
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ တားလ်ကျေးရွာတွင် စစ်တပ်က ဖျက်ဆီးမွှေနှောက်သွားသောကြောင့် ရွာမှာ ပျက်စီးသွားပြီး နေထိုင်ရန် မဖြစ်နိုင်တော့သဖြင့် ရွာလုံးကျွတ် ဒုက္ခသည်များအဖြစ် ဖလမ်းမြို့ပေါ်နှင့် နီးစပ်ရာများ၌ ခိုလှုံနေရသည်။
ဟားခါး-ဖလမ်း ကားလမ်းမဘေးရှိ ဖလမ်းမြို့မှ ၁၂ မိုင် အကွာ၊ အိမ်ခြေ ၃၆ လုံးနှင့် လူဦးရေ ၁၆၀ ဝန်းကျင်ခန့် ရှိသော တားလ်ကျေးရွာ (Taal Village) အတွင်း ဇူလိုင်နှင့် ဩဂုတ်၌ စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်ဖျက်ဆီး၍ စာသင်ကျောင်းနှင့် ခရစ်ယာန်ဘာသာရေးဘုရားကျောင်းတွင် ၅ ရက်ခန့် တပ်စွဲနေထိုင်စဉ်အတွင်း ယင်းသို့ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ရွာခံများထံမှ သိရသည်။
လူနေအိမ်များ၊ အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးပြီး အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်သည့် စစ်တပ်က ရွာသားနှစ်ဦးကိုလည်း ခေါ်ယူ ရိုက်နှက်ခဲ့သည်ဟု တားလ်ကျေးရွာ ခရစ်ယာန်ဘာသာရေးဆရာတော်တစ်ပါးက Myanmar Now ကို မိန့်သည်။
ဇူလိုင် ၂၀ တွင် အင်အား ၉၀ ဝန်းကျင်ရှိသော စစ်ကြောင်းတစ်ခု တားလ်ကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် နေအိမ် ၂၁ လုံးနှင့် တန်ဖိုးရှိအသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
ယင်းရက်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး တားလ်ကျေးရွာအပါအဝင် ကျေးရွာ ၄ ရွာမှ ဒေသခံ ၈၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
အလားတူ သြဂုတ် ၉ တွင် အင်အား ၁၅၀ ဝန်းကျင် စစ်ကြောင်းတစ်ခု တားလ်ကျေးရွာသို့ ထပ်မံ ဝင်ရောက်လာပြီး ဖျက်ဆီး၊ လုယက်ကြပြန်သည်ဟု ၎င်းဆရာတော်ထံမှ သိရသည်။
“သူတို့ (စစ်တပ်)က လာတဲ့ အချိန်မှာ ရွာကလူတွေက အကုန်လုံး တောတောင်တွေထဲကို ထွက်ပြေးကြတယ်။ အဲဒီအချိန်မှာ သူတို့က ရွာထဲကိုဝင်ပြီး နေအိမ်တွေ ဖျက်ဆီးတယ်။ အိမ်မွေးတိရစ္ဆာန် ကြက်တွေ၊ ဝက်တွေကို အကုန်သတ်တယ်”ဟု ၎င်းက ဆိုသည်။
ယင်းကျေးရွာအတွင်းရှိ ၅ ရက်တပ်စွဲခဲ့ပြီး ခရစ်ယာန်ဘာသာရေးကျောင်းမှ ဘာသာရေးစာအုပ်များ၊ ပရိဘောဂများကို ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။
ထို့ကြောင့် တားလ်ကျေးရွာသားများမှာ ယင်းနေ့ကတည်းက တိမ်းရှောင်ခဲ့ရကြောင်း၊ တချို့တွင် ကိုဗစ်နိုင်တင်းဖြစ်ပွားနေကြောင်း သိရသည်။
ယင်း ဩဂုတ် ၉ တွင် စစ်တပ်က ဝင်ရောက်ပြီးနောက် တားလ်ကျေးရွာမှ အသက် ၄၃ နှစ်အရွယ် ဦးရွှေကျုံး (U Sui Cung) နှင့် အသက် ၂၂ အရွယ် ပီတာဗန်ထောင်းဟူ (Peter Van Thawng Hu) တို့ အသုံးအဆောင်ပစ္စည်းတချို့ ယူဆောင်ရန် ရွာသို့ သွားစဉ် စစ်တပ်နှင့်တွေ့ပြီး ရိုက်နှက်ခံခဲ့ရသည်။
“ဒဏ်ရာကတော့ သိပ်မပြင်းပါဘူး။ သူတို့ (စစ်သားများ) ခြေထောက်နဲ့ ကန်တာ။ မျက်စိတွေ နီရဲလို့ ဖြစ်သွားတယ်။ သူတို့နှစ်ယောက်ကို စစ်သားတွေက ပြန်လွှတ်ပေးလိုက်လို့ ပြန်လွတ်လာတာပါ” ဟု ဆရာတော်က မိန့်သည်။

