သတင်း

ကနီမြို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တတိယအကြိမ် ပေါ်ပေါက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တောင်ပေါက် (အရှေ့ရွာ) အနီး တောထဲ၌ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ညှဉ်းပန်းနှိပ်စက်ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည့် အရပ်သားအလောင်း ၁၂ လောင်းကို  ဇူလိုင် ၃၀ နေ့လယ်ပိုင်း၌  အစုလိုက်အပြုံလိုက် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင် ၂၆ နှင့် ၂၇ တွင် တောင်ပေါက်ရွာနှင့် အနီးပတ်ဝန်းကျင်ရွာများသို့ စစ်တပ်က ရောက်ရှိလာပြီး ဒေသခံတချို့ကို ဖမ်းခေါ်သွားရာ ဖမ်းခံရသည့်နောက်တစ်ရက်မှစ၍ ရွာသားများက လိုက်လံရှာဖွေခဲ့ရာမှ ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်များကို ကိုးကားပြီး ကနီမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

“ဖူးရောင်နေတာပဲ။ အလောင်းတွေက အကုန်လုံး ကိုင်လို့မရတော့ဘူး။ ပုပ်ပွရိရွဲနေပြီ။ ၂၆ ၊ ၂၇ ရက်က သတ်တာဆိုတော့။ ၄ ရက်လောက်အတွင်းမှာ ပုပ်ပွဖူးရောင်နေတဲ့အထားအမျိုး။ အဝေးကနေတော့ မီးလောင်နေတဲ့တဲနဲ့ Dead Body (ရုပ်အလောင်း) တွေကို မိုးကာအုပ်ပြီးမှ ထားတဲ့ပုံစံမျိုးပေါ့” ဟု အဆိုပါ တက်ကြွလှုပ်ရှားသည့် ဒေသခံက ပြောသည်။

သေဆုံးသူများမှာ အမျိုးသားများဖြစ်ပြီး ခိုတွင်းရွာမှ ၂ ဦး၊ သရက်တောရွာမှ အသက် ၁၄ နှစ်အရွယ်အပါအဝင် ၇ ဦး၊ ကနီမြို့ပေါ်မှ ၃ ဦး ဖြစ်သည်ဟု သူက ဆက်ပြောသည်။

မြို့ပေါ်မှ ၃ ဦးမှာ အသက် ၃၂၊ ၂၅ နှင့် ၁၈ နှစ်အရွယ် ညီအစ်ကိုများဖြစ်ပြီး သရက်တောရွာရှိ ဆွေမျိုးများထံ အလုပ်လာလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။  

တွေ့ရှိ ရုပ်အလောင်းများအနက် ၃ လောင်းတွင် မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ ညိုမည်းဒဏ်ရာများ၊ ဦးခေါင်းနှင့် ရင်ဘတ်တွင် သေနတ်ဒဏ်ရာများနှင့် ပုပ်ပွနေကြောင်း၊ ကျန်ရုပ်အလောင်းများကို မီးရှို့ထားသည့် ထန်းလက်တဲကြီးအတွင်းနှင့် အနီးအနားရှိ ပျဉ်ပုံပေါ်တွင် တွေ့ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်များကို ကိုးကားပြီး ၎င်းက ပြောသည်။

ယနေ့ (ဩဂုတ် ၁) မနက်တွင်လည်း ယင်းနေရာနှင့် အနီးတဝိုက်ကျေးရွာများတွင် စစ်တပ်က ဝင်ရောက်နေ၍ အလောင်း အကုန်မကောက်နိုင်သေးဘဲ သင်္ဂြိုဟ်ရန် တချို့ကျန်နေသေးကြောင်း ၎င်းက ဆိုသည်။

ယခုဖြစ်စဉ်မှာ ကနီမြို့နယ်တွင် ဇူလိုင်တစ်လအတွင်း အရပ်သားများ၏ ရုပ်အလောင်းများ တတိယအကြိမ်မြောက် ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ 

