သတင်း

ရခိုင်ဒေသ စစ်ရေးလှုပ်ရှားမှု၊ ခြိမ်းခြောက်မှုတို့ကို AA စောင့်ကြည့်နေ

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)  ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပိုင်းများကို တန်ပြန်ပြီး စစ်ကောင်စီက စစ်ရေးလှုပ်ရှားလာခြင်း၊ ခြိမ်းခြောက်လာခြင်းတို့ကြောင့် သတိထားစောင့်ကြည့်နေသည်ဟု  AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ 

သြဂုတ် ၁၅ တွင် အမေရိကန်အခြေစိုက် အာရက္ခမီဒီယာနှင့် အွန်လိုင်းဆက်သွယ်မေးမြန်းခန်းတွင် စစ်တပ်နှင့် ဆက်ဆံရေးအခြေအနေကို ထိုသို့ ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဘက်က ကြည့်ရင်လည်း ကျွန်တော်တို့ လုပ်သင့်တဲ့အလုပ်ကို လုပ်နေတာဖြစ်တယ်။ ဒါတွေကို နားလည်မှုမယူဘဲ စစ်ရေးအရလှုပ်ရှားမှုတွေ ပိုပြီး တင်းကျပ်လာတာ၊ ခြိမ်းခြောက်မှုလုပ်တာတွေကို သတိထားပြီး စောင့်ကြည့်နေပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တရားစီရင်ရေးကိစ္စများ ဆောင်ရွက်မည်ဟု အသိပေးကြေညာထားသည့် ULA/AA သည် ဒေသအတွင်း ဩဇာအာဏာကြီးမားလာသည်ကို တွေ့ရသည်။

စစ်ကောင်စီကလည်း ကိုဗစ်အကြောင်းပြကာ ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေပြီး ရခိုင်မြောက်ပိုင်းဒေသတချို့တွင် ဩဂုတ်ဒုတိယပတ်မှစ၍ အင်အားတိုးချဲ့နေရာ တည်ငြိမ်နေသည့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ တစ်ဖန်ပြန်ဖြစ်လာမည့် အခြေအနေကို စိုးရိမ်ရကြောင်းလည်း ဒေသခံများက ပြောဆိုလာကြသည်။ 

စစ်အာဏာသိမ်းပြီးနောက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်နေသည့်အချိန်တွင် ရခိုင်ပြည်နယ်တစ်ခုတည်းသာ ကွက်ပြီး ပစ်ခတ်မှုကင်းမဲ့နေခြင်းမှာ AA နှင့် စစ်ကောင်စီကြား တစ်စုံတစ်ရာအပေးအယူ သဘောတူညီမှု၊ ကတိကဝတ်ရှိသောကြောင့် ဖြစ်နိုင်သည်ဟူသော ယူဆချက်များကိုလည်း AA စစ်ဦးချုပ်က ငြင်းဆိုသည်။ 

“ကျွန်တော်တို့နဲ့ စစ်ကောင်စီဟာ ယာယီအပစ်ရပ်စဲတာလွဲလို့ တစ်စုံတစ်ရာ နိုင်ငံရေးအရ ကတိကဝတ်စာချုပ်ဆိုတာမျိုး ဒီနေ့အချိန်ထိ တစ်စုံတစ်ရာမရှိသေးပါ။ ကျွန်တော်တို့လူတချို့ လွှတ်ပေးပြီး သူတို့လူတချို့ ပြန်လွှတ်ပေးတယ်ဆိုတာကလည်း ကြားမှာ အွန်လိုင်းကနေ အလွတ်သဘောပြောကြတဲ့အချိန်မှာ ဥပဒေကြောင်းအရ မခိုင်လုံဘဲနဲ့ ထောင်တွေထဲမှာ ထည့်ထားတဲ့သူတွေကို ယုံကြည်မှုတည်ဆောက်တဲ့ကာလမှာ လွှတ်ပေးမယ်ဆိုရင် ယုံကြည်မှုအလားအလာတွေ ကောင်းမယ်ဆိုပြီးတော့ ဒီလိုအနေအထားနားလည်မှုနဲ့ လွှတ်ပေးခဲ့တာပဲ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ” ကျန်တဲ့ကျွန်တော်တို့ရဲဘော်တွေ၊ ပြည်သူတွေထဲမှာ အထောက်အထားမခိုင်လုံဘဲထားတာတောင် လွှတ်ပေးတာ မရှိသေးပါဘူး” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

“ကျွန်တော်တို့နဲ့ သူတို့နဲ့ (စစ်တပ်) ကြားမှာ အဲဒီလောက် ပြောပလောက်တဲ့ နားလည်မှုမျိုးမရှိပါဘူး။ ပုံမှန် အပစ်အခတ်ရပ်စဲထားတဲ့ အဆင့်ပဲ ရှိပါတယ်”

၂၀၁၈ မှ စတင်ခဲ့သည့် ရခိုင်ဒေသတိုက်ပွဲများသည် ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ ရုတ်တရက်ရပ်တန့်သွားကာ ၂၀၂၁ မတ်လတွင် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ စစ်ကောင်စီက ပယ်ဖျက်ပေးခဲ့သည်။ 

မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးသပ်သည့်အခါ ရခိုင်နှင့် ဆက်စပ်မှုကို နားလည်ရန် လိုသကဲ့သို့ ခွဲခြားပြီး မြင်နိုင်ရန် အထူးအရေးကြီးကြောင်း၊ ဘုံရန်သူတူတိုင်း မိတ်ဆွေမဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

” ဒီလူတွေနဲ့ ငါတို့နဲ့ ဘုံရန်သူ တူတယ်ဆိုပြီးတော့ လမ်းခရီးတစ်လျှောက်လုံး မိတ်ဆွေဖြစ်မယ်လို့ ယူဆလို့တော့ မရဘူး။ အဲဒီလိုမျိုးမဖြစ်နိုင်ဘူးဆိုတာကိုလည်း ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ သမိုင်းသင်ခန်းစာတွေက နာကျင်စွာနဲ့ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ရက္ခိတလမ်းစဉ်ကို သေသေချာချာ စွဲကိုင်ပြီးတော့ လျှောက်လှမ်းဖို့က တကယ့်ကို အရေးကြီးပါတယ်။ မှန်ကန်တဲ့ Strategy ကို သုံးနိုင်ရမယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင် က အာရက္ခမီဒီယာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်းပြောခဲ့သည်။

“ဒီနေ့၊ ဒီအချိန်တွေမှာ ကျွန်တော်တို့က တစ်ဖက်ဖက်ကိုမှ မယိမ်းယိုင်ဘဲ ကိုယ့်အကျိုးစီးပွားနဲ့ ကိုက်ညီမဲ့ လမ်းစဉ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းရတာဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ထို့ပြင် AA ၏ မူလနိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် အချုပ်အခြာအာဏာပြန်လည်ရရှိရေးအတွက် ရက္ခိတလမ်းစဉ်အတိုင်း တစ်သွေမတိမ်းလျှောက်လှမ်းသွားမည်ဖြစ်ပြီး နည်းဗျူဟာကို သင့်သလို ပြောင်းလဲသွားရမည်ဖြစ်သော်လည်း မူလရည်မှန်းချက်အတွက် အထက်ဈေး၊ အောက်ဈေးလိုမျိုး အလျှော့အတင်းရှိမည်မဟုတ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

ရခိုင်တွင် စစ်ကောင်စီတပ်က လက်နက်ရိက္ခာ၊ စစ်အင်အား ဖြည့်တင်းနေသည်ကို ထပ်မံတွေ့လာရသည့်အတွက် တိုက်ပွဲများပြန်ဖြစ်လာနိုင်သည်ဟု ဒေသခံပြည်သူများ ယူဆနေသည်။ 

ကိုဗစ်ကာလနှင့် မိုးကာလတွင် ရခိုင်ပြည်သူများ စားဝတ်နေရေး အခက်အခဲဖြစ်နေကြသောကြောင့် မြေပြင်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ထိတွေ့မှုမရှိစေရန် ညွှန်ကြားထားကြောင်း AA ထံမှ သိရသည်။

လက်ရှိတွင် မြို့များကို ဝင်သိမ်းထားခြင်းမဟုတ်သော်လည်း သြဇာလွှမ်းမိုးထားနိုင်ပြီဖြစ်ကြောင်း၊ တော်လှန်ရေးလုပ်ငန်းစဉ်မှာ ၇၅ ရာခိုင်နှုန်း ခရီးရောက်နေပြီဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ပြည်သူ့လုံခြုံရေးတာဝန်ယူသည့်အခါ လူမျိုးဘာသာမရွေး တန်းတူကာကွယ်ပေးပြီး လုပ်ဆောင်မည်ဖြစ်သောကြောင့် ရခိုင်တွင် ဒုတိယအများဆုံးဖြစ်နေသည့် မွတ်စလင်အသိုင်းအဝိုင်းနှင့် ပတ်သက်ပြီး သတိထားဆောင်ရွက်နေကြောင်း၊ မွတ်စလင်များကို ULA /AA ၏ အုပ်ချုပ်ရေးဆိုင်ရာနေရာများနှင့် ရဲလုပ်ငန်းတို့တွင် ပါဝင်လာရန် စီစဉ်ထားကြောင်းလည်း ထည့်သွင်းပြောခဲ့သည်။

AA စစ်ဦးစီးချုပ်ပြောဆိုသည့် ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်ဘက်က တုံ့ပြန်မှုမရှိသေးဘဲ နယ်မြေထိန်းချုပ်ရန် ပြန်လည်ကြိုးပမ်းလာမှုများကိုသာ တွေ့မြင်နေရသည်။ 

စစ်တပ်သည် ဩဂုတ်နှင့် စက်တင်ဘာ ၂ လ တစ်ဖက်သတ်အပစ်ရပ်ကြေညာထားသော်လည်း ကချင်၊ ရှမ်း၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ ချင်းဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးများ၊ လက်နက်ကိုင်အန်တုသည့် ဒေသခံများနှင့် တိုက်ပွဲဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button