ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားမှုမြင့်တက်လာ၍ နေအိမ်တွင်သာ နေထိုင်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ဇူလိုင် ၂၀ ရက်စွဲဖြင့် သတိပေးစာထုတ်ပြန်ထားခြင်းကို ရခိုင်လူထုက အလေးထားလိုက်နာနေသည်ကို တွေ့ရသည်။
ဇူလိုင် ၂၀ မှ သြဂုတ် ၄ အထိ မိမိအိမ်တွင်သာနေထိုင်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ထိုကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေသူတို့ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ခေါင်းဆောင်များ၊ ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ရေးအဖွဲ့များက ကူညီဖြေရှင်းပေးကြရန် တိုက်တွန်းထားသည်။
ထုတ်ပြန်ချက်ပါ စည်းကမ်း ၂၄ ချက်ကို မလိုက်နာပါက ထိထိရောက်ရောက် အရေးယူသွားမည်ဟုလည်း ဖော်ပြထားသည်။
ပြည်နယ်စစ်ကောင်စီထုတ်ပြန်သော ကိုဗစ်စည်းကမ်းများကို လိုက်နာမှုမရှိကြသော်လည်း ULA က သတိပေးစာထုတ်ပြန်အပြီး လမ်းပေါ်တွင် လူအသွားအလာ မရှိတော့သလောက်ဖြစ်ကြောင်း စစ်တွေမြို့ ဒေသခံများက ဆိုသည်။
“လူထုက အင်အားရှိတဲ့အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်၊ အမိန့်၊ စည်းကမ်းတွေကို လိုချင်တာ။ အိမ်ထဲမှာ နေကြပါ၊ Mask (နှာခေါင်းစည်း) တပ်ကြပါ ဆိုတာလောက်နဲ့၊ မြို့ကိုလည်ပြီး အော်နေတာလောက်နဲ့ မလုံလောက်ဘူး” ဟု စစ်တွေမြို့ခံ ဦးစိုးနိုင် (လျှပ်စစ်)က ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း AA သည် ပြည်သူလူထုအပေါ် ဩဇာသက်ရောက်မှုရှိကြောင်း ပြောသည်။
“အများအားဖြင့်တော့ AA ရဲ့ထုတ်ပြန်ချက်အပေါ်မှာ လူတွေက အလေးထားတာတွေ တွေ့ရတယ်။ ရပ်ရွာတွေမှာ AA ရဲ့ ထုတ်ပြန်ချက်တွေကို တင်းတင်းကျပ်ကျပ်လိုက်နာဖို့ AA အုပ်ချုပ်ရေးအဖွဲ့တွေက ကိုယ်တိုင် စာကပ်တာတွေ၊ လှည့်လည်ပြီးတော့ ကြေညာတာတွေ၊ သူတို့ကိုယ်တိုင် တိကျပြီးတော့ မလိုက်နာမနေရအောင် ဖိအားပေးတာတွေ၊ တင်းကျပ်ထားတာတွေကို သူတို့နောက်က (လူထုက) စောင့်ထိန်းနေတာတွေကို တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၉ တစ်နေ့တည်းတွင် ကိုဗစ်နိုင်တင်းရောဂါကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိခဲ့သည်။
စစ်တွေတွင် ၃ ဦး၊ ကျောက်ဖြူနှင့် တောင်ကုတ်တို့တွင်၂ ဦးစီ၊ သံတွဲ၊ မာန်အောင်၊ မင်းပြား၊ ပေါက်တောတို့တွင် ၁ ဦးစီ သေဆုံးခဲ့သည်ဟု သိရသည်။
