
မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသည့် မြတောင်စစ်ကြောင်းကို ယနေ့ (ဇူလိုင် ၂၇) မွန်းတည့်ချိန်၌ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းခဲ့ပြီး၊ ဖမ်းဆီးခံရသူသုံးဦးအနက် ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့သူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
မဟာမုနိဘုရားကြီးအရှေ့မုခ်အနီးသို့ ဆန္ဒပြစစ်ကြောင်းရောက်ရှိလာစဉ် ပစ်ခတ်ဖြိုခွင်းခံခဲ့ရပြီး ပစ်ခတ်ခံရသူသုံးဦးအနက် အသက် ၂၅ နှစ်အရွယ် မသူသူဇင် သေဆုံးခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦး က Myanmar Now ကို အတည်ပြုသည်။
ပစ်ခတ်ဖမ်းခံရပြီးနောက် ဦးခေါင်းတွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့သူ အမျိုးသမီး သေဆုံးပြီဖြစ်ကြောင်း ရဲစခန်းမှတစ်ဆင့် သိရသည်ဟု ၎င်းက ပြောသည်။
လည်ပင်းတွင် ကျည်ဆန်ထိမှန်ခဲ့သူ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးလည်း ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ အထက်ပါလူငယ်က ဆက်ပြောသည်။
“ဘုရားရှေ့မှာ စျေးရောင်းနေသူတွေပြောတာအရ သုံးဦးလုံး သေဖို့များတယ်။ ပစ်ပြီးတာနဲ့ ဘုရားစောင်းတန်းထဲ ဆွဲချခေါ်သွင်းသွားတယ်” ဟု အနီးကပ်မြင်တွေ့ခဲ့သူများကို ကိုးကားလျက် ၎င်းက ဆိုသည်။
“ကောင်မလေးက ကျွန်တော်ရှေ့တင် လဲကျသွားတာ။ ကျွန်တော်လည်း အသက်လုပြေးနေရချိန်မို့ မကယ်ထုတ်နိုင်လိုက်ဘူးဗျာ” ဟုလည်း ထိုလူငယ်က ပြောသည်။
ယနေ့ ပြုလုပ်ခဲ့သည့် မြတောင်ဆန္ဒပြစစ်ကြောင်းတွင် လူ ၂၀ ခန့်သာ ပါဝင်ပြီး ဆိုင်ကယ်များဖြင့် ပြောက်ကျားစနစ်လှည့်လည်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်သည်ဟု ဆိုသည်။
“တကယ်ဆိုရင် ဖြိုခွဲချင်ရင် မိုးပေါ်ထောင်ပြီး ပစ်လို့ရတယ်။ အခုလိုအကြမ်းဖက်လုပ်ရပ်တွေကြောင့် သူတို့လုပ်တဲ့ ပြစ်ဒဏ် သူတို့ပြန်ခံရမှာပါ” ဟု ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်ခဲ့သူ နောက်တစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့၌ စစ်တပ်က အထင်ကရ မဟာမုနိဘုရားကြီးအပါအဝင် ဆေးရုံ၊ ဘုရား၊ ကျောင်း စသည့် နေရာများတွင် အချိန်ပြည့်တပ်စွဲထားသည်ဟု သိရသည်။
စစ်တပ်က အာဏာသိမ်းပြီး ခြောက်လနီးပါးရှိလာချိန်အထိ မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြစစ်ကြောင်း ထွက်ပေါ်နေဆဲဖြစ်ပြီး စစ်ကောင်စီက သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်း အပါအဝင် အိမ်စီးကား၊ ဆိုင်ကယ်များဖြင့် တိုက်ခိုက်ဖမ်းဆီးခြင်း၊ အရပ်ဝတ်ဖြင့် အယောင်ဆောင်ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိသည်။
ထို့သို့ နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်ဖြိုခွင်းလျက်ရှိသည့်အပြင် လမ်းပေါ်၌ သွားလာနေသူများကို မကြာခဏ တားဆီးစစ်ဆေးခြင်း၊ ဆိုင်ကယ်နှင့် ဖုန်းများကို ရှာဖွေစစ်ဆေးခြင်းများပြုလုပ်လေ့ရှိသည်ဟု မြို့ခံများထံမှ သိရသည်။
ယခုလအတွင်း မန္တလေးမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြစစ်ကြောင်းများ သုံးကြိမ်တိုင် ဖြိုခွင်းခံခဲ့ရပြီး ဇူလိုင် ၁၃ ၌ မြတောင်နှင့် မန္တလာတက္ကသိုလ်ဆန္ဒပြစစ်ကြောင်းနှစ်ခု ပူးပေါင်းဆန္ဒပြနေစဉ် ဖြိုခွင်းခံရ၍ ၇ ဦး ဖမ်းဆီးခံခဲ့ရသည်။
“ပြာပုံထဲက ဖီးနစ်ငှက်များ” ဆိုသည့် ဆန္ဒပြစစ်ကြောင်းသည်လည်း ဇူလိုင် ၂၀ ရက်က ပစ်ခတ်ဖြိုခွင်းခံရကာ အမျိုးသမီးတစ်ဦးအဖမ်းခံရကာ အမျိုးသားနှစ်ဦး ကျည်ထိမှန်ခဲ့သည်။
“ကျွန်တော်တို့က ပန်းတိုင်မရောက်မချင်း ဆက်တိုက်သွားမှာ” ဟု ယနေ့ ပစ်ခတ်ဖြိုခွင်းခံခဲ့ရသည့် မြ တောင်ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်ခဲ့သူ လူငယ်က ပြောသည်။