တားကျေးလ်ရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်အနေဖြင့် အရပ်သားများအပေါ် ပစ်မှတ်ထားကျူးကျော်ခြင်းမှ ရှောင်ရှားရန်နှင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေများကို လိုက်နာရန် ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) က ယမန်နေ့ (သြဂုတ် ၂၇)တွင် ထုတ်ပြန်ချက်ထုတ်၍ တိုက်တွန်းခဲ့သည်။
ထိုသို့ စစ်တပ် ဝင်ရောက်ဖျက်ဆီးခဲ့သည့် ယင်းနှစ်ကြိမ်အတွင်း တားလ်ကျေးရွာမှ နေအိမ် ၃၆ လုံး နေထိုင်မရအောင် ပျက်စီးသွားပြီး အိမ်အတွင်းရှိ အိုး၊ ခွက်၊ စောင်၊ အိမ်ထောင်ပရိဘောများ၊ ကြက် ၃၈၀ ကောင်ခန့်၊ ဝက် ၈ ကောင် ဆုံးရှုံးခဲ့ရပြီး ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုသို့ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခြင်းကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်သည့် စစ်တပ်က ဘာသာရေးဆိုင်ရာနှင့် စာသင်ကျောင်းများတွင် တပ်စွဲခြင်းသည် အပြည်ပြည်ဆိုင်ဂျနီဗာသဘောတူစာချုပ်များ အပိုဒ် (၃) နှင့် အရပ်သားများကို အကာအကွယ်ပေးထားသည့် နောက်ဆက်တွဲစာချုပ် (၂) ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပါရှိသည်။
ရွာသားအများစု ဖလမ်းမြို့ပေါ် ရောက်သွားပြီး တချို့က အခြားဒေသများသို့ ထွက်ပြေး ခိုလှုံနေကြရသည်။
“အခုတော့ ရွာဘက်မှာ စစ်သားတွေ မရှိတော့ဘူး။ ဒါပေမယ့် ရွာမှာအိမ်တွေလည်း ပျက်စီး၊ ပစ္စည်းတွေလည်း ပျက်စီးသွားတယ်ဆိုတော့ ရွာကို ထပ်မသွားဘဲ ဖလမ်းဘက်ကို ထွက်ပြေးကြတာ” ဟု အထက်ပါ ဆရာတော်က မိန့်သည်။
၎င်းဆရာတော်ကိုယ်တိုင်သည်လည်း ဖလမ်းမြို့ပေါ်တွင် တိမ်းရှောင်ခိုလှုံနေရသည်။
ချင်းပြည်နယ်နှင့် နယ်မြေထိစပ်နေသော စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်များသည် စစ်ကောင်စီကို လက်နက်ကိုင် ပြန်ခုခံနေသောကြောင့် စစ်တပ်ကလည်း ကျေးရွာများအတွင်း ဝင်ရောက် မွှေနှောက်ဖျက်ဆီးနေသည်။
ဖလမ်းမြို့နှင့် လမ်းကြောတစ်ဆက်တည်းရှိသော မင်းတပ်မြို့တွင်လည်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) နှင့် စစ်တပ်တို့ မကြာသေးခင်ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားထားသည်။
စစ်သားများ ရွာအတွင်း လုယက်ဖျက်ဆီးသည်ဟူသော ပြောဆိုချက်၊ ထုတ်ပြန်ချက်တို့နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရန် မေးမြန်းလိုသော်လည်း စစ်ကောင်စီ ပြောခွင့်ရအရာရာရှိများနှင့် တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။
ချင်းတောင်တန်း ဒေသခံပြောက်ကျားအဖွဲ့များ၏ ချုံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာနေပုံ၊ စစ်သားများက ဒေသခံတို့ကို ရန်သူသဖွယ် ဆက်ဆံနေပုံတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။