
ကချင်ပြည်နယ်၊ ရွှေကူမြို့အနီး ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်သင်္ဘော ၇ စီးကို ယနေ့ (ဇူလိုင် ၂၆) နေ့လယ်၌ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ရွှေကူမြို့ မရောက်မီ ၃ မိုင်ခန့်အကွာ ရွှေဘုံသာကျေးရွာအနီး KIA က ပစ်ခတ်ခဲ့ရာ သင်္ဘောတစ်စီးကို လက်နက်ကြီးထိမှန်ခဲ့ကြောင်း ၎င်းက ပြောသည်။
“သူတို့ အစီအစဉ်တစ်ခုတော့ရှိမှာပါ။ အခုလို အင်အားအလုံးအရင်းနဲ့ လာတယ်။ တင့်ကားတွေလည်း ပါတယ်လို့ ပြောတယ်။ နောက်သင်္ဘောတွေလည်း ပင်လယ်ဘက်ကလှုပ်ရှားတဲ့ သင်္ဘောမျိုးတွေလည်း ပါတယ်ဆိုတော့ သူတို့ (စစ်တပ်) လည်း အစီအစဉ်တစ်ခုတော့ ရှိမယ်လို့တော့ ကျွန်တော်တို့လည်း စောင့်ကြည့်နေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
ယင်းတိုက်ပွဲတွင် KIA နှင့်အတူ ဒေသခံ PDF များလည်း ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
“သူတို့ (PDF) အမြဲတမ်းလက်တွဲပြီးမှ လုပ်တယ်ဆိုတော့ ကျွန်တော်တို့ KIA နဲ့ လက်တွဲပြီးလုပ်တာပေါ့နော်။ ဒါပေမယ့် ကျွန်တော်အမြဲတမ်းပြောနေတဲ့ ဗဟိုကနေ စီစဉ်ပြီးမှ လုပ်တဲ့အနေအထားတော့ မဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
သင်္ဘောတစ်စီး RPG ထိမှန်သော်လည်း နစ်မြုပ်ခြင်းမရှိကြောင်း၊ စစ်ကောင်စီသင်္ဘောများကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Kachin Wave သတင်းဌာန သတင်းတစ်ပုဒ်တွင်လည်း ဖော်ပြထားသည်။
ကချင်ဒေသခံတစ်ဦးကလည်း “ပစ်ခံရတယ်လို့တော့ ကြားတယ်။ နှစ်ဖက် ပစ်ခတ်မှုရှိတယ်။ ဒါပေမဲ့ သင်္ဘောမြှုပ်လောက်တဲ့အထိ မဖြစ်လောက်ဘူး၊ နည်းနည်းပါးပါး ထိတာခိုက်တာလောက်ပဲရှိမယ်” ဟု ပြောသည်။
ကချင်ဒေသတိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
စစ်သင်္ဘောများမှာ ဇူလိုင် ၂၃ တွင် မန္တလေးမြို့မှ ထွက်ခွာလာပြီး ယနေ့ နေ့လယ်၌ ရွှေကူမြို့နယ်အနီးသို့ ရောက်ရှိလာစဉ် ကြားဖြတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ဧပြီလမှစ၍ ကချင်ပြည်နယ်အတွင်း စစ်တပ်နှင့် KIA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်က လူသူရိက္ခာနှင့် စစ်လက်နက်များကို စစ်သင်္ဘော၊ အရပ်ဘက်သင်္ဘောများနှင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ထဲ ပေးပို့နေသည်။
KIA နှင့် စစ်တပ်တို့ ကချင်ပြည်နယ်အတွင်း တစ်ပတ်ခန့် တိုက်ပွဲများရပ်နေပြီးနောက် ယနေ့နေ့လယ်၌ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။
KIA အနေဖြင့် ကချင်ဒေသ၌ စစ်ရေးလှုပ်ရှားနေသည့် စစ်ယာဉ်တန်းများကို မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသည်။
ကချင်ဘက်သို့ စစ်အင်အားတိုးမြှင့်မှုများ လုပ်ဆောင်နေသော်လည်း နယ်ခံတပ်များ စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမားမတွေ့ရဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
သို့ရာတွင် ယခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်မှုများ၊ တိုက်ပွဲများရှိနေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။
တပ်မဟာ(၃)၊ အမှတ် ၁၅ တပ်ရင်းနယ်မြေအတွင်း အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားလာ၍ ဇူလိုင် ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းတွင် တွေ့ရသည်။
KIA တပ်မဟာ(၅) နယ်မြေတွင်လည်း ဇူလိုင် ၂၃ ရက်က အာဏာသိမ်းစစ်တပ် စစ်ရေးလှုပ်ရှားသွားလာစဉ် KIA ထောင်ထားသည့် မိုင်းနင်းမိခဲ့ကြောင်း၊ ထို့နောက် အာဏာသိမ်းစစ်တပ်က KIA တပ်များရှိရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA တပ်မဟာ(၆)နယ်မြေ မုံးကိုးဒေသတွင်မူ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။
KIA သည် မတ်လမှစ၍ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသတချို့ရှိ တပ်စခန်းများ၊ ရဲစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တပ်စခန်းတချို့ကို သိမ်းပိုက်ထားသည်။
ရှမ်းမြောက်ဒေသတချို့တွင်လည်း KIA နှင့် စစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့သည်။