သတင်း

မြန်မာနိုင်ငံတွင် ဇူလိုင်လအတွင်း ကိုဗစ်ကြောင့် လူ ၆၀၀၀ သေဆုံး 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် မသိရသော်လည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုတည်းအရပင်လျှင် ဇူလိုင်လအတွင်း သေဆုံးသူ ၆၀၀၀ တိတိရှိသည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် ကပ်ရောဂါဆိုင်ရာ ပြည်သူများ၏ သတင်းပေးအကြောင်းကြားမှု ပျက်ယွင်းနေခြင်းကြောင့် အမှန်တကယ်သေဆုံးသည့် အရေအတွက်မှာ ထို့ထက် ပိုမိုများပြားနိုင်သည်။ 

ကိုဗစ် (တတိယလှိုင်း) မဖြစ်ခင်က တစ်လလျှင် ရုပ်အလောင်း ၂၆၀ မှ ၃၀၀ ကြားသာ ပုံမှန်ပို့ဆောင်ရလေ့ရှိသော်လည်း ဇူလိုင်လတွင် သုံးဆကျော်မြင့်တက်ပြီး တစ်ထောင်ကျော် ပို့ဆောင်ခဲ့ရသည်ဟု ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်အခြေစိုက် ရွှေသန်လျင်နာရေးကူညီမှုအသင်းတည်ထောင်သူ ကိုအောင်နိုင်ဝင်းက ပြောသည်။

“တစ်ထောင်နီးပါးရှိမယ်။ ကျော်ရင်လည်း ကျော်နိုင်မယ်။ အောက်ကျလည်း နည်းနည်းပဲ။ အများဆုံးက ၁၈ ရက်နေ့ (ဇူလိုင်) က စတာပေါ့။ နောက်ပိုင်းက နည်းနည်းကျလာတယ်။ ကျလာတယ်ဆိုပေမဲ့ မနေ့ (ဩဂုတ် ၁) သယ်ရတာ ၅၃ လောင်း။ အများဆုံးပို့ခဲ့တဲ့ရက်က ၈၀ ကျော်တယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

မရမ်းကုန်းမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်မှာလည်း ဇူလိုင်လအတွင်း နေ့စဉ် ရုပ်အလောင်း ၅၀ မှ ၆၀ အထိ ပို့ဆောင်ပေးခဲ့ရသည်ဟု ဆိုသည်။ 

ပြီးခဲ့သည့်ရက်များအတွင်း လူမှုကွန်ရက်တွင့် ပျံ့နှံ့လာသော ဓာတ်ပုံများအရ ရန်ကုန်မြို့ရှိ သုသာန်များတွင် ကိုဗစ်သံသယဖြင့် သေဆုံးသူများ၏ ရုပ်အလောင်းများ စုပုံနေသည်အထိ မနိုင်မနင်းဖြစ်ခဲ့သည်။ 

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြည်သူ့ကျန်းမာရေးစနစ် ပျက်ယွင်းခဲ့ရသည်ကို ဖုံးကွယ်လျက် ကိုဗစ်ကူးစက်မှု အဆမတန်ဖြစ်ပွားရခြင်းမှာ မျိုးရိုးဗီဇကွဲ ကိုဗစ်ရောဂါပိုးကြောင့်ဖြစ်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က လှီးလွှဲပြောဆိုထားသည်။

“မြန်မာနိုင်ငံအနေနဲ့တော့ ကိုဗစ်ပထမလှိုင်းရဲ့ အဖျားပင် မရိုက်ခတ်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ဒုတိယလှိုင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေနဲ့ အတိုင်းအတာတစ်ခုအထိ ရုန်းကန်ခဲ့ရပါတယ်။ သို့သော် အခုဖြစ်ပွားနေတဲ့ မျိုးကွဲတွေလောက် ကူးစက်မှုနှုန်း မမြန်ဆန်တာ တွေ့ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ဆက်လက်အာဏာသိမ်းယူထားမည်ဟု အဓိပ္ပာယ်ရသည့် ခြောက်လပြည့်မိန့်ခွန်းကို ဩဂုတ် ၁ ရက်နေ့က ပြောကြားခဲ့ရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

“ပြည်သူ့ဆေးရုံတွေမှာ လူသားအရင်းအမြစ်ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ NLD အစွန်းရောက်တွေနဲ့ အဲဒီပါတီကို ထောက်ခံသူ အစွန်းရောက်တွေက ကျန်းမာရေးဝန်ထမ်းတွေကို လှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်” ဟုလည်း အာဏာသိမ်းခေါင်းဆောင်က ပြစ်တင်ပြောဆိုခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း အမျိုးမျိုးသော စုဝေးမှုများက မြန်နှုန်းမြင့်ဗီဇကွဲကူးစက်မှုကို ပံ့ပိုးပေးနေပြီး သတင်းမီဒီယာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် လွဲမှားစွာ ချိန်ထိုးနှိုင်းယှဉ်ပြီး ပြောဆိုရေးသားနေသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စွပ်စွဲပြောဆိုသည်။

