စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

စစ်တပ်အတွင်းမှ ဖရဲသီးစစ်ဆင်ရေး

ပြင်ပတွင်စိမ်း၍ အတွင်း၌ အနီရောင်ရှိသည့် ဖရဲသီးကို ရည်ညွှန်းမှည့်ခေါ်ထားသည့် စစ်ဆင်ရေးအမည်နာမတစ်ခု အာဏာသိမ်းစစ်တပ်အတွင်း တိုးတိုးတိတ်တိတ်ရှိနေသည်။ 

အာဏာသိမ်းမှုဆန့်ကျင်သည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူများကို “ဖရဲသီး”ဟု လှောင်ပြောင်ခေါ်ဆိုလေ့ရှိသည့် တပ်နှင့် တပ်ထောက်ခံသူများအကြားတွင် အထက်ပါ စစ်ဆင်ရေး ခေတ်စားနေခြင်းဖြစ်သည်။

အစိမ်းရောင်ဝတ်စစ်သားများ၊ ၎င်းတို့၏ မိသားစုဝင်များထဲတွင် NLD ကို ထောက်ခံသူ အများအပြားရှိသည်။ ထို့ပြင် အာဏာသိမ်းမှုကို သဘောမတူသူများလည်း ရှိသည်။ ထိုစစ်ဆင်ရေးက ဖရဲသီးဟု တံဆိပ်ကပ်ခံရသော တပ်တွင်းအင်အားစုများကို ဖော်ထုတ်ရန် ဦးတည်သည်။

စစ်မျက်နှာအသီးသီးမှ ခြိမ်းခြောက်ခံနေရသည့် အာဏာသိမ်းစစ်ကောင်စီသည် ၎င်း၏ စစ်တပ်အတွင်းတွင်လည်း အာဏာသိမ်းမှုကို မလိုလားသည့် တပ်မိသားစုဝင်အများအပြား၏ တိတ်တဆိတ်ဆန့်ကျင်မှုနှင့်လည်း ရင်ဆိုင်နေရသည်။

ဖရဲသီးစစ်ဆင်ရေး

အဆိုပါစစ်ဆင်ရေးအတွင်း မြေပြင်ထောက်လှမ်းရေးအဖွဲ့တို့၏ သတင်းပေးပို့ချက်များဖြင့် စောင့်ကြည့်လေ့ရှိသလို အလွန်ချမ်းသာသော စစ်ဗိုလ်ချုပ်ကတော်ကြီးများ ဦးဆောင်ပါဝင်သည့် အွန်လိုင်းတွင် အုပ်စုဖွဲ့ထားသော လူမှုကွန်ရက် စာမျက်နှာများထံမှရသည့် အချက်အလက်တို့ကိုပါ သုံးနေကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

ထိုအုပ်စုများအနက် Investigative Department Of Watermelons – “ဖရဲသီးနှိမ်နင်းရေး” ဟု အမည်ပေးထားသည့် Telegram Channel မှာ စစ်တပ်အရာရှိကတော်အသိုင်းအဝိုင်းတွင် ကျော်ကြားသည်။

အဆိုပါ Telegram Channel ကို ရှာဖွေဖတ်ရှုရာတွင် တပ်အရာရှိများ၏ ဇနီးများကိုသာမကဘဲ ဗိုလ်လောင်းများ၏ ချစ်သူရည်စားများအထိပါ ပစ်မှတ်ထားသည်ကို တွေ့ရသည်။

အဖွဲ့အစည်းတစ်ခုတည်း၏ ခေါင်းစဉ်အောက်တွင် ရောက်နေပြီး လျှို့ဝှက်ချက်များကိုပါ သိရှိထားသည့် အရာရှိများက အခြားအဖွဲ့အစည်းတစ်ခုသို့ လက်ကမ်းနေသည်ကို ထိုင်ကြည့်မနေနိုင်ကြောင်း၊ တပ်တွင်းသတင်းများ၊ လျှို့ဝှက်စာရွက်စာတမ်းများကို သတင်းပေးလုပ်နေသည့် သစ္စာဖောက်လောက်ကောင်များကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်းလည်း အထက်ပါ Telegram Channel တွင် ဖော်ပြထားသည်။

ယင်းသည် ဒီမိုကရေစီလိုလားသူ တပ်အရာရှိများ၊ မိသားစုဝင်များအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပြီး ၎င်းတို့၏ အမည်များ၊ ဓာတ်ပုံများ ပါဝင်နေသဖြင့် တပ်တွင်းအရေးယူမှုနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြသည်။ 

ထိုသို့ စိုးရိမ်နေရသူများထဲတွင် ဒုတိယတန်း စစ်ရေး၊ စစ်ထောက် (G 2 )အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးတစ်ဦးနှင့် ၎င်း၏ ဇနီးသည်တို့လည်း ပါဝင်သည်။

ဇနီးဖြစ်သူက Facebook စာမျက်နှာတွင် တရုတ်နိုင်ငံထုတ်ပစ္စည်းများကို ကန့်ကွက်ပြီး ဆန္ဒပြလူငယ်များကို ထောက်ခံရေးသားခဲ့သဖြင့် ၎င်းတို့ဇနီးမောင်နှံ၏ ဓာတ်ပုံများကို အဆိုပါ Telegram Channel တွင် ဖော်ပြကာ အရေးယူပေးရန် လှုံ့ဆော်မှုမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်ဟု အမည်မဖော်လိုသည့် ဗိုလ်မှူးက ပြောသည်။

“ကျွန်တော့်ဇနီးဆိုရင်လည်း စစ်သားမဟုတ်ဘူး။ သူ့ရဲ့အမြင်၊ သူ့ရဲ့လွတ်လပ်ခွင့်ကိုတော့ ကျွန်တော်က ခွင့်ပြုထားတယ်။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ ဒါဟာ တပ်မိသားစုဝင်တွေကို ဖိနှိပ်ချုပ်ချယ်မှုလို့ပဲ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် တက်ကြွလှုပ်ရှားသူများ၊ NLD ပါတီနှင့် ပတ်သက်သည့် တပ်အရာရှိများ၊ ၎င်းတို့မိသားစုဝင်များ၏ Facebook အကောင့်များကို စောင့်ကြည့်နေပြီး မြေပြင်တွင်လည်း သက်ဆိုင်ရာ စစ်တိုင်းအလိုက် စုံစမ်းထောက်လှမ်းနေသည်ဟု အထက်ပါဗိုလ်မှူးထံမှ သိရသည်။

“မြို့နယ်အလိုက်မှာ ရှိတဲ့ စရဖ(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) အဖွဲ့ဝင်တွေနဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စိစစ်ပြီးတော့ စောင့်ကြည့်နေတဲ့ အဖွဲ့တွေရှိသလို၊ သူတို့ရဲ့ ….. Facebook Page တွေ၊ Telegram Group တွေကို ပို့လာတဲ့ သတင်းတွေကို စိစစ်ပြီးတော့ စောင့်ကြည့်နေတဲ့ အဖွဲ့တွေလည်းရှိတယ်။ သက်ဆိုင်ရာ တိုင်းနယ်မြေအလိုက် Social Media Monitoring Group တွေလည်း ရှိတယ်ဗျ” ဟု ၎င်းက ပြောသည်။

တပ်ချုပ်၏ဇနီးနှင့်အတူ တွေ့ရသည့် စစ်ဗိုလ်ချုပ်ကတော်များ

အခြားသောတပ်အရာရှိတစ်ဦး၏ ဇနီးဖြစ်သူမှာ အာဏာဖီဆန်သည့်လှုပ်ရှားမှု (CDM) တွင် ပါဝင်သည့်အတွက်ကြောင့် ၎င်း၏ ဓာတ်ပုံနှင့် Facebook ပေါ်မှ စာသားများကို ဓာတ်ပုံရိုက်ကာ “ဖရဲသီးနှိမ်နင်းရေး” Telegram Channel တွင် ပြန်လည်ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

