အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးကိုနီကို လုပ်ကြံခြင်းသည် NLD ၏ နိုင်ငံရေးလမ်းကြောင်းကို ဖျက်ဆီးခြင်းဟု ပါတီကပြော

ရန်ကုန် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုလုပ်ကြံခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သွားနေသည့် နိုင်ငံရေးလမ်းကြောင်းကို ပျက်ပြားအောင် အချိန်ယူ ငွေကုန်ခံပြီး ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့သည့် နိုင်ငံရေးအကြမ်းဖက်မှုဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်းတို့ ရန်ကုန်လေဆိပ်၌ သေနတ်သမားကြည်လင်း၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့ခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ယနေ့ကျင်းပခဲ့သည့် အခမ်းအနား၌ ပြောခြင်းဖြစ်သည်။

ဒါဟာ အစီအစဉ်ရှိရှိ လူအင်အားငွေအင်အားအချိန်ယူပြီး ပြည်တွင်းပြည်ပ လူစည်ကားတဲ့ နေရာမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတာဖြစ်ပါတယ်ဟု ၎င်းက ပြောသည်။

ဦးကိုနီကိုသတ်ဖြတ်မှုအတွက် တရားခံများကို အမှုစစ်နေသည်မှာ နှစ်နှစ်ကြာနေပြီဖြစ်ပြီး ရုံးချိန်းပေါင်း ၁ဝဝ ကျော်နေခြင်းမှာ မြန်မာနိုင်ငံတရားစီရင်ရေးကို ပြက်ရယ်ပြုနေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ဤအမှုတွင် သက်သေများအားလုံးကို စစ်ဆေးပြီးဖြစ်ကြောင်း နဂိုမူလ တည်ဆောက်ပုံအားနည်းသည့် အမှုကို ခိုင်မာအောင်တည်ဆောင်နိုင်ခဲ့သဖြင့် ၎င်းအနေဖြင့် အားရပြီး ခုံရုံးတရားသူကြီးများ၏ ဆုံးဖြတ်မှုကို မကြာခင်ရောက်ရှိသွားမည်ဖြစ်ကြောင်း ပြောသည်။

ရှေ့နေ ဦးကိုနီကို လုပ်ကြံဖို့ မြင့်ဆွေဆိုသူက စေခိုင်းခြင်းဖြစ်ကြောင်း သေနတ်သမား ကြည်လင်းက ယမန်နှစ် ဇူလိုင်လက တရားရုံးရှေ့မှောက်၌ ထွက်ဆိုခဲ့သည်။

ဦးကိုနီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တက်တက်ကြွကြွဖြင့် လိုက်လံစည်းရုံး ဟောပြောနေသူဖြစ်ပြီး အဆိုပါ ဥပဒေ၏ ချွတ်ယွင်းချက် အားနည်းချက်များကို သိရှိနှံ့စပ်သူအဖြစ်လည်း လူသိများသည်။

၎င်းနောက်ပိုင်း အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အသံတိတ်သွားခဲ့ပြီး ဦးကိုနီလုပ်ကြံခံရသည့် နှစ်နှစ်ပြည့်သည့်နေ့တွင် ၎င်းပါတီက အခြေခံဥပဒေပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန် ပြည်ထောင်စုလွှတ်တော်၌ အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့သည်။

ထိုသို့ကော်မတီဖွဲ့ရန် အရေးကြီးအဆိုတင်သွင်းခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မညီဟုဆိုကာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက မတ်တတ်ရပ်ကန့်ကွက်ခဲ့သော်လည်း အဆိုပါ အဆိုအပေါ် လျှို့ဝှက်မဲဆန္ဒခံယူစေခဲ့ရာ ထောက်ခံသည့်ဘက်က အပြတ်အသတ်အနိုင်ရသွားခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်တွင် လက်ခံဆွေးနွေးကြတော့မည် ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button