လက်ရှိတွင် ကိုဗစ်ကူးစက်ဖြစ်ပွားနှုန်း ကျဆင်းလာသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုသော်လည်း ကိုဗစ်ဖြစ်ပွားမှု ကျယ်ကျယ်ပြန့်ပြန့်ရှိနေဆဲဖြစ်ကြောင်း နေ့စဉ်သတင်းများနှင့် အမြို့မြို့အနယ်နယ်မှ လူမှုကွန်ရက်သုံးစွဲသူများအရ သိရသည်။

အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်တွင် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ကိုဗစ်ဒုတိယလှိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ကပ်ရောဂါထိန်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တာဝန်ပျက်ကွက်ခဲ့သည့် စစ်ကောင်စီအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ 

“မင်းအောင်လှိုင်သာ အာဏာမသိမ်းခဲ့ရင် တတိယလှိုင်းမစခင်မှာ ပြည်သူအများစု ကာကွယ်ဆေးထိုးပြီးနေကြပါပြိ။ ရောဂါပိုး ဘယ်လောက်ဗီဇပြောင်းပြောင်း၊ နိုင်နိုင်နင်းနင်း ထိန်းနိုင်မှာ သေချာတယ်။ ဒီလိုကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရတဲ့အချိန်မှာတောင် တိုင်းပြည်နဲ့ ပြည်သူအပေါ် စေတနာမွဲလွန်းစွာ အာဏာရူးခဲ့တယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးတင်ထားသည်။ 

ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကိုဗစ်စစ်ဆေးရန် ကိရိယာများ၊ ဆေးဝါးများနှင့် အောက်ဆီဂျင်ဝယ်ယူရရှိရန် ကြိုးပမ်းနေသူများကို လူမှုကွန်ရက်တွင် နေ့စဉ် တွေ့ရှိနေရသည်။ 

မြန်မာနိုင်ငံ၌ ကူးစက်နိုင်ခြေ ပိုမိုမြင့်မားသည့် မျိုးရိုးဗီဇကွဲ Covid-19 ရောဂါပိုးများဖြစ်သည့် Alpha နှင့် Delta အမျိုးအစားများ တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

ထို့နောက်တွင် ကိုဗစ်ကူးစက်ပြန့်ပွားမှု အဆမတန်မြင့်တက်ခဲ့သည်။ စစ်ကောင်စီရန်ကြောင့် CDM ဆရာဝန်များအနေဖြင့် ပုန်းလျှိုးကွယ်လျှိုးဖြင့်သာ ဆေးကုသပေးနိုင်ပြီး ပြည်သူများ အကြီးအကျယ်လိုအပ်နေသည့် အောက်စီဂျင်နှင့် ဆေးကုသခွင့်အပေါ် စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခြင်းများလည်း ရှိခဲ့သည်။

ကိုဗစ်သံသယဖြင့် သေဆုံးရသူအများစုမှာ အောက်စီဂျင်ပြတ်တောက်မှုကြောင့် ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့များက ယခုလဆန်းပိုင်းတွင် Myanmar Now ကို ပြောကြားထားသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပြည်သူများနှင့် နိုင်ငံတကာမှ လှူဒါန်းငွေများဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထပ်မံဝယ်ယူရန် စီစဉ်ခဲ့သော်လည်း အာဏာသိမ်းမှုကြောင့် ပျက်စီးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆိုသည်။

အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ပြည်သူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် နည်းလမ်းများရှာဖွေခဲ့ကြောင်း၊ လက်ရှိတွင် နိုင်ငံတကာရှိ တတိယအဖွဲ့အစည်းများအကူအညီဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟုလည်း ၎င်းက ယခုလလယ်ပိုင်းတွင် Myanmar Now ကို ပြောခဲ့သည်။ 

ထို့ပြင် NUG ၏ စီစဉ်မှုဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ ဆရာဝန် ၉၀၀ ခန့်က ကိုဗစ်ကူးစက်မှု အလူးအလဲခံနေရသည့် ပြည်သူများကို တယ်လီဖုန်းဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပြီး ဆေးကျောင်းသား ၂၀၀၀ ခန့်လည်း ပါဝင်အားဖြည့်ပေးနေသည်ဟု ဆိုသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း နှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု ၅၀ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားပြီး တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး ၄ သန်း၊ ရုရှားနိုင်ငံမှ ၂ သန်းမှာယူထားကာ အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးများရရှိရန်လည်း ကြိုးပမ်းနေသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ 

ကိုဗစ်တတိယလှိုင်းကို တုံ့ပြန်ဆောင်ရွက်နိုင်မည့် ပြည်သူ့ကျန်းမာရေးစနစ် ခိုင်ခိုင်မရှိခြင်းက လူ့အသက်များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများကို ချက်ချင်းလက်ငင်း ခြိမ်းခြောက်လျက်ရှိသည်ဟု ဇူလိုင် ၂၆ က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ် မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ကျွန်တော့်ရဲ့ မူဝါဒကတော့ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိပါဘူး” ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုသော်လည်း စစ်ကောင်စီအနေဖြင့် နေ့စဉ်လူ ၃၀၀၀ ခန့် သင်္ဂြိုဟ်ပေးနိုင်မည့် မီးသင်္ဂြိုဟ်စက်ကြီးများတည်ဆောက်နေသည်မှလွဲ၍ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ရေရေရာရာလုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button