သတင်း

စစ်တွေတွင် နှစ်ရက်ဆက်တိုက် အသံဗုံးပေါက်ကွဲ

ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေတွင် နှစ်ရက်ဆက်တိုက် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ အသံဗုံးပေါက်ကွဲမှုဟု ဒေသခံများက ယူဆနေကြသည်။ 

ယမန်နေ့ (ဇူလိုင် ၂၈) ည ၉ နာရီဝန်းကျင်ခန့်တွင် စစ်တွေမြို့အဝင် မုခ်ဦးအနီးအနား၊ အဝေးပြေးကားဂိတ်ရှေ့ ဘုန်းတော်ကြီးကျောင်း(ဓာတ်လေ) အနီးရှိ ဂိမ်းဆိုင်ဘေး ပေါက်ကွဲသံ ၄ ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

ဂိမ်းဆိုင်အနီးပေါက်ကွဲမှုမှာ စက္ကန့်ပိုင်းသာခြားပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ၎င်းနေရာအနီး ဆိုင်ဖွင့်လှစ်ထားသည့် စစ်တွေမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ပေါက်တာက လေးချက်ပါ။ ဘာပေါက်တာလဲဆိုတာကို မသိရဘူး။ အသံကတော့ တော်တော်ကျယ်တယ်။ ဓာတ်လေကျောင်းနားမှာ ဂိမ်းဆိုင်တစ်ခုရှိတယ်။ အဲဒီဂိမ်းဆိုင်နားမှာ ပေါက်တာပါ”ဟု ၎င်းက ပြောပြသည်။

ပေါက်ကွဲမှုဖြစ်ပြီး နာရီဝက်ခန့်အကြာ ရဲနှင့်စစ်သားများ ရောက်ရှိလာပြီး အဝေးပြေးကားဂိတ်အနီး လမ်းပေါ်တွင် လုံခြုံရေးများချကာ မိုင်းရှာဖွေရေးလုပ်ဆောင်သွားသည်ကို မြင်တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ယနေ့ (ဇူလိုင်၂၉) မနက်က စစ်တွေမြို့လယ်၊ ကျောင်းတက်လမ်း၊ ဘောင်းဒွတ်သားစုကျားရုပ်ကျောင်းအနီးတွင် ရဲများက လမ်းသွားလမ်းလာများကို စစ်ဆေးခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။  

ပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီမှ ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို Myanmar Now က ဖုန်းဖြင့် ယနေ့ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

ဇူလိုင် ၂၇၊ ညနေ ၄ နာရီဝန်းကျင်ခန့်က စစ်တွေမြို့၊ မိဇံရပ်ကွက်၊ BXT ဆိပ်ကမ်းဝင်ပေါက်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

နှစ်ရက်ဆက်တိုက်ပေါက်ကွဲမှုဖြစ်စဉ်များတွင် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။ 

ယင်းအသံဗုံးဟု ယူဆနိုင်ဖွယ်ရာ လူမထိခိုက်သည့် ပေါက်ကွဲမှုနှင့်ပတ်သက်၍ ကိုဗစ်တတိယလှိုင်းအတွင်း နေအိမ်တွင်သာ နေထိုင်ကြရန် သတိပေးချက်ကို မလိုက်နာသောကြောင့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က သတိပေးခြင်းလည်း ဖြစ်နိုင်သည်ဟု မင်းဂံရပ်ကွက်နေထိုင်သူတချို့က ယူဆနေသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကိုဗစ်နိုင်တင်းနှင့် ပတ်သက်၍ ဇူလိုင် ၂၅ တွင် ရုပ်သံဖိုင်ထုတ်ပြန်ခဲ့ရာတွင် စစ်တွေမြို့၌ လိုက်နာမှုအားနည်းနေကြောင်း ထည့်သွင်းပြောဆိုထားသည်။ 

စစ်တွေမြို့အခြေစိုက် ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပေါက်ကွဲမှုများသည် မည်သူ၏ လက်ချက်ဖြစ်သည်ကို ခန့်မှန်းရခက်နေသည်ဟု ပြောသည်။

“စစ်တွေကလူတွေက အသံဗုံးလို့လည်း ပြောကြတယ်။ ကျွန်တော်တို့နဲ့လည်း နည်းနည်းဝေးတယ်။ သွားလို့လည်း မကြည့်ဖြစ်ဘူး။ အဲဒီနားမှာ ဂိမ်းရုံတစ်ရုံ ရှိတယ်လို့ ပြောကြတယ်။ အဲဒီဂိမ်းရုံက မပိတ်လို့ လုပ်တယ်ဆိုပြီးတော့ ကြားရတယ်။ အတိအကျတော့ မသိဘူး။ ပြောရမှာတော့ နည်းနည်းခက်တယ်”ဟု ဦးခိုင်ကောင်းစံက ပြောသည်။ 

ယနေ့ ညပိုင်းတွင် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အချက် ၇ ချက်ဖြင့် ကိုရိုနာကူးစက်ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ULA/AA အနေဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ 

ယင်းထုတ်ပြန်မှုတွင် AA ၏ Stay at Home ကြေညာထားတဲ့အချိန်မှာ ထုတ်ပြန်ထားသည့် စည်းကမ်းများမလိုက်နာဘဲ လူစုလူဝေးဖန်တီးနေသည့် စားသောက်ဆိုင်၊ အရက်ဆိုင်၊ ဂိမ်းဆိုင်နှင့် လူအများကြီး စုဝေးသည့်နေရာများကို အသံနှင့် သတိပေးခြင်းများလုပ်ဆောင်ခဲ့ကြောင်း၊ အဆင့်မြင့်အသံထွက်သတိပေးခြင်းဖြစ်ကြောင်း ပါရှိသည်။

Show More

Related Articles

Back to top button