ဆောင်းပါး

အေးရိပ်ငြိမ်မှ ရုပ်အလောင်းမဲ့ ဈာပန

မန္တလေးမြို့၊ အေးရိပ်ငြိမ်သုသာန်၏ ဇူလိုင် ၂၉၊ နံနက် ဝေလီဝေလင်းအချိန်၌ ရုပ်အလောင်းဖြစ်စေ၊ အရိုးပြာအိုးဖြစ်စေ တစ်ခုမျှမပါဘဲ ကွယ်လွန်သူ၏ အသုံးအဆောင်ပစ္စည်းများဖြင့် ကျင်းပနေရသည့် ဈာပနတစ်ခု တိတ်တဆိတ် ပြုလုပ်နေသည်။

“ညီမလေးရေ၊ ရော့ .. ဆိုင်ကယ်ဓာတ်ဆီဖိုးနဲ့ ဖုန်းဘေလ်ဖိုး နှစ်ထောင်ယူသွားဦး”ဟူ၍ ဆို့နင့်စွာထွက်ပေါ်လာသည့် အသံက ဧည့်ပရိသတ် ၁၀ ဦးမျှဖြင့် တက်သုတ်ရိုက်ပြုလုပ်နေရသည့် နာရေးအစီအစဉ်တွင် ထွက်ပေါ်လာသည်။

ဇူလိုင် ၂၇တွင် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည့် မန္တလေးမြို့၊ နာမည်ကျော် မြတောင်ဆန္ဒပြစစ်ကြောင်းမှ အသက် ၂၅ နှစ်အရွယ် မသူသူဇင်၏ နာရေးအစီအစဉ်ဖြစ်သည်။  

မိသားစုက မန္တလေးနန်းတွင်းနှင့် မန္တလေးတောင် အရှေ့ဘက်ရှိ ၉၁၀ တပ်ရင်းထံ မသူသူဇင်၏ ရုပ်အလောင်းပြန်ရနိုင်ရေး သွားရောက်စုံစမ်းသည့်အခါ ချက်ချင်းသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်းသာ အကြောင်းပြန်ကြားချက်ရသည်။

အဆိုပါအခြေအနေကြောင့် မိသားစု၊ လုပ်ဖော်ကိုင်ဖက်နှင့် အာဏာရှင်တော်လှန်ရေး ရဲဘော်ရဲဘက်များက သူကွယ်လွန်ပြီးနှစ်ရက်အကြာတွင် နေအိမ်၌ သက်ပျောက်ဆွမ်းသွတ်ကာ ၎င်း၏ အသုံးအဆောင်ပစ္စည်းများကို သုသာန်၌ ဂူသွင်း၍ ဈာပနအစီအစဉ်တစ်ခု ပြုလုပ်ပေးခဲ့ကြခြင်းဖြစ်သည်။

သို့သော် သေနတ်ဖြင့်ပစ်၊ ရုပ်အလောင်းပင်ပြန်မပေးသည့် စစ်ကောင်စီတပ်က အေးရိပ်ငြိမ်သုသာန်တွင် ပြုလုပ်သည့် မသူသူဇင်၏ ဈာပနအခမ်းအနားကို စစ်ကားတစ်စီးဖြင့် လာရောက်စောင့်ကြည့်နေသည်ဟု သုသာန်အနီးနေထိုင်သူတစ်ဦးက ပြောသည်၊ ထိုအချက်ကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မသူသူဇင် ဘယ်သူလဲ

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်ကောင်စီတပ်က ပစ်သတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းဖြင့် တုံ့ပြန်နေသည်။ စစ်ကောင်စီတပ်သားများ၏ လက်ချက်ကြောင့် သေဆုံးခဲ့သည့် ပြည်သူ ၉၃၆ ဦးထက်မနည်းရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ ဇူလိုင် ၂၉ ထုတ်ပြန်ချက်တွင် မသူသူဇင်၏ ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ 

အလှကုန်ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခု၏ ဝန်ထမ်း၊ ပရဟိတသမားအဖြစ် ဘဝကို ပုံမှန်ဖြတ်သန်းနေသည့် မသူသူဇင်ကို ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် အသွင်ပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးနှင့် အမျိုးသမီးသူငယ်ချင်းတစ်ဦးက အခိုင်အမာပြောသည်။

မန္တလေးမြို့၊ မင်းတဲအီကင်းရပ်ကွက်တွင်ရှိသည့် မိသားစုနေအိမ်၌ အသက် ၅၀ ကျော် မိဘနှစ်ပါးနှင့်အတူ နေထိုင်သည့် မသူသူဇင်မှာ မွေးချင်းမောင်နှမ ငါးဦးအနက် စတုတ္ထမြောက်သမီးဖြစ်သည်၊ ရုံးဖွင့်ရက်တွင် အလုပ်လုပ်၊ အလုပ်နားရက်တွင် ပရဟိတအဖွဲ့အစည်းတချို့တွင် ပါဝင်ဆောင်ရွက်တတ်သူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ရေး နေ့စဉ်ရက်ဆက်ကြိုးပမ်းနေသည့် မန္တလေးမြို့တွင်းလှုပ်ရှားမှုများ၌ မသူသူဇင်တစ်ယောက် မည်မျှ စိတ်အားတက်ကြွစွာ ပါဝင်သည်ကို ဖေဖော်ဝါရီ ၁ ကတည်းက အလုပ်မှထွက်ခဲ့သည်က သက်သေပင်ဖြစ်ကြောင်း သူ၏ မိသားစုဝင်က ပြောသည်။

“အရင်က သူ့ကိုတားရင် ကျွန်တော့်ကို စိတ်ဆိုးတယ်၊ ငါတို့မလုပ်ရင် ဘယ်သူလုပ်မှာလဲတဲ့၊ သူများသားသမီးပညာတတ်လေးတွေ၊ ဆရာဝန်တွေတောင် အသေခံရင်းပြီးတော်လှန်နေတာ၊ နင်တို့ ငါတို့လိုလူတွေက ဘာမို့လို့လဲ” ဟု မသူသူဇင်က ပြောခဲ့ကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို စစ်ကောင်စီက ပစ်ခတ်၊ ရိုက်နှက်၍ အညှာအတာမဲ့ဖမ်းဆီးမှုများ အရှိန်မြှင့်လာချိန် ဧပြီနောက်ပိုင်းတွင် မြို့လုံးကျွတ်ဆန္ဒမပြနိုင်တော့သည့် မန္တလေးမြို့၌ အရဲစွန့်ထွက်ခွာသည့် မည်သည့် စစ်ကြောင်းနှင့်မဆို မသူသူဇင်က ပူးပေါင်းလိုက်ပါလေ့ရှိသည်ဟု မိသားစုဝင်က ပြောသည်။

“နောက်ကျတော့ အိမ်ကခွင့်မပြုတော့ သူက ညာပြီးထွက်တော့တာ”ဟု ၎င်းက ပြောသည်။

မြတောင်စစ်ကြောင်း ယနေ့ ဇူလိုင် ၂၇ ၌ ပစ်ခတ်ဖြိုခွင်းခံရ၍ အသက် ၂၅ နှစ်အရွယ် မသူသူဇင်သည် ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့သည်။ ( ဓာတ်ပုံ-ပေးပို့)

ဘယ်လိုကွယ်လွန်ခဲ့ရသလဲ

မန္တလေးမြို့၌ ပုံမှန်ထွက်လေ့ရှိသည့် လူထုလှုပ်ရှားမှုများ စစ်ကောင်စီလက်ချက်ဖြင့် ပြိုလဲမတတ်ရှိနေချိန် ဇွန်လမှစ၍ သံဃာတော်များဦးဆောင်သည့် မြတောင်သပိတ်စစ်ကြောင်း၌ မသူသူဇင် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သူငယ်ချင်းတစ်ဦးက ပြောသည်။