စစ်တပ်က ဖမ်းဆီးပြီးနောက် ရိုက်နှက်နှိပ်စက်ဒဏ်ရာများနှင့် ရုပ်အလောင်းများတွေ့ရှိမှုကို စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးသလို မေးမြန်းရန်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။ 

ပြီးခဲ့သည့် ဇူလိုင် ၁၀ ၌ ကနီမြို့နယ်၊ ယင်းရွာအနီး စစ်တပ်ရန်ကို ပုန်းရှောင်နေသည့် အရပ်သား ၁၆ ဦး ကို ညှဉ်းပန်းနှိပ်စက်ဒဏ်ရာများဖြင့် စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားသည်ကို ပထမအကြိမ် တွေ့ရှိခဲ့သည်။

ဇူလိုင် ၂၇ တွင် စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇီးပင်တွင်းရွာအနီးတစ်ဝိုက်၌ သက်ကြီးအမျိုးသားနှစ်ဦးအပါအဝင် ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ၁၂ ခုကို ဒေသခံများ တူးဖော်ရရှိခဲ့သည်။ ၎င်း ၁၂ လောင်းမှာ ဒေသခံများနှင့် PDF များဖြစ်ကြောင်း ဒေသခံများက ယူဆနေကြသည်။

စစ်တပ်ကို လက်နက်ကိုင် ပြန်ခုခံသည့် PDF များအားကောင်းရာ ကနီမြို့နယ်တွင် အကြောက်တရားထည့်သွင်းရန် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ စစ်တပ်က လုပ်ပြနေသော်လည်း ၎င်းတို့၏ ရည်ရွယ်ချက် အောင်မြင်မည်မဟုတ်ကြောင်း PDF အဖွဲ့များက တုံ့ပြန်သည်။ 

“ကိုယ့်မိသားစုထဲက တစ်ယောက်အသတ်ခံရတယ်ဆိုရင် စောတုန်းက မလုပ်ဖြစ်တဲ့သူတောင်မှ မခံချင်စိတ်နဲ့ ပါလာတာတွေ ရှိတယ်။ သူတို့ (စစ်တပ်) ထည့်တဲ့ အကြောက်တရားက ရှေးရိုးစွဲလမ်းစဉ်ကြီးလို့ပဲ ပြောရမှာပေါ့။ အောင်မြင်မှုမရနိုင်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကနီမြို့နယ် PDF တစ်ဦးက ပြောသည်။ 

ဇူလိုင် ဒုတိယပတ်မှစ၍ စစ်တပ်က စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းမှုများ ပြန်လုပ်လာသည့်အတွက် တိုက်ပွဲများပြင်းထန်ရာ မုံရွာ – ယာကြီး- ကလေးဝ လမ်းတလျှောက်မှ ကျေးရွာများ၊ ဇီးပင်တွင်းကျေးရွာအုပ်စု၊ ယာကြီးကျေးရွာအုပ်စုနှင့် တောင်ပေါက်ကျေးရွာအုပ်စုတို့မှ ဒေသခံထောင်နှင့်ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူများထံမှ သိရသည်။ 

ယခုကဲ့သို့ ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှုမြင့်တက်နေချိန်တွင် စစ်ရှောင်ရသည့် ဒေသခံများမှာ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။

“ကိုဗစ်နဲ့ဆိုတော့ စစ်ဘေးရှောင်စခန်းပုံစံမျိုး ရှောင်လို့မရဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ တောထဲ ရှောင်ကြတယ်။ ဒီရက်ပိုင်းထဲ မိုးခဏခဏရွာတော့ အဓိကအခက်အခဲကတော့ မိုးလုံလေလုံ မဟုတ်တာပေါ့။ ရာသီတုပ်ကွေးတွေကလည်း ဒီဘက်မှာ တအားဆိုးဆိုးရွားရွားဖြစ်နေတော့ ကျန်းမာရေးမကောင်းတာတွေ များနေတယ်” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။ 

Show More

Related Articles

Back to top button