ကိုဗစ်နိုင်တင်းတတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် မေ ၂၅ မှ ဇူလိုင် ၂၀ အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၅၄ ဦးအထိ ရှိနေပြီး ဆေးကုသမှုခံယူနေသည့် အတည်ပြုလူနာ ၈၂၆ ဦးအထိ ရှိကြောင်း စစ်ကောင်စီ၏ ပြည်နယ်ကျန်းမာရေးဌာနစာရင်းများတွင် ဖော်ပြထားသည်။
သို့ရာတွင် မြေပြင်အခြေအနေ၌ အမှန်တကယ်ကူးစက်မှု များပြားနေသောကြောင့် ဒေသခံတို့ ပိုမိုစိုးရိမ်နေကြသည်ဟု ပြောကြသည်။
ပြီးခဲ့သည့် ဇူလိုင်ပထမပတ်တွင် ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်သို့ ရွှေ့လာသည့် နယ်ခြားစောင့်ရဲနှင့် မိသားစုဝင် ၁၅၀ ကျော်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သည်။ ထို့ပြင် မောင်တောမြို့နယ်မြောက်ပိုင်း၊ ရွက်ညိုတောင်ကျေးရွာ နယ်ခြားစောင့်ရဲကင်းစခန်းမှ တပ်ကြပ်တစ်ဦး ကိုဗစ်ဖြင့် သေဆုံးခဲ့သည်။
စစ်ကောင်စီ၏ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသည် ကိုဗစ်နိုင်တင်းရောဂါနှင့် ပတ်သက်ပြီး ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှု အားနည်းနေသည်ကို တွေ့မြင်ရကြောင်း ဦးဖေသန်းက ထောက်ပြဝေဖန်သည်။
“လုပ်တော့လုပ်တယ်။ သို့သော်လည်း ရာခိုင်နှုန်းက တော်တော့ကို နည်းပါတယ်။ တကယ်တမ်း ဖြစ်နေတဲ့အခြေအနေနဲ့ သူတို့လုပ်ဆောင်နိုင်တဲ့ အခြေအနေဟာ ဥပမာဆိုရင် ပညာပေးလုပ်ငန်းမှာဖြစ်ဖြစ်၊ မြို့တိုင်းမှာ နှိုးဆော်တဲ့ကမ်ပိန်းတွေ၊ ဖွဲ့စည်းမှုတွေ အဲဒီဘက်တွေမှာလည်း အားနည်းချက်ရှိတယ်။ ဆေးရုံတွေမှာလည်း ဝန်ဆောင်မှုအားနည်းချက်ရှိတယ်” ဟု ၎င်းက ပြောသည်။
ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်ကာ တစ်နေ့လျှင် လူထောင်ဂဏန်းနီးပါးအထိ သေဆုံးသည်ဟု ယူဆနေကြသည့် ရန်ကုန်မြို့တွင် ဆေးရုံများ မနိုင်မနင်းဖြစ်ပြီး အရေးပေါ်လူနာများထဲမှ ရာခိုင်နှုန်းအနည်းငယ်သာ ဆေးရုံတက်ကုသခွင့်ရနေသည်၊ စစ်ကောင်စီက ကိုဗစ်လူနာများလိုအပ်သော အောက်စီဂျင်ကိုပါ ကန့်သတ်ထိန်းချုပ်ထားသည်။
သို့သော် ရခိုင်ပြည်နယ်တွင်မူ ယမန်နေ့ (ဇူလိုင် ၂၁) တွင် စစ်တွေပြည်သူ့ဆေးရုံကြီး၌ လိုအပ်သောအောက်စီဂျင်များကို စစ်ကောင်စီက ချက်ချင်းဖြည့်ဆည်းပေးခဲ့သည်။
သို့သော်လည်း ရခိုင်လူထုအပေါ် AA ၏ ထုတ်ပြန်ချက်က ဩဇာသက်ရောက်မှု ပိုရှိနေပြီး ဈေးဆိုင်တချို့တွင် AA ၏ ထုတ်ပြန်စာပါ ကပ်ထားသည်ကို တွေ့ရသည်။
ကျေးရွာများတွင် အသွားအလာများရပ်ဆိုင်းသွားပြီး ဈေးဆိုင်တချို့တွင် ကိုဗစ်ဆိုင်ရာ ကာကွယ်တားဆီးမှုများပါ ပြုလုပ်နေကြောင်း မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က ပြောသည်။
“အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုတွေက လိုက်နာမှုရှိတာကို တွေ့ရတယ်။ ယခင် မထုတ်ပြန်ခင် လူတွေက လမ်းမှာကအစ၊ တစ်ရွာနဲ့တစ်ရွာကအစ စည်းမဲ့ကမ်းမဲ့ ဖြတ်သန်းသွားလာတာတွေကို တွေ့ရတယ်။ ထုတ်ပြန်ပြီးနောက်ပိုင်း သွားလာမှုတချို့ ရပ်ဆိုင်းသွားပြီးတော့ လမ်းမှာသွားရင်တောင် နှာခေါင်းစည်းသွားလာတာတွေကို တွေ့မြင်နေရတယ်” ဟု ၎င်းက ပြောသည်။
“အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင် AA ထုတ်ပြန်ချက်ကို ပြည်သူလူထုအများက လိုက်နာမှုရှိတာကို မြင်တွေ့နေရတယ်”
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း စသောမြို့နယ်များတွင် တစ်ရွာနှင့်တစ်ရွာ ဝင်ထွက်သွားလာခြင်းများ၊ ညအိပ်သွားလာခြင်းများကို ကန့်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်တောင်ပိုင်းရှိ ကျေးရွာတချို့တွင် ကိုဗစ်ဆိုင်ရာစည်းကမ်းချက်များကို လိုက်နာပြီးမှ ရွာအတွင်း ဝင်ခွင့်ပြုကြောင်း အင်းဒင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ပြောသည်။
“ကျွန်တော်ရွာက ရပ်မိရပ်ဖများ၏ စည်းကမ်းချက်အရ ရွာကနေပြီး မြို့ပေါ်သို့ ညအိပ်သွားတယ်ဆိုရင် သွားတဲ့လူကို ကွာရန်တင်း (အသွားအလာစောင့်ကြည့်ခြင်း) တစ်ပတ်ထားမယ်။ တကယ်လို့ ရွာမှာ တစ်ယောက်ယောက် ဖျားတယ်ဆိုရင် ဖျားတဲ့သူကို အိမ်မှာ စောင့်ကြည့်လူနာအဖြစ် မကောင်းမချင်း ကွာရန်တင်းထားမယ်။ လိုအပ်ရင် မြို့နယ်ကျန်းမာရေးဌာနနဲ့ ဆက်သွယ်မယ်” ဟု ၎င်းက ပြောသည်။
ကွာရန်တင်းထားရှိသည့် နေအိမ်မှ မိသားစုဝင်များ၏ စားဝတ်နေရေးကို ကျေးကျေးရွာက ထောက်ပံ့ပေးသွားမည်ဟု ၎င်းက ဆိုသည်။
အလားတူ မြောက်ဦးမြို့နယ်ရှိ ကျေးရွာတချို့တွင်လည်း တစ်ရွာနှင့်တစ်ရွာ ကူးသန်းသွားလာမှုအား ဒေသခံများ၏ ဆန္ဒအရ ပိတ်ပင်တားမြစ်ထားလိုက်ပြီဖြစ်ကြောင်း တိန်ညိုကျေးရွာမှ ဒေသခံ ကိုဇော်ထွန်းက ပြောသည်။
“ကျွန်တော်တို့ တိန်ညိုဘက်ခြမ်းက ရွာတွေ တစ်ရွာနဲ့တစ်ရွာ လုံးဝ ဝင်ထွက်သွားလာလို့မရဘူး။ လယ်လုပ်နေကြသူတွေဆိုရင်တော့ လယ်ကွင်းကို သွားလို့ရတယ်၊ ပြန်ဝင်လို့ရတယ်။ ဒီအတိုင်း အကြောင်းမရှိဘဲ အပြင်ကို ထွက်ခွင့်မရှိတာ” ဟု ကိုဇော်ထွန်းက ဆိုသည်။
မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရ၍ အဆိုပါစစ်ရှောင်စခန်းကို ဇူလိုင် ၁၄ မှစ၍ အသွားအလာကန့်သတ်ထားသည်။
