သတင်း

တန့်ဆည်မြို့နယ် ကပေါင်းကျရွာကို စစ်တပ်စီးနင်း၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာကို ယမန်နေ့ (ဩဂုတ်လ ၂၆) တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ လူနေအိမ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်နေသဖြင့် ရွာလုံးကျွတ် ထွက်ပြေးနေရသည်။ 

ယမန်နေ့ နံနက်၂ နာရီခန့်တွင် စစ်တပ်က ကားခြောက်စီးဖြင့် ကပေါင်းကျရွာအတွင်း ရောက်ရှိလာပြီးနောက် ရွာအတွင်း ထွက်ကြည့်သူ အသက် ၂၅ နှစ်အရွယ် ကိုလွင်မိုးကို ပစ်သတ်ခဲ့​ပြီး အသက် ၃၂ နှစ် အရွယ် ကိုဟိန်းဇာကို ဖမ်းဆီးသွားသည်ဟု မျက်မြင်များကို ကိုးကား၍ ရွာသားတစ်ဦးက ပြောသည်။ 

“ကလေးနှစ်ယောက်ကို တွေ့တာ။ တစ်ယောက်ကို ပစ်သတ်ပြီး တစ်ယောက်ကို ဖမ်းသွားတယ်” ဟု ကပေါင်းရွာမှ အဆိုပါအမျိုးသားက ဆိုသည်။ 

ထို့နောက် အင်အားရာဂဏန်းရှိ စစ်တပ်က ရွာအတွင်း တပ်စွဲထားလိုက်သဖြင့် အိမ်ခြေ ၈၀၀ ခန့် နီးပါးရှိ ကပေါင်းကျရွာမှ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ 

ယမန်နေ့ ည ၁၀ နာရီခန့်ကလည်း စစ်တပ်က ကပေါင်းကျရွာအတွင်းရှိ နေအိမ်များကို​ မီးရှို့ခဲ့သည့်အပြင် ရွာသူရွာသားများ ထွက်ပြေးရာဘက်ကို လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါရွာခံအမျိုးသားက ပြောသည်။

“ပြည်သူတွေ ပြေးနေတဲ့ဘက်ကို ပစ်တာ။ ရွာကိုမီးရှို့ပြီး ရှောင်နေတဲ့ဘက်ကို လက်နက်ကြီးနဲ့ လိုက်ပစ်နေတဲ့ပုံပဲ ။ လက်နက်ကြီးမပစ်ခင်မှာ သေနတ်ပစ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်။ ကျွန်တော်တို့လည်း သွားကြည့်လို့ မရဘူး” ဟု ၎င်းက ဆိုသည်။ 

ရွာခံများအားလုံး ထွက်ပြေးနေရပြီး ရွာထဲရှိ နေအိမ်ထက်ဝက်နီးပါး မီးရှို့ခံရသည်ဟု နောက်ထပ် ရွာခံတစ်ဦးက ပြောသည်။

“ရွာထဲမှာ တစ်ယောက်မှ မရှိဘူး။ ဘေးလွတ်ရာ အကုန်ပြေးနေရတယ်။ တိရစ္ဆာန်လေးတွေ ကျွဲတွေ၊ နွားတွေ၊ ဝက်တွေ အဲ့ဒါတွေပဲ ကျန်ခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ယနေ့ (ဩဂုတ် ၂၇) မနက်တွင်လည်း ရွာရှိနေအိမ်အချို့ကို စစ်သားများ လိုက်လံဖျက်ဆီးနေပြီး မည်မျှဖျက်ဆီးခံရသည်ကို မသိရသေးကြောင်း နောက်ထပ် ကပေါင်းကျဒေသခံတစ်ဦးက ပြောသည်။ 

တန့်ဆည်မြို့နယ်အတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုများ အားကောင်းရာ ကပေါင်းကျကျေးရွာကို စစ်တပ်က ခုနှစ်ကြိမ်မြောက် စီးနင်းခဲ့ခြင်းဖြစ်ကာ မေလအတွင်းကလည်း ယခုကဲ့သို့ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။ 

တန့်ဆည်မြို့နယ်၌ ဇွန်လအတွင်းက အုပ်ချုပ်ရေးမှူးဟောင်း ၃ ဦး သတ်ဖြတ်ခံရပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ရှိသည်ဆိုကာ စစ်တပ်က ကျေးရွာများကို မကြာခဏ ဝင်ရောက်စီးနင်းခဲ့သည်။ 

ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က ကပေါင်းကျရွာတွင် စစ်တပ်သတင်းပေးဆိုသော ကိုဝင်းထိန်နှင့် မောင်ဟန်ဆိုသူနှစ်ဦး အသတ်ခံခဲ့ရသည်ဟုဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။  

ကပေါင်းကျကျေးရွာ စီးနင်းခံရသည့်ကိစ္စနှင့် ပတ်သက်၍ တန့်ဆည်မြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီတာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယမန်နေ့အထိ စစ်ကောင်စီလက်ချက်ဖြင့် လူပေါင်း ၁၀၁၉ ဦး သေဆုံးခဲ့ပြီး ၇၅၈၉ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

Show More

Related Articles

Back to top button