တနိုင်း – ခရစ်ယာန်ဘုရားကျောင်း ဟူသည်မှာ တစ်ပတ်တစ်ခါ သွားရောက် ဝတ်ပြုကြသည့်နေရာဟု အများက သိထားကြသည်။ ကချင်ဒေသ ဘုရားကျောင်း အများအပြားမှာမူ ထိုဓလေ့ထက် ပိုနေသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိ ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဘုရားကျောင်းတွင် ခိုလှုံနေကြသူများအနက်မှ ၂၂ နှစ် အရွယ် မထွယ်လျှား ဖျားနာနေသည်မှာ ၅ ရက် ကြာပြီ ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ရစဉ် စခန်းအတွင်း အသက်အငယ်ဆုံး မိခင်များထဲမှ တစ်ဦးဖြစ်သည့် မထွယ်လျှားက မြို့ဆေးရုံတွင် သွားရောက် ကုသမှု ခံယူရန် ပြင်ဆင်နေသည်။
၃၆ နှစ်အရွယ် မရီနွိုင်းကတော့ သုံးလအတွင်း မြို့ဆေးရုံသို့ နှစ်ကြိမ် ရောက်ခဲ့ပြီးဖြစ်သည်။ ကျန်းမာရေး ကောင်းပြီး ဝင်ငွေရှိသည့် အလုပ်အကိုင် ရလျှင် ၎င်းနှင့် ကလေးအတွက် လိုအပ်သည်များကို ဝယ်ယူနိုင်မည်ဟု နို့ထွက်နည်းနေသည့် နို့တိုက်မိခင်က မျှော်လင့်နေသည်။
ဤအမျိုးသမီးနှစ်ဦးသည် KBC စခန်းတွင် ခိုလှုံနေသူ ၄၂၅ ဦးထဲတွင် ပါဝင်သည်။ စခန်းတွင် နေထိုင်သူတို့ အာဟာရချို့တဲ့သဖြင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး စခန်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် သင်းအုပ်ဆရာ ဦးတူးရှန်က စိုးရိမ်မကင်း ဖြစ်နေသည်။
“လူများတော့ တစ်ယောက်ဖျားရင် နောက်ထပ် လေးငါးယောက်လောက်က ဆက်တိုက် ကူးသွားတာပေါ့။ တစ်ယောက် ဝမ်းပျက်တယ်ဆိုရင်လည်း ထပ်ပြီးကူးကုန်တာပေါ့” ဟု သင်းအုပ်ဆရာက ပြောသည်။
အမျိုးသမီး ၅ဝ ခန့် ဆေးရုံတက်နေရရာ ထက်ဝက်ကျော်မှာ ကလေးမိခင်များဖြစ်သည်ဟု သင်းအုပ်ဆရာက ပြောသည်။
မြန်မာပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခကြောင့် နေရပ်မှ တိမ်းရှောင်လာကြသူများ ကျန်းမာရေး ထိခိုက်လာကြခြင်းမှာ အာဟာရချို့တဲ့မှု၏ နောက်ဆက်တွဲ အခြေအနေ ဖြစ်သည်ဟု စခန်းတွင် နေထိုင်သူတို့က ယူဆနေကြသည်။
ဒုက္ခသည် စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်လျက်ရှိရာ နို့တိုက်မိခင်တို့သည် အထူး ဂရုစိုက်ပြီး စောင့်ရှောက်မှု လိုအပ်လာသူများ ဖြစ်လာသည်။
ဤအတောအတွင်း ကူညီမှု အမှန်တကယ်လိုအပ်နေသူများထံသို့ ရောက်လာသည့် ပြင်ပ လှူဒါန်းမှုတချို့က လမ်းတွင် ဟန့်တား ပိတ်ဆို့မှုနှင့် ရင်ဆိုင်နေရသည်။
ဟင်းရည်၊ ငါးပိ နှင့် ဆန်ပြုတ်
တနိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းများတွင် ခိုလှုံနေကြသူ စုစုပေါင်း ၉၃၇ ဦး ရှိရာ ၎င်းတို့မှာ အင်းဂါးဂါး၊ နမ်းခမ်း၊ နမ်းပျိုရွာတို့မှ ထွက်ပြေးတိမ်းရှောင်လာရသူများ ဖြစ်ကြောင်း သိရသည်။
တုံမရီ(COC) ဒုက္ခသည်စခန်းတွင် ရောက်နေသည့် နောင်ပျိုကျေးရွာမှ ၄၈ နှစ် အရွယ် မအားနီက အလုပ်အကိုင်နှင့်ဝင်ငွေ မရှိခြင်း၊ မှီခိုနေရခြင်းတို့ကြောင့် စိတ်အားငယ်ရသည် ဟု ပြောသည်။
“ကလေးအတွက်ကတော့ အာဟာရဓာတ် ပြည့်စုံအောင် မကျွေးနိုင်ဘူး။ ဆန်ပြုတ်ကျိုပြီးမှပဲ ကျွေးနိုင်တယ်။ နို့က သူ့အတွက် ဝအောင်တော့ မထွက်ဘူး။ အဆာပြေသဘောလောက်ပဲ ထွက်တယ်” ဟု ကလေးငယ်ကို ကြည့်ရင်း ပြောပြသည်။
ကလေးငယ်များနှင့်မိခင်များအတွက် ဆေးဝါး၊ နို့မှုန့်နှင့် အာဟာရရှိမည့် အစားအသောက်များ လိုအပ်နေသော်လည်း စစ်ရှောင်သူ ရာနှင့်ချီ ခိုလှုံနေသော စခန်းများတွင် ထမင်း၊ ငါးပိနှင့် ဟင်းရည် ကိုသာ ကျွေးမွေးနိုင်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ရသည်။ အစားအသောက် မပြည့်စုံမှုဒဏ်ကို အကြီးအကျယ် ခံရသူများထဲတွင် ရင်ခွင်ပိုက်ကလေးများ ပါဝင်သည်။
ဧဝံဂေလိ အသင်းတော်ပရိဝုဏ်သို့ရောက်ရှိနေသူ နန့်ပျိုကျေးရွာမှ ၄၈ နှစ် အရွယ် ဒေါ်အားနီက ၈ လ အရွယ် ကလေးငယ်ကို နို့ချိုတိုက်ကျွေးနေရသူဖြစ်သည်။
“နို့က သူ့အတွက် ဝအောင်တော့ မထွက်ဘူး။ အဆာပြေသဘောလောက်ပဲ ထွက်တယ်” ဟု ကလေးပွေ့ချီထားသည့် ဒေါ်အားနီက ဆိုသည်။
စစ်ရှောင်စခန်းများ
စစ်ဘေးဒုက္ခသည်များ တနိုင်းမြို့ ဒုက္ခသည်စခန်းများသို့ရောက်ရှိနေသည်မှာ သုံးလနီးပါးရှိနေပြီးဖြစ်ပြီး ကနဦးတွင် အစိုးရအာဏာပိုင်များထံမှ ဖိအားပေးမှုများရှိခဲ့သည်ဟု ကချင်နှစ်ခြင်းအသင်းတော် KBC က သိက္ခာတော်ရ ဆရာတော် ဦးဒါ့ဘန်ဂျယ်ဒီက ပြောသည်။
အစိုးရအာဏာပိုင်တို့က စစ်ဘေးဒုက္ခသည်များကို တနိုင်းမြို့တွင် မထားရှိဘဲ မြစ်ကြီးနားမြို့ သို့ပို့ဆောင်ရန် ပြောဆိုခဲ့သော်လည်း ထပ်မံ ဖိအားပေးခြင်း မရှိတော့ဟု ဆိုသည်။
မြစ်ကြီးနား၊ ဗန်းမော်၊ မန်စီ စသည့် ကချင်ပြည်နယ်မြို့များတွင် စစ်ရှောင်စခန်းများ ပေါ်ပေါက်လာသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။
ကချင်ဒေသတစ်ကျော့ပြန်စစ်ပွဲ ၄ နှစ်အကြာတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ အရပ်သားအရေအတွက် တစ်သိန်းကျော် ရှိလာကြောင်း၊ ၎င်းတို့ထဲမှ ထက်ဝက်ခန့်သည် မြို့ကြီးမြို့ငယ်များအနီးရှိ ဒုက္ခသည် စခန်းတို့တွင် နေထိုင်ကြပြီး ကျန်ထက်ဝက်သည် ကချင်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေရှိ စခန်းများတွင် ခိုလှုံနေကြသည်ဟု ရန်ကုန်မြို့ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA)၏ စာရင်းများအရ သိရသည်။ ဤခန့်မှန်းချက်မှာ လွန်ခဲ့သော ၃ နှစ် ထွက်ရှိထားခြင်း ဖြစ်ပြီး ယခု နောက်ဆုံးရကိန်းဂဏန်း မဟုတ်သေးပေ။
