
စစ်တပ်က ဝင်ရောက်စီးနင်းနေသည့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာအနီး ပတ်ဝန်းကျင်တွင် အရပ်သား ရုပ်အလောင်း ၆ ခု တွေ့ရှိခဲ့ပြီးနောက် သင်္ဂြိုဟ်ရန် အခက်တွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၆ မနက်တွင် ကပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းခဲ့ပြီး ၃ ရက်အကြာ ယမန်နေ့ (သြဂုတ် ၂၉) တွင် ကျေးရွာသုသာန်၌ ရုပ်အလောင်းသုံးခု၊ ရွာထဲတွင် ရုပ်အလောင်းနှစ်ခု၊ ရွာအနောက်ဘက်အုတ်ဖိုအနီးတွင် ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ဒေသခံတချို့က စစ်တပ်က ရန်ပြုနိုင်ခြေရှိသည့်ကြားမှ ရွာအတွင်း အရဲစွန့်ဝင်ရောက်ရှာဖွေရာမှ ထိုသို့ ရုပ်အလောင်းများ တွေ့ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ကပေါင်းကျရွာသုသာန်တွင် အသက် ၆၀ ဝန်းကျင်အရွယ် ဦးဖိုးကြီး၊ အသက် ၃၇ နှစ်အရွယ် ကိုကျော်နိုင်လင်း (ခ) ကိုဂျပန်နှင့် အသက် ၂၅နှစ်အရွယ် ကိုလွင်မိုးတို့၏ ရုပ်အလောင်းများရောက်နေပြီး လက်ရှိအချိန်ထိ အလောင်းမကောက်နိုင်သေးကြောင်း မျက်မြင်တွေ့ခဲ့ရသည့် ကပေါင်းကျရွာဒေသခံက ပြောသည်။
အဆိုပါရုပ်အလောင်းများ အခြေအနေနှင့် ပတ်သက်၍ အသေးစိတ်မသိရသေးပေ။
ရွာအတွင်း ဦးခေါင်းကျည်ထိဒဏ်ရာများရှိသည့် ရုပ်အလောင်းနှစ်ခုမှာ အသက် ၄၀ ဝန်းကျင် ဦးဇော်မင်းလေးနှင့် အသက် ၃၀ ဝန်းကျင်အရွယ် ကိုဟိန်းဇာ တို့ဖြစ်ကြကြောင်း၊ ဦးဇော်မင်းလေး၏ ရုပ်အလောင်းကို ယမန်နေ့ နေ့လယ်က သင်္ဂြိုဟ်ခဲ့သော်လည်း ကိုဟိန်းဇာ၏ ရုပ်အလောင်းကို ယနေ့မနက်အထိ ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း အဆိုပါအမျိုးသားက ပြောပြသည်။
ရွာအနောက်ဘက် အုတ်ဖိုအနီး ထပ်မံတွေ့ရှိခဲ့သည့် အမျိုးသားရုပ်အလောင်းမှာမူ မည်သူမည်ဝါ မသိရသေးဘဲ အလောင်းမကောက်နိုင်သေးကြောင်း သူက ဆက်ပြောသည်။
“၂၆ ရက်နေ့တည်းက တစ်ခါတည်းသတ်တာနဲ့တူပါတယ်။ ဖမ်းတဲ့နေ့တည်းကပေါ့။ နေ့နဲ့ညလောက်ပဲ ကွဲတာပါ။ ဘာကြောင့်လဲဆိုတော့ အလောင်းတွေရဲ့အနေအထားက ကိုင်လို့လည်းမရတော့ဘူး။ ပုပ်ပွနေပြီဆိုတော့ နှာခေါင်းပိတ်ပြီး ဖြစ်သလိုကိုင်ပြီး ယူခဲ့ကြတာ” ဟု အလောင်းများကို မျက်မြင်တွေ့ရှိခဲ့ရသည့် အထက်ပါအမျိုးသားက Myanmar Now ကို ပြောသည်။
ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်တပ်ကောင်စီအဖွဲ့ဝင်တချို့ ရှိနိုင်သည့်အတွက် ဒေသခံများမှာ နေရပ်မပြန်ရဲကြသေးသောကြောင့် အလောင်းကောက်ယူ သင်္ဂြိုဟ်ရန် ခက်ခဲနေဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ စစ်တပ်က ရွာအတွင်း တပ်စွဲစီးနင်းထား၍ ထွက်ပြေးတိမ်းရှောင်နေရသည့် ကပေါင်းကျရွာ ဒေသခံများကို စစ်တပ်က တောနင်းရှာဖွေပြီး ပစ်ခတ်ခဲ့၍ သြဂုတ် ၂၇ တွင် အသက် ၃၀ ဝန်းကျင် ကိုမိုးဆွေဦးမှာ ဝမ်းဗိုက်ကျည်ထိမှန်ပြီး သေဆုံးခဲ့ရသည်။ ၎င်း၏နှမဖြစ်သူလည်း လက်မောင်းကျည်ထိမှန်ခဲ့သည်။
