သတင်း

တန့်ဆည်မြို့နယ်မှ ဒေသခံ၂ ဦးကို စစ်ကောင်စီတပ် ပစ်သတ်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျရွာကို ဝင်ရောက်စီးနင်းထားသော စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သြဂုတ် ၂၆ တွင် တစ်ဦး၊  ယမန်နေ့ (သြဂုတ် ၂၇) တွင် တစ်ဦးသေဆုံးသွားသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရွာအနောက်ဘက် သုံးမိုင်အကွာ တဲစု၌ အသက် ၃၀ ဝန်းကျင်အရွယ် ကိုမိုးဆွေဦး ဝမ်းဗိုက် ကျည်ထိသေဆုံးခဲ့ပြီး နှမဖြစ်သူမှာ လက်မောင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ ထမင်းဆာလို့ဆိုပြီး (တဲမှာ)ဝင်စားတဲ့အခါမှာ သူတို့ (စစ်တပ်)နဲ့တွေ့တော့ ကလေးတွေကလည်း လန့်ပြီး ပြေးတာပေါ့။ အဲ့ဒီမှာပစ်တာ တစ်ယောက်က ဗိုက်ကို ထိသွားတယ်၊ သူ့ညီမကတော့ လက်ကို၊ စုတ်ပြတ်သတ်သွားတယ်” ဟု မိသားစုနှင့် နီးစပ်သူ ရွာခံတစ်ဦးက မျက်မြင်များကို ကိုးကား၍ ပြောသည်။

ကိုမိုးဆွေဦး၏ အလောင်းကို ယနေ့ (သြဂုတ် ၂၈) သင်္ဂြိုဟ်မည်ဖြစ်ပြီး နှမဖြစ်သူမှာ လက်မောင်းဒဏ်ရာကို ဆေးကုသမှုခံယူနေရကြောင်း ရွာသားများထံမှ သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်မှု အားကောင်းသည့် ကပေါင်းကျရွာကို စစ်ကောင်စီတပ်က ၇ ကြိမ်မြောက်အဖြစ် ဩဂုတ် ၂၆ မနက် ၂ နာရီတွင် အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ဖြင့် ကပေါင်းကျကျေးရွာအတွင်း ဝင်ရောက်လာရာ ထွက်ကြည့်သည့် ရွာသားများကို ပစ်ခတ်ရာ တစ်ဦးသေဆုံးကာ တစ်ဦးအဖမ်းခံရသည်။

ထို့နောက် စစ်တပ်က စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားလိုက်ပြီး ညပိုင်း၌ ရွာမှ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံအများအပြား ထွက်ပြေးခဲ့ရာ  ၎င်းတို့ ထွက်ပြေးသည့်ဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ရွာသားများက ဆိုသည်။

သြဂုတ်၂၇ မနက်မှစ၍ အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာအနောက်ဘက်ကို တောနင်းရှာဖွေခဲ့သည်။

ကျေးရွာအတွင်း ကျန်နေခဲ့သည့် စစ်သားများက နေအိမ်များကို ရိုက်နှက်ဖျက်ဆီးနေရာ တချို့အိမ်များတွင် အိမ်တိုင်များကို သစ်ဖြတ်လွှစက်ဖြင့် ဖြတ်ခဲ့သည်ဟု Myanmar Now က မေးမြန်းခဲ့သည့် ရွာခံ ၄ ဦး က မျက်မြင်များကို ကိုးကားပြီး အတည်ပြုသည်။

တန့်ဆည်မြို့နယ်၊ ကပေါင်းကျရွာအား တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-Google Earth)

စစ်တပ်ရန်ကြောင့် အိမ်ခြေ ၈၀၀ နီးပါးရှိ ကပေါင်းကျကျေးရွာတွင် သက်ကြီးရွယ်အိုများမှအပ လူတစ်ထောင်ကျော်ခန့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရသည်ဟု ဒေသခံများက ဆိုသည်။ 

“ကျွန်မတို့ရွာကြီး ဒုက္ခတွေရောက်နေတယ်။ ထွက်ပြေးနေရတာ တချို့ဆို ဆက်သွယ်လို့တောင်မရဘူး။ သေတယ်လည်း မသိဘူး၊ ရှင်တယ်လည်း မသိဘူး။ ဘယ်တွေနေမှန်းလည်း မသိရဘူး။ မိသားစုတွေလည်း တကွဲတပြားစီ ဖြစ်နေတာ။ တိရစ္ဆာန်တွေလည်း သုံးရက်ရှိပြီ၊ အစားလည်းမစားရဘူး၊ ရေလည်းမသောက်ရဘူး” ဟု ထွက်ပြေးနေရသည့် ကပေါင်းကျကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ယနေ့ နေ့လယ်တွင် ပြောသည်။ 

တန့်ဆည်မြို့နယ်တွင် ဇွန်လအတွင်း စစ်ကောင်စီထောက်တိုင်များဖြစ်သည့် အုပ်ချုပ်ရေးမှူးဟောင်းများ အသတ်ခံရပြီးနောက် ပေါက်ကွဲမှုများ ခပ်စိပ်စိပ်ဖြစ်လာခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းလာသည်။ 

ကပေါင်းကျကျေးရွာအနေဖြင့် ရွာအတွင်း စစ်တပ်၏ မွှေနှောက်ဖျက်ဆီးခံရမှုသည် ယခုတစ်ခေါက် ရက်အကြာဆုံးဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ 

“အရင်တစ်ခေါက်ကတော့ တစ်ညအိပ်ပြီး ပြန်ဆုတ်သွားတယ်။ ဒီတစ်ခါကတော့ နှစ်ညရှိပြီ။ ရွာကို စီးနင်းပြီးတော့ လိုက်လံရှာဖွေ ဖျက်ဆီးစားသောက်နေတာ။ ရွာထဲမှာရှိတဲ့ နွားတွေသတ်၊ ကြက်တွေသတ်၊ ဝက်တွေသတ်ပြီး လိုချင်တာတွေ ယူပြီးလုပ်နေတာ” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ကပေါင်းကျဒေသခံ နောက်တစ်ဦးက ပြောသည်။ 

စစ်သားများ ရွာအတွင်း လုယက်ဖျက်ဆီးသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရန် မေးမြန်းလိုသော်လည်း စစ်ကောင်စီ ပြောခွင့်ရ အရာရှိများနှင့် တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။

လက်ရှိတွင် ကပေါင်းကျရွာအတွင်း စစ်တပ်က တပ်စွဲထားလျက်ရှိသောကြောင့် ရွာသူရွာသားများမှာ တောတောင် ထဲတွင် ဆက်လက်တိမ်းရှောင်နေရပြီး ပြီးခဲ့သည့် မေလအတွင်း ဝင်ရောက်စီးနင်းစဉ်ကလည်း စစ်တပ် ပြန်ထွက်သွားပြီး အချိန်အတော်ကြာသည်အထိ တောတောင်များထဲတွင် တိမ်းရှောင်ခဲ့ရသည်။ 

Google မြေပုံတွင် တွေ့ရသည့် ကပေါင်းကျရွာနှင့် အနီးဝန်းကျင်မြို့များ

Show More

Related Articles

Back to top button