တနိုင်းမြို့ စခန်းများသို့ လာရောက်လှူဒါန်းသူများ ရှိသော်လည်း အလှူပစ္စည်းတင် မော်တော်ယာဉ်တို့သည် သြဂုတ် ၂၁ ရက်နေ့အထိ ဝင်ရောက်ခွင့် မရသေးပေ။
ပဋိပက္ခနယ်မြေ ဖြစ်သောကြောင့် လုံခြုံရေးတင်းကျပ်ထားခြင်းကို နားလည်သော်လည်း အမှန်တကယ် လိုအပ်နေသူများထံသို့ အလှူပစ္စည်းများ ရောက်ရှိသွားမည်ဟု မျှော်လင့်ကြောင်း ဒေသတွင်း ဘာသာရေးခေါင်းဆောင်များထဲတွင် ပါဝင်သည့် သိက္ခာတော်ရ ဆရာတော် ဦးဒါ့ဘန်ဂျယ်ဒီက ပြောသည်။
ဤအလှူပစ္စည်းများမှာ ဧဝံဂေလိ အသင်းတော်နယ်မြေရောက် ၄၃ နှစ်အရွယ် ဒေါ်အလေးမီးကဲ့သို့ ကလေးအမေများအတွက် အထူး အကျိုးဖြစ်မည်ဖြစ်သည်။ နန့်ပျိုကျေးရွာသူ ဒေါ်အလေးမီးက မကြာခင်ကမှ နာလန်ထလာသူဖြစ်သော်လည်း အများနည်းတူ ထမင်း၊ ငါးပိ၊ ဟင်းရည်တို့ကိုသာ အားထားနေရသူဖြစ်သည်။
ကလေးအတွက် အာဟာရမှာ မိခင်နို့ပြီးလျှင် ဆန်ပြုတ်သာ ရှိသည်။
“လူကြီးလည်း ဘာမှ ဝယ်မစားနိုင်သလို ကလေးကိုလည်း ဘာမှ မကျွေးနိုင်ဘူး” ဟု ဒေါ်အလေးမီးက ဆိုသည်။
အိမ်ပြန်ချင်ပြီ
ဘုရားကျောင်းနယ်မြေများတွင် ခိုလှုံနေရသူများထဲမှ ရင်ခွင်ပိုက်ကလေးမိခင်များ၏ တူညီသော အချက်များထဲတွင် ရင်သွေးငယ်အတွက် ရုန်းကန်လိုခြင်း၊ အိမ်လွမ်းစိတ်တို့ ပါဝင်သည်။
တုံမရီ နှစ်ခြင်း အသင်းတော်တွင် တွေ့ရသည့် လီဆူတိုင်းရင်းသူလည်း မကြာသေးခင်ကမှ ဆေးရုံဆင်းလာသူဖြစ်သည်။ အသက် ၂ဝ အရွယ် မအာတူးဆာ သာမက သူ၏ ရင်ခွင်ပိုက်သားငယ်လည်း တနိုင်းဆေးရုံတွင် ကုသမှုခံယူခဲ့ရသည်။ တနိုင်း၊ နမ့်ပျိုကျေးရွာတွင် နေထိုင်ခဲ့သည့် လီဆူတိုင်းရင်းသူက အလှူရှင်များကိုသာ အားကိုးနေရသည့်အတွက် စိတ်အားငယ်ရသည်ဟု ပြောသည်။ ရွာပြန်ရန် အခြေအနေ မပေးသည့် အခြေအနေတွင် သူက ဝင်ငွေရှိသည့် အလုပ်အကိုင်တစ်ခုကို လုပ်ကိုင်လိုသူဖြစ်သည်။
သူနှင့် အသက် မတိမ်းမယိမ်း ရှိသူ မထွယ်လျှားကလည်း မိရိုးဖလာ ရွှေ့ပြောင်းတောင်ယာလုပ်ငန်းကို ပစ်ပြီး စခန်းတွင် ခိုလှုံစဉ် ကျန်းမာရေးမကောင်းသဖြင့် အားငယ်စိတ်က ပိုမို ကြီးထွားလာသည်။
လူက စစ်ရှောင်စခန်းအတွင်း ရောက်နေသော်လည်း သူ့စိတ်က နမ်းခမ်းကျေးရွာသို့ ရောက်နေသည်။
“ဆေးရုံတက်ရမယ်လို့ ပြောပါတယ်။ ဖျားတဲ့အချိန် အိမ်မှာလည်း မဟုတ်တော့ စိတ်ဓာတ်ကျပါတယ်။ ရွာကိုပြန်ချင်တယ်၊ ရွာက အိမ်ကိုလွမ်းတယ်” ဟု နမ်းခမ်းကျေးရွာမှ ထွက်ပြေးလာသူ ငယ်ရွယ်သည့်နို့တိုက်မိခင် မထွယ်လျှားက ငိုရှိုက်ပြီး ပြောလိုက်လေသည်။ ။