ပြင်ဦးလွင်စစ်တက္ကသိုလ်တစ်ခုတွင် တာဝန်ထမ်းနေသည့် ဗိုလ်မှူးတစ်ဦး၏ ဇနီးဖြစ်သူမှာလည်း အဆိုပါ Telegram Channel ကို စိုးရိမ်နေသူများအနက် တစ်ဦးဖြစ်သည်။

သူနှင့် သူ၏ အမျိုးသားမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူများဖြစ်ပြီး CDM လှုပ်ရှားမှုအတွက် ငွေကြေးထောက်ပံ့ပြီး၊ ဆန္ဒပြလူငယ်များကို ကူညီခဲ့သဖြင့် ဖော်ထုတ်ခံရမည်ကို စိတ်ပူနေသည်။

“ခေတ်ကာလကိုက ကိုယ်မှန်နေတာပဲဆိုပြီး တည့်တည့်နေလို့ မရတာမျိုး ဖြစ်နေတာကိုး။ တပ်တွင်းဖရဲသီးနှိမ်နင်းရေးကိုပဲ ကြည့်လေ။ အဲဒါကို ကြောက်လို့ အသံမထွက်ရဲဘူး” ဟု ဗိုလ်မှူး၏ ဇနီးက ပြောသည်။

သို့သော် ရာထူးပြုတ်ရုံမက ထောင်ပင်ကျကျ၊ ဆန္ဒပြလူငယ်များကို ပစ်မသတ်ရန် ၎င်း၏ အမျိုးသားကို မေတ္တာရပ်ခံထားကြောင်း သူက ဆက်ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် ၎င်းမှာ တပ်တွင်းအရေးယူခံရနိုင်သည့် အန္တရာယ်နှင့် ကြုံနေရသလို ယင်းအခြေအနေကို နားမလည်ဘဲ တပ်အရာရှိကတော်ဟူသည့် ပုံရိပ်ကြောင့် ရပ်ကွက်အတွင်း ရန်ပြုခံရမည်ကိုလည်း ထိတ်လန့်နေရကြောင်း ပြောသည်။

အမိန့်နာခံမှုနှင့် တည်ဆောက်ထားသည့် တပ်အတွင်း အာဏာသိမ်းမှုကို မလိုလားသည့်တိုင် အရာရှိနှင့် ၎င်းတို့၏ ဇနီးများက မိမိတို့၏ စိတ်ခံစားချက်များကို ယခုကဲ့သို့ဖော်ထုတ်ရေးသားနေသည်မှာ မကြုံစဖူးပင်ဖြစ်ကြောင်း CDM ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောသည်။

“အရင်တုန်းက ကျွန်တော်က အကောင့်အတုနဲ့ပဲ အော်နိုင်တာကို ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေတာ။ ခု သူတို့က အကောင့်အစစ်တွေသုံးပြီး အော်နေတော့ အဲဒီလိုမျိုးတွေ့ရတာ လေးလည်းလေးစားပါတယ်” ဟု ၎င်းက ပြောသည်။

ဖရဲသီးနှိမ်နင်းရေး Telegram Channel တွင် ပြောဆိုထားသည့် ကိစ္စအချို့

အရေးယူမှုပုံစံ

စစ်ကောင်စီနောက်လိုက်မိသားစုဝင်များသည် ဖေဖော်ဝါရီ ၁ နောက်ပိုင်းတွင် ၎င်းတို့၏ လူမှုကွန်ရက်ရှိ အကောင့်များကို ပိတ်သိမ်းထားကြပြီး အများအပြားမှာ အကောင့်တုများသုံးနေကြသည်ဟု ယုံကြည်ရသည်။ 

အွန်လိုင်းလူမှုကွန်ရက်မီဒီယာသုံးပြီး စောင့်ကြည့်လေ့လာမှုတွင် ဗိုလ်ကတော်များ မည်မျှကျွမ်းကျင်မှုရှိမှန်း မသိရသော်လည်း ထိုစစ်ဆင်ရေးကတော့ ဆက်လက်ရှိနေသည်။