ယမန် နေ့ (သြဂုတ် ၂၉) ရက် ညနေပိုင်းက ကပေါင်းကျရွာအနောက်ဘက် ၁၀ မိုင်ဝန်းကျင်အကွာရှိ လိပ်ခြံရွာကို ကပေါင်းကျရွာတွင် တပ်စွဲထားသည့် အင်အား ၁၀၀ ကျော်အနက်မှ အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။
“ဝင်လာတဲ့ကောင်တွေက အရပ်ဝတ်တွေနဲ့ ဝင်လာတာဆိုတော့ မသိလိုက်ဘဲနဲ့ ရွာထဲက အစွန်ဆုံးအိမ်မှာ ဝင်လဲပြီး စစ်ဝတ်စုံ လဲပြီးပြီးချင်းမှာပဲ တောက်လျှောက် သေနတ်တွေနဲ့ ထပစ်လိုက်တာပါ” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် လိပ်ခြံရွာဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ စီးနင်းစဉ် အသက် ၃၀ ကျော်အရွယ် ကိုမျိုးဝင်းဆိုသူ နေအိမ်တွင် ပစ်သတ်ခံရပြီး အမျိုးသားတစ်ဦးလည်း ဖမ်းဆီးခံရကြောင်း သိရသည်။
လက်ရှိတွင် လိပ်ခြံကျေးရွာဘုန်းကြီးကျောင်းမှ သံဃာတော်များအပါအဝင် ရွာလုံးကျွတ်နီးပါး နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ဆိုသည်။
“ရွာဦးကျောင်းဆရာတော်နဲ့ ကိုရင်လေးတွေ တခြားရွာကို ပြောင်းတဲ့အချိန်မှာ သူတို့ပြောင်းတာကို မြင်လို့ (စစ်တပ်က) လှမ်းပစ်လိုက်တာ။ လက်နက်ကြီးနဲ့ လှမ်းပစ်တာပါ။ ချောင်းရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ဇရပ် ပြာကျသွားပါတယ်။ ဘုန်းကြီးတွေတော့ လွတ်သွားပါတယ်” ဟု အထက်ပါ လိပ်ခြံရွာဒေသခံက ဆက်ပြောသည်။
ယနေ့ မနက်တွင်မူ စစ်ကောင်စီတပ်များသည် လိပ်ခြံရွာမှ အနီးဝန်းကျင်ရှိ ကျေးရွာများဘက်သို့ ဆက်ထွက်သွားသဖြင့် ဒေသခံများက ကျေးရွာအတွင်း ဝင်ရောက်ကြည့်ရှုရာ စျေးဆိုင်နှင့် နေအိမ်တချို့ ရိုက်နှက်ဖျက်ဆီးခံထားရသည်ဟု မျက်မြင်သက်သေများကို ကိုးကားပြီး ၎င်းက ဆိုသည်။
ကပေါင်းကျရွာနှင့် လိပ်ခြံရွာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (PDF) များ ရှိနေသည်ဟု စစ်တပ်ဒလန်တို့က စွပ်စွဲ၊ လမ်းပြပေးမှုကြောင့် စစ်တပ်က ယခုကဲ့သို့ ဝင်ရောက်စီးနင်းနေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်။
လိပ်ခြံကျေးရွာကို ပထမဆုံး ဝင်ရောက်စီးနင်းခြင်းဖြစ်သော်လည်း ကပေါင်းကျရွာမှာမူ ၇ ကြိမ်မြောက် စီးနင်းခံရခြင်း ဖြစ်သည်။
စစ်တပ်၏ စီးနင်းမှုကြောင့် အိမ်ခြေ ၈၀၀ နီးပါး ရှိသည့် ကပေါင်းကျရွာ၊ အိမ်ခြေ ၂၀၀ နီးပါးရှိသည့် လိပ်ခြံရွာနှင့် အနီးအနားရှိ ရွာသစ်ကုန်း၊ အိုင်လျား စသည့်ကျေးရွာများအပါအဝင် ဒေသခံ သုံးထောင်ဝန်းကျင်မှာ မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးအခက်အခဲ ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောသည်။
ကပေါင်းကျဝန်းကျင် ပစ်ခတ်သတ်ဖြတ်မှု၊ ဖျက်ဆီးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။ စစ်ကောင်စီပြန်ကြားရေးဌာနကို မေးမြန်းရန်မှာ ဖုန်းအဆက်အသွယ် မရသေးပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe