသော ကတိကဝတ်နှင့် လိုက်နာဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းမည်ဟု ကြေညာချက်တွင် ပါရှိသည်။

စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ရယူလိုသည့် မည်သူကိုမဆို တတ်နိုင်သည့်ဘက်က ကူညီမည်၊ နှစ်ရှည်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်၏ မူလဇာစ်မြစ်ကို ဖြေရှင်းရန်နှင့် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဆောင်ကြဉ်းရန် နောက်ထပ်ဖြေရှင်းရေးနည်းလမ်းသစ်များအား ဆက်လက်ရှာဖွေသွားမည်ဟုလည်း ဖော်ပြထားသည်။

KNU ဗဟိုမှ တာဝန်ရှိသူတစ်ဦးက ခေတ်အဆက်ဆက်တွင် KNU ၏ ကိုင်စွဲခဲ့သည့် မူဝါဒမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဖြစ်သော်လည်း လက်ရှိတွင် အခြေအနေပေါ်မူတည် လုပ်ဆောင်ရသည်ဟု ပြောသည်။

“ဒါပေမဲ့ လုပ်ဆောင်တဲ့အခါကျတော့ အခြေအနေပေါ်မူတည်ပြီးတော့ လုပ်ဆောင်ရတာရှိတာပေါ့” ဟု ၎င်းက ပြောသည်။

KNU သည် ဖေဖော်ဝါရီလဆန်းကတည်းက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် လူထုများကို အကူအညီ အကာအကွယ်ပေးနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button