“ဖရဲသီးနှိမ်နင်းရေး” Telegram Channel တွင် ဖော်ပြခံရသည့် တပ်အရာရှိများကို ရာထူးနှင့် စစ်မှုထမ်းသက်လျှော့ချခြင်း၊ နယ်ပြောင်းခြင်း စသည့် နည်းလမ်းများဖြင့် လက်ရှိတွင် အရေးယူနေသည်ဟု နေပြည်တော်စစ်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တပ်ရင်းတစ်ခုတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အရေးအသားများရေးသားခဲ့သည့် ဇနီးဖြစ်သူ စစ်ကြောရေးတွင် စစ်ဆေးခံရသလို ခင်ပွန်းဖြစ်သူ တပ်အရာရှိကိုလည်း ရာထူးလျှော့ချသည့်ဖြစ်စဉ်မှာ ယခုရက်ပိုင်းအတွင်း အကြီးဆုံးသော အရေးယူမှုဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒါကို လူကြီးတွေက ခိုင်းထားလို့ ဒီကတော်တွေက အကောင်အထည်ဖော်နေတာလားပေါ့နော်။ ဒါမှမဟုတ်ရင် သူတို့သဘောနဲ့သူတို့ လုပ်နေကြတာလား။ တပ်တွင်းစည်းရုံးမှုပြိုကွဲနေပြီလားပေါ့ဗျာ” ဟု အထက်ပါဗိုလ်မှူးက ပြောသည်။

CDM ဗိုလ်ကြီးထွန်းမြတ်အောင်ကမူ ထိုသို့ ပြည်သူဘက်မှ ရပ်တည်သည့် တပ်အရာရှိများကို စံပြဖြစ်စေရန် ရည်ရွယ်ပြီး ယခုထက်ပို၍ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ကို စိုးရိမ်မိကြောင်း ပြောသည်။

“အရေးယူမှုတွေက အဲ့ဒီလောက်နဲ့ ရပ်သွားလိမ့်မယ် မဟုတ်ဘူး။ နမူနာပုံစံမျိုး ပြင်းပြင်းထန်ထန်လုပ်ပြလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ထင်မထားလောက်တဲ့ အရေးယူမှုတွေ လုပ်ပြလာနိုင်တယ်” ဟု ၎င်းက ပြောသည်။

တပ်တွင်းအရေးယူမှုများ ပိုမိုပြင်းထန်လာပါကလည်း မကျေနပ်ချက်ကို ထုတ်ဖော်သူ လျော့နည်းဖွယ်မရှိသဖြင့် နှစ်ပေါင်းများစွာအရိုးစွဲနေသည့် မတရားဖိနှိပ်မှုယန္တရားပြိုလဲသွားမည်ဟု ရှုမြင်ကြောင်း ဗိုလ်ကြီးထွန်းမြတ်အောင်က သုံးသပ်သည်။

“သူတို့ သတ်ပစ်ရင်တောင်မှ ပိုပြီး ထွက်လာမယ်။ များလာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

တပ်တွင်း လက်ရှိအခြေအနေ

အာဏာသိမ်းမှုကို ဆန့်ကျင်သော်လည်း CDM လှုပ်ရှားမှုတွင် မပါဝင်သေးသူများကို စောင့်ကြည့်သတင်းပို့ရေးဟူသော အချက်မှာ “ဖရဲသီးနှိမ်နင်းရေး” Telegram Channel ၏ အဓိကရည်ရွယ်ချက်တစ်ခုဖြစ်သည်။

ယင်းကို အကောင်အထည်ဖော်ရန် သဘောဆန္ဒတူသည့် တပ်အရာရှိကတော်များက စုပေါင်း၍ Facebook တွင် အကောင့်အတုများဖွင့်ထားကြသည်၊ အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို စောင့်ကြည့်၍ အထက်ပါ Telegram Channel တွင် ပြန်လည်မျှဝေ၊ သတင်းပေးသည့်နည်းလမ်းကို သုံးကြသည်ဟု သိရသည်။

CDM လှုပ်ရှားမှုတွင် ပါဝင်လိုသော်လည်း ၎င်းတို့၏ မိသားစုများ တပ်လိုင်းခန်းများ၌ နေထိုင်နေရ၍ စိတ်သွားတိုင်းကိုယ်မပါ ခက်ခဲနေသည့် တပ်အရာရှိများစွာရှိနေသည့် အခြေအနေကို ပစ်မှတ်ထားခြင်းဖြစ်သည်။

ထိုအရာရှိများနှင့် မိသားစုဝင်များက ၎င်းတို့၏ သဘောဆန္ဒများကို ဆိုရှယ်မီဒီယာတွင် မသိမသာဖော်ပြကြပြီး ယင်းကို“ဖရဲသီးနှိမ်နင်းရေး” အုပ်စုကလည်း အကောင့်ပုန်းများဖြင့် စောင့်ကြည့်နေကြခြင်းဖြစ်သည်။

ထို့အပြင် တပ်ရင်း၊ တပ်စခန်းများ၌ လျှို့ဝှက်သတင်းပေါက်ကြားမှုများရှိနေသဖြင့် ကိုယ်ပိုင်လက်ကိုင်ဖုန်းများ ယူဆောင်မလာရန် ညွှန်ကြားကာ ကန့်သတ်ချုပ်ချယ်နေသည်ဟုလည်း Myanmar Now က စုံစမ်းသိရှိရသည်။

တပ်တွင်းလုံခြုံရေးကို အထူးတင်းကျပ်ထားပြီး တက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်းကာ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အင်အား ပိုများလာမည့်ကိစ္စမှာ စစ်ကောင်စီကို နေ့စဉ် ခြိမ်းခြောက်နေသည့် အခြေအနေသို့ ရောက်နေပြီဟုပင် ယင်းအသိုင်းအဝိုင်းမှလာသော သတင်းစကားများက ဆိုသည်။

ရန်ကုန်ရှိ မြေအောက်လှုပ်ရှားမှုတွင် ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးကလည်း စစ်ကောင်စီတပ်ကို ပစ်မှတ်ထားသော ကြီးမားသည့် ဖောက်ခွဲတိုက်ခိုက်မှုများတွင် တပ်မတော်သားတချို့ထံမှ အကူအညီများစွာရရှိခဲ့သည်ဟု Myanmar Now ကို ထုတ်ဖော်ပြောဆိုထားသည်။

“ဒီလိုနေရာမျိုးတွေဆိုတာ ကျွန်တော်တို့ အပြင်လူတွေ၊ ဝင်လို့ထွက်လို့ရတဲ့နေရာတွေ မဟုတ်ဘူး။ စစ်ကားနားဆိုတာက စစ်ယူနီဖောင်းမပါဘဲနဲ့ ကပ်လို့ရတဲ့ နေရာတွေမှ မဟုတ်တာ” ဟု ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောထားသည်။

၎င်းတို့ကို အကူအညီပေးနေသည့် တပ်မတော်သားများမှာ မိသားစုအခြေအနေကြောင့် CDMတွင် ပါဝင်နိုင်ခြင်းမရှိကြသော်လည်း စစ်ကောင်စီကို လူထုနှင့်အတူ ဆန့်ကျင်နေကြသူများဖြစ်သဖြင့် ကျေးဇူးတင်ရသည်ဟု ၎င်းက ဆိုသည်။

နေပြည်တော်စစ်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးကလည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် မြေအောက်လှုပ်ရှားမှုတွင် ပါဝင်သည့် ကျောင်းသားလူငယ်များကို တပ်တွင်းရှိ အရာရှိငယ်များက အကူအညီပေးနေသည်ဆိုသော သတင်းစကားပျံ့နှံ့နေကြောင်း ပြောသည်။

ထိုသို့ အကူအညီပေးနေသူ တပ်အရာရှိငယ်များမှာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့စဉ်က ခင်မင်ခဲ့ကြသည့် စစ်အာဏာရှင်ဆန့်ကျင်သော သူငယ်ချင်းများနှင့် ချိတ်ဆက်မိကာ တစ်ဖက်တစ်လမ်းမှ အကူအညီပေးနေကြခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

၎င်းကိုယ်တိုင်ပင် တပ်အရာရှိငယ်များက အကူအညီတောင်းခံခဲ့၍ ရှမ်းနှင့် ကယားဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဖွဲ့ဝင်များ လိုအပ်နေသည့် ဆေးဝါးအကူအညီရရန် ချိတ်ဆက်ပေးဖူးသည်ဟု အထက်ပါဗိုလ်မှူးက ပြောသည်။

