ဆောင်းပါး

ဦးကိုနီလုပ်ကြံခံရမှု စစ်ဆေးသည့် တရားခွင်

ရန်ကုန် – တရားခွင်အတွင်း လျှပ်စစ်မီးပြတ်တောက်သွားပြီး မကြာမီ ကျွန်တော်က ပျင်းရိငြီးငွေ့မှုကြောင့် အတွေးထဲ ရောက်လာသည့် သီချင်းတစ်ပုဒ်ကို ကျွန်တော့် ခြေထောက်များက အသိစိတ်မဲ့စွာဖြင့် စည်းချက်လိုက်နေမိသည်။

လုပ်ကြံ သတ်ဖြတ်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည်ဆိုသည့် စွပ်စွဲချက် ပုဒ်မ ၃၄ ဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရသူ တစ်ဦး၏ အိမ်ထောင်ဖက်ဖြစ်သူက မျက်မှောင်ကြုတ်၍ ကြည့်လိုက်သောအခါတွင်မှ ကျွန်တော် သတိဝင်လာပြီး စည်းချက်လိုက်နေမှုကို ရပ်တန့်လိုက်မိသည်။

တရားခွင်ပြင်ပတွင် သြဂုတ်လဆန်း၏ မိုးဖွဲဖွဲများက စည်းချက်ကျကျ ရွာသွန်းနေသည်။ သို့သော်လည်း တရားခွင်ရှိရာ အခန်းကား အလွန်ပူ၏။

ရန်ကုန်လေဆိပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေကြီးဦးကိုနီကို လုပ်ကြံမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးတရားစွဲခံထားရသူများ၊ ၎င်းတို့ မိသားစုဝင်များ၏ ရင်ထဲတွင်လည်း ပူလောင်နေဖွယ်ရှိသည်။

ရှေ့နေကြီးဦးကိုနီ၊ လေဆိပ်တွင် ပစ်ခတ်ခံရသူ အငှားယာဉ်အမောင်း ကိုနေဝင်းတို့၏ မိသားစုဝင်များလည်း မည်သို့ ခံစားရမည်နည်း။

သြဂုတ် ၄ ရက်နေ့ တရားခွင်သို့ ရောက်လာကြသော ရန်ကုန်လေဆိပ်လုပ်ကြံမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ပြည့်ပြည့်/Myanmar Now)

သေနတ်သမားကြည်လင်း ကားတားခြင်း

“ကိုကြည်လင်းက သေနတ်လက်ထဲမှာပါလို့ ချိန်လိုက်တာပဲ” ဆိုသည့် တရားခံရှေ့နေ၏ အသံက တရားခွင်အတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည့်အခါတွင် ကျွန်တော့်အတွေးစများက ရပ်တန့်သွားသည်။ မီးလည်း ပြန်လာနေပြီ ဖြစ်သည်။

လုပ်ကြံမှုအပြီး ထွက်ပြေးသည့် သေနတ်သမားကြည်လင်း လိုရာခရီးသို့ လိုက်ပို့ရန် ခိုင်းစေခြင်းခံရသူ သက်သေ အငှားယာဉ်မောင်း ဦးကျော်ဦးကို စစ်ဆေးမေးမြန်းစဉ် တရားခံရှေ့နေက မှတ်ချက်ပြုခြင်းဖြစ်သည်။

“သေနတ်သမားကြည်လင်းက မော်တော်ယာဉ်ကို မောင်းထွက်ရန် ခိုင်းစေရာတွင် မောင်းနှင်ခြင်း မပြုပါက ရန်ပြုမည့်ပုံ၊ အန္တရာယ်ပြုမည့်ပုံ ရှိပါသလား” ဟူသော မေးခွန်းကို ယာဉ်မောင်းက “အန္တရာယ်ပြုမည့်ပုံ မရှိပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အမှန်တကယ်အန္တရာယ်ပြုလိုပါက သေနတ်သမားသည် သေစေလောက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းကို အနီးကပ် ချိန်ရွယ်မည်ဟု ယူဆခြင်းကြောင်း ထိုသို့ထွက်ဆိုခြင်းဖြစ်သည်ဟု တရားခွင်အပြီးတွင် သူက ကျွန်တော့်ကို ရှင်းပြသည်။

လေဆိပ်လုပ်ကြံမှု မျက်မြင်သက်သေများထဲမှ ယာဉ်မောင်း ၃ ဦးကို တရားခွင်တွင် ၂ နာရီကြာ စစ်ဆေးခဲ့သည်ကို တွေ့ရသည်။

သေနတ်သမား၏ ရှေ့နေကလည်း ၎င်း၏အမှုသည် အမှုပေါ့စေရန်အလို့ငှာ အစွမ်းကုန် ခုခံချေပသည်ကို တရားခွင်တွင် တွေ့ရသည်။