စစ်ကောင်စီက အဖမ်းအဆီးကြမ်းနေသဖြင့် မင်းတဲအီကင်းရပ်ကွက်ရှိ မိသားစုနေအိမ်သို့ပင် ပုံမှန်မပြန်တော့ဘဲ သူနှင့်လိုက်ပါနေထိုင်သည်ဟု အထက်ပါ အမျိုးသမီးထံမှ သိရသည်။

ထိုအချက်မှာ မှန်ကန်ကြောင်း မသူသူဇင်၏ မိသားစုဝင်ကလည်း အတည်ပြုခဲ့ပြီး မကွယ်လွန်မီ ငါးရက် (ဇူလိုင်လ ၂၁)တွင် နေအိမ်သို့ ခေတ္တရောက်ရှိလာပြီး သူ့ကို စိတ်မပူရန် ပြောသွားသည်ဟု ဆိုသည်။

“သူဆန္ဒပြပွဲတွေလိုက်တယ်၊ အိမ်ကိုတော့ ညာတယ်၊ သူငယ်ချင်းတွေနဲ့ ပရဟိတလုပ်နေတယ်ဆိုပြီး၊ အမေက စိတ်ပူတော့လေ”ဟု ၎င်းက ပြောသည်။

ပစ်သတ်ခံရသည့်​ ဇူလိုင် ၂၇ နေ့လယ်ပိုင်း၌ မြတောင်သပိတ်စစ်ကြောင်းတွင် မသူသူဇင်က ရှေ့ဆုံးမှ အလံကိုင်၍ လိုက်ပါခဲ့သလို ဆန္ဒပြကြွေးကြော်သံများ သံကုန်ဟစ်အော်နေခဲ့သည်ဟု အမျိုးသမီးသူငယ်ချင်းက ပြောသည်။

မဟာမုနိဘုရားကြီးအရှေ့မုခ်အနီးသို့ ရောက်ချိန် သေနတ်သံသုံးချက်ကြားရပြီးနောက် လဲကျသွားသည့် မသူသူဇင်ကို နောက်ဆုံးမြင်တွေ့ခဲ့ရသူလည်းဖြစ်သည့် အထက်ပါ အမျိုးသမီးက ဝမ်းနည်း၍ ဆုံးမည်မဟုတ်ဟု ပြောသည်။

“သေနတ်သံ ကြားကြားချင်း သူက လဲကျသွားတယ်၊ ကျွန်မတို့လည်း အသက်လုပြေးရချိန် သူလဲကျသွားတာကို မြင်ပေမဲ့ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး.. နောက်ဆုံး သူ့ရုပ်အလောင်းတောင် ပြန်ရအောင် မလုပ်ပေးနိုင်ခဲ့ဘူး”ဟု ၎င်းကပြောသည်။

ထိုနေ့တွင် စစ်ကောင်စီက ဒဏ်ရာရသူနောက်တစ်ဦးဖြစ်သည့် အသက် ၂၀ အရွယ် ကိုတိုးတိုးအောင်နှင့် အခြားလေးဦးခန့်ကိုပါ တစ်ပါတည်း ဖမ်းခေါ်သွားခဲ့ကြောင်း ယူဆနေကြသည်။ သို့သော်လည်း သုံးရက်တိုင်သည်အထိ မည်သည့်သတင်းအစအနမျှ မရသေးပေ။

စစ်ကောင်စီက မည်သို့ ရက်စက်ယုတ်မာပြသည်ဖြစ်စေ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးခရီးအတွင်း အသက်နှင့်ဘဝကို စတေးခဲ့ရသူတို့အတွက် ထိုက်တန်သည့် တန်ဖိုးပြန်ရရန်သာ အာရုံစိုက်မည်ဖြစ်ကြောင်း မသူသူဇင်၏ သူငယ်ချင်းက ပြောသည်။

“ကျွန်မတို့ ပိုအလုပ်လုပ်ကြရမယ်၊ ကြောက်ရွံ့နောက်ဆုတ်သွားမှာမျိုး မရှိပါဘူး ”ဟု မသူသူဇင်၏ သူငယ်ချင်းက ပြောလိုက်သည်။

Show More

Related Articles

Back to top button