သို့သော် စစ်အာဏာသိမ်းမှုကို မကြိုက်သည့် တပ်အရာရှိအများစုမှာ အကြောက်တရားဖြင့် အုပ်ချုပ်ခံထားရခြင်း၊ ၎င်းတို့၏ မိသားစုဝင်များမှာ တပ်စခန်းများတွင် ရှိနေခြင်း စသည့် အခြေအနေများကြောင့် ပြည်သူများမျှော်လင့်နေသည့် တပ်တွင်းပုန်ကန်မှုမှာမူ ဖြစ်မလာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

“ဒီထက်ပိုပြီးတော့ စွန့်စားပြီးတော့ ပုန်ကန်တာတို့၊ ပြန်လည်ဆန့်ကျင်တာတို့ကတော့ ပြည်သူတွေအနေနဲ့က အရမ်းမမျှော်လင့်နဲ့ပေါ့။ ကျွန်တော်တော့ သိပ်မထင်ဘူးဗျ။ ဒီဘက်က မစွံဘူးဗျ” ဟု အဆိုပါ ဗိုလ်မှူးက ပြောသည်။

ထိုအခြေအနေတွင် တပ်တွင်းစည်းလုံးရေးအတွက် စစ်ကောင်စီဘက်က အပြင်းအထန်ကြိုးစားနေပြီး သတင်းအချက်အလက်စီးဆင်းမှုကို ကန့်သတ်ကာ ဝါဒဖြန့်ရုပ်သံလိုင်းများဖြစ်သည့် မြန်မာ့အသံနှင့် မြဝတီတို့ကိုသာ ကြည့်ရန်၊ တပ်ချုပ်၏ မိန့်ခွန်းများကို မဖြစ်မနေနားထောင်ရန် ဖိအားပေးနေသည်ဆိုသော သတင်းစကားများလည်း တပ်တွင်းမှ ထွက်ပေါ်နေသည်။

Myanmar Now ၏ စုံစမ်းမှုအရ စစ်အာဏာသိမ်းမှုကို မကျေနပ်သည့် တပ်အရာရှိများစွာရှိနေသော်လည်း အများစုမှာ တပ်မှထွက်ခွင့်တင်ထားသူများ၊ အထက်အောက်ဖိနှိပ်မှုများကြောင့် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့ကြောင်း တွေ့ရသည်။

ဆန္ဒပြလူငယ်များကို ပစ်မသတ်ရန် ဆုံးဖြတ်ထားသည်ဆိုသော ပြင်ဦးလွင်စစ်တက္ကသိုလ်တစ်ခု၌ တာဝန်ထမ်းနေသူ ဗိုလ်မှူး၏ ဇနီးဖြစ်သူကိုယ်တိုင်ကပင် ၎င်း၏ အမျိုးသားမှာ ရာထူးမှဖယ်ရှားခြင်း၊ ထောင်ဒဏ်ပေးခြင်းတို့ထက် ပိုမိုဆိုးရွားသည့် အခြေအနေနှင့် ရင်ဆိုင်ရမည်စိုး၍ CDM တွင် ပါဝင်ရန် စိတ်ကူးကို လက်လျှော့ထားခဲ့ရကြောင်း ဝန်ခံသည်။

“အဲဒီလို မပြတ်သား မစွန့်လွှတ်ရဲသူတွေကြောင့် အရေးတော်ပုံက ခုလိုကြာနေတာလို့ပြောလည်း ကိုယ့်ဒုက္ခ ကိုယ်ပဲသိတယ်။ ကျွန်မတို့လည်း မိသားစု အေးအေးချမ်းချမ်းပဲနေချင်တာ၊ ဒီမအလ (မင်းအောင်လှိုင်) ကိုလည်း သေစေချင်ပြီ။ နှစ်ဖက်စလုံးက ဒုက္ခတွေများပါတယ်” ဟု သူက မှတ်ချက်ပြုလိုက်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button