အမ်းမြို့နယ်တွင်လည်း တစ်ရွာနှင့် တစ်ရွာ ညအိပ်သွားလာခွင့်မရှိဘဲ နှာခေါင်းစည်းတပ်ဆင်သွားလာရန်နှင့် စည်းကမ်းမလိုက်နာပါက ရွာမှ ဒဏ်ငွေရိုက်သွားမည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီက ရခိုင်ပြည်နယ် ကိုဗစ်အတည်ပြုလူနာများကို ဆေးရုံတက်ရောက်ကုသခွင့်ပေးနေသော်လည်း အမ်းပြည်သူ့ဆေးရုံကြီးနှင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အားနည်းမှုများရှိနေသည်။
“မိသားစု ၁၀ ယောက် ရှိတဲ့အထဲမှာ တစ်ယောက်က ပိုးတွေ့လို့ (ဆေးရုံ) ယူသွားတယ်။ ကျန်တဲ့မိသားစု ၉ ယောက်ကို နေအိမ်မှာပဲ လော့ဒေါင်းချထားတယ် (အသွားအလာကန့်သတ်ထားတယ်)၊ အဲဒီလို လော့ဒေါင်းချထားတဲ့သူတွေမှာ ပိုးရှိမရှိ စစ်ဆေးမှုတစ်စုံတစ်ရာ မလုပ်တာတွေလည်းရှိတယ်။ လော့ဒေါင်းချခံထားရတဲ့ အိမ်ကိုလည်း ပိုးသတ်ဆေးဖျန်းတာတွေ မလုပ်တာရှိနေတယ်” ဟု အမ်းမြို့မှ လူမှုရေးလုပ်ငန်းဆောင်ရွက်သူ ကိုမျိုးလွင်က ဝေဖန်သည်။
အထူးသဖြင့် စစ်ကောင်စီက အောက်စီဂျင်ပြတ်လပ်မှုကို ဖြေရှင်းစီစဉ်ပေးနိုင်ခြင်း မရှိသေးသောကြောင့် မြို့နယ်တိုင်း၌ အောက်စီဂျင်စက်ရုံများတည်ဆောက်ရန် ကိုယ်ထူကိုယ်ထ ကြိုးစားလာနေကြသည်ကို တွေ့မြင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်ပြတ်လပ်သည့် အခက်အခဲကြောင့် သူနာပြုတချို့နှင့် လူနာရှင်များ အဆင်မပြေဖြစ်ခဲ့ရပြီး ယမန်နေ့ကမှ ပြေလည်သွားခဲ့သည်။
ကိုဗစ်လူနာများအတွက် အောက်စီဂျင်လိုအပ်မှုရှိသည်မှာ မှန်ကန်သော်လည်း နေအိမ်ပြင်ပ မထွက်သည့်နည်းဖြင့် ရောဂါပိုးကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်ရန် လိုသည်ဟု ရခိုင်မျိုးစောင့်အဖွဲ့ (ARG) မှ ဦးဘအေးက ပြောသည်။
“ကွင်းဆက်ကို မဖြတ်ရင် အဲဒီအောက်စီဂျင်က တစ်ခါမှ လုံလောက်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် Stay at Home ကြေညာပေးပါဆိုပြီးတော့ ကျွန်တော်တို့က (ပြည်နယ်စစ်ကောင်စီကို) တင်ပြခဲ့ပါတယ်။ သို့သော် သူတို့ကလည်း သူတို့အခက်အခဲနဲ့ Stay at Home မကြေညာဖြစ်ပါ။ မကြေညာတော့ လူတွေက လမ်းပေါ်ကို ပိုပိုပြီး ထွက်မယ်။ ရောဂါကလည်း ပိုပိုပြီးတော့ ပြန့်ပွားနေမယ်။ အဲဒါကြောင့် လူတွေက အိမ်ပြင်မထွက်ဖို့ အရမ်းအရေးကြီးတယ်” ဟု ၎င်းက ပြောသည်။
၎င်းတို့အဖွဲ့အနေဖြင့် ကိုဗစ်ကာလအတွင်း စားရေးသောက်ရေးအခက်အခဲဖြစ်နေကြသည့် ဆင်းရဲသားပြည်သူများအတွက် ထောက်ပံ့ရေးကော်မတီတစ်ခုကို ဇူလိုင် ၂၁ တွင် ဖွဲ့စည်းခဲ့ပြီး ကိုဗစ်ကြောင့်ဖြစ်လာမည့် အခက်အခဲများအား ကူညီဖြေရှင်းသွားမည်ဟု ဆိုသည်။