သြဂုတ် ၄ ရက်နေ့ တရားခွင်သို့ ရောက်လာကြသော ရန်ကုန်လေဆိပ်လုပ်ကြံမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ပြည့်ပြည့်/Myanmar Now)

သြဂုတ် ၄ ရက်နေ့ တရားခွင်တွင် တရားလိုများဘက်မှ နာမည်ကျော်ရှေ့နေများဖြစ်သည့် ဦးနေလ၊ ဦးရောဘက်စန်းအောင်တို့ကို မတွေ့ရပေ။

တရားလိုရှေ့နေ ဦးခင်မောင်ဋ္ဌေးက သက်သေ ၁၄ ဦးကို စစ်ဆေးပြီးဖြစ်ကြောင်း တရားခွင်မှ အပြန်တွင် ပြောသည်။

သြဂုတ် ၁၁ တရားခွင်တွင် မျက်မြင်သက်သေ ၆ ဦးကို စစ်ဆေးကြဦးမည် ဟု သိရသည်။ နောက်ရုံးချိန်းများတွင် လုပ်ကြံသတ်ဖြတ်မှုအတွင်း ပူးပေါင်းပါဝင်ခဲ့သည်ဆိုသော စွပ်စွဲချက် ပုဒ်မ ၃၄ ကို ရင်ဆိုင်နေရသည့် အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်၊ အောင်ဝင်းထွန်းတို့နှင့် ပတ်သက်ပြီး စစ်ဆေးပါက ပိုမိုစိတ်ဝင်စားစရာကောင်းမည် ဖြစ်သည်။ ထိုရုံးချိန်းများတွင် နာမည်ကျော်ရှေ့နေတို့၏ လျှောက်လဲမေးမြန်းစဉ် လုပ်ကြံမှုနောက်ကွယ်မှ အဆက်အစပ်တို့ကို ဖော်ထုတ်ချက်များ ပါဝင်လာဖွယ်ရှိသည်။

အထူးခုံရုံး

လုပ်ကြံမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ ပုဒ်မ၂၃(ခ)အရ ပြည်ထောင်စုတရားသူကြီးချုပ်အမိန့်အရ ဖွဲ့စည်းထားသည့် အထူးခုံရုံးဖြင့် စစ်ဆေးနေခြင်းဖြစ်သည်ဟု ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဦးရဲထွန်းက ပြောသည်။ အမိန့်ကို မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

အထူးခုံရုံးကို ခရိုင်တရားသူကြီးဦးတင်ထွေး၊ တွဲဖက်ခရိုင်တရားသူကြီး ဦးဇော်ထူး၊ ဒုတိယခရိုင်တရားသူကြီး ဦးအုံးခိုင်တို့ သုံးဦးဖြင့် ဖွဲ့စည်းထားသည်ဟု သူကပြောသည်။

သြဂုတ် ၄ ရက်နေ့ တရားခွင်သို့ ရောက်လာကြသော ရန်ကုန်လေဆိပ်လုပ်ကြံမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ပြည့်ပြည့်/Myanmar Now)

ဇန်နဝါရီလက အင်ဒိုနီးရှားနိုင်ငံမှ ပြန်လာသော မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ဦးကိုနီ ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံရမှု နောက်ဆက်တွဲသတင်းကို စာနယ်ဇင်းများတွင် ဖော်ပြမှု အရှိန်လျော့ကျလာသည်။

နေရာအနှံ့အပြားတွင် သူ့နည်းသူ့ဟန်ဖြင့် အရေးကြီးသော ဖြစ်ရပ်များ အဆက်မပြတ်ပေါ်ပေါက်လျက်ရှိရာ ကမ္ဘာ့သတင်းဖြစ်ခဲ့သော လေဆိပ်လုပ်ကြံမှုကို အာရုံစိုက်မှု နည်းပါးလာသည်။

ယခင်ခေတ်များထက် ပိုမို လွတ်လပ်မှုရလာသဖြင့် သတင်းဌာနအရေအတွက် များပြားနေချိန်တွင် လုပ်ကြံမှုကြီး၏ တရားစီရင်မှုသတင်းက စာနယ်ဇင်းများတွင် အထိုက်အလျောက် ပါဝင်နေမည် ဖြစ်သည်။

လုပ်ကြံမှုကြီး၏နောက်ကွယ်တွင် မည်သူတို့ရှိသည်ကို ဖော်ပြနိုင်သည့် အခြေအနေနှင့် စာနယ်ဇင်းတို့ ကြုံတွေ့ကောင်းကြုံတွေ့နိုင်သည်ဟုလည်း တရားခွင်အတွင်း ထိုင်ရင်း စဉ်းစားမိလေသည်။

Show More

Related Articles

Back to top button