ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်သွယ်၍ ဖောက်ခွဲရေးပစ္စည်းများဖြန့်ဖြူးသည်ဟုဆိုကာ အမျိုးသား ၆ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည့်အတွက် ရခိုင်နိုင်ငံရေးသမားများနှင့် အရပ်ဘက်အဖွဲ့အစည်းတချို့က ဝေဖန်နေကြသည်။
ဇူလိုင် ၁၆ ၌ မန္တလေးခရိုင်တရားရုံးက သူတို့ကို ထောင်ဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။
မတ် ၁၁ တွင် AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ စစ်ကောင်စီက ပယ်ဖျက်ပေးပြီးဖြစ်သည့်အပြင် စစ်တပ်နှင့် AA အကြား ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုအပြန်အလှန်တည်ဆောက်နေသည့် ကာလအတွင်း ယခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းမျိုး မလုပ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မြေပုံမြို့နယ်လွှတ်တော်အမတ်ဟောင်းနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
“နှစ်ဖက် ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေတောင်မှ လွှတ်ပေးနေတဲ့ကာလ၊ နောက်ပြီး ငြိမ်းချမ်းရေးလည်း တည်ဆောက်နေတဲ့ကာလမှာ ဒါမျိုးကတော့ တရားရုံးအနေနဲ့၊ တရားရုံးဆိုတာကလည်း ရှင်းရှင်းပြောရရင် ဒီအချိန်မှာ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတယ်လို့ ပြောလို့ရတယ်။ စစ်အုပ်ချုပ်ရေးဆောင်တဲ့ ကာလမျိုးမှာပေါ့။ ပြန်စဉ်းစားရင် နိုင်ငံရေးဆက်ဆံမှု ပြေလည်ဖို့ ပြန်လွှတ်ပေးသင့်တယ်” ဟု ၎င်းက ပြောသည်။
၂၀၁၉၊ စက်တင်ဘာလက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တွင် ၎င်းတို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ဦးအောင်လင်းထက်၊ ဦးမြတ်ခိုင်၊ ဦးချမ်းငြိမ်းနှင့် ဦးကျော်ကျော်ဖြိုးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ (ဂ) နှင့် ၅၂(က) အရ အလုပ်နှင့် ထောင်ဒဏ် စုစုပေါင်း ၁၃ နှစ် ချမှတ်ထားသည်။
ဦးမိုးကျော်နှင့် ဦးဝင်းသိန်းတို့ကို အလားတူ ပုဒ်မ နှစ်ခုဖြင့် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၈ နှစ် ချခဲ့သည်။
အကြမ်းဖက်ဥပဒေပါ ပုဒ်မ ၅၁ အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါက ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ပုဒ်မ ၅၂ အရ ထောင် ၃ နှစ်မှ ၇ နှစ် ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည့် အမျိုးသား ၆ ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး သဘောထားမှတ်ချက်တောင်းခံရန် AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
ရဲတပ်ဖွဲ့က ၎င်း ၆ ဦးကို တရားရုံးသို့ တိုင်ကြားစဉ်က ၃ ဦးသည် AA မှ ဒုအရာခံဗိုလ်၊ ဒုတပ်ကြပ်ကြီးများအဖြစ် ဖော်ပြတိုင်တန်းခဲ့သည်။
ရခိုင်ပြည်နယ်၌ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့စဉ် စစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းပုဒ်မများတပ်ကာ အမှုပေါင်း ၁၀၀ ကျော်ဖြင့် တရားစွဲခံရသူ ၂၀၀ ဝန်းကျင် ရှိခဲ့ကြောင်း စစ်တွေအခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ကိုငြိမ်းချမ်းက ပြောသည်။
စစ်တပ်နှင့် AA အကြား ဆက်ဆံရေးအခြေအနေကို သေချာမသိရသော်လည်း လတ်တလော ရခိုင်ပြည် ငြိမ်းချမ်းနေသည့်အခြေအနေကို ဆက်ထိန်းသင့်ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်နေသည့် ကာလအတွင်း ယုံကြည်မှုပျက်ပြားစေသည့်လုပ်ရပ်မျိုးမလုပ်သင့်ကြောင်း ၎င်းက ဆိုသည်။
စစ်ပြေးဒုက္ခသည်များအရေးကူညီပေးနေသည့် စစ်တွေအခြေစိုက် ဝံလက်ဖောင်ဒေးရှင်းအဖွဲ့မှ ဦးခိုင်ကောင်းစံကလည်း AA ကို အကြမ်းဖက်အသင်းအဖြစ်မှ ရုပ်သိမ်းထားပြီးဖြစ်၍ ထိုကဲ့သို့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းက မဖြစ်သင့်ဘဲ အမြန်ဆုံးပြန်လွှတ်သင့်ကြောင်း၊ AA ထိပ်ပိုင်းခေါင်းဆောင်များကလည်း ထိုသို့ တောင်းဆိုသင့်ကြောင်း ပြောသည်။
“အချင်းချင်းကြားထဲမှာ အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုသလိုပေါ့နော်။ ယုံကြည်မှုတွေ တစ်ဖက်နဲ့တစ်ဖက် ပျောက်ကင်းသွားမှာပေါ့လေ။ ဒါမျိုးတွေကိုတော့ စိုးရိမ်တယ်” ဟု ဦးခိုင်ကောင်းစံက ဆိုသည်။
စစ်တပ်နှင့် AA အကြား နားလည်မှုရထားခြင်းက ရခိုင်တိုက်ပွဲများရပ်တန့်နိုင်ကြောင်း၊ နှစ်ဖက်ယုံကြည်မှုနှင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း ၎င်းက ထောက်ပြသည်။
ပြီးခဲ့သည့် ၂၀၂၀ နိုဝင်ဘာတွင် တိုက်ပွဲများရပ်တန့်သွားကာ စစ်တပ်နှင့် AA သည် “ဝ” ဒေသ၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် တိုက်ပွဲများ ရပ်တန့်သွားသည်။
AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားရာမှ ရုပ်သိမ်းပေးခဲ့ပြီး AA ဘက်ကလည်း တစ်နှစ်ကျော်ကြာ ထိန်းသိမ်းထားသော ရွှေနဒီအမြန်ရေယာဉ်မှ ရဲနှင့် စစ်သားများကို အပြုသဘောဟုဆိုကာ ပြန်လွှတ်ပေးလိုက်သည်။
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူများကို စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တရားရုံးများက ဖြေလျှော့ပေးရန် ညွှန်ကြားထားသည်ဟု သိရသလို ဖြေလျှော့မှုများလည်း ရှိနေသည်ဟု ဦးဖေသန်းက ပြောသည်။
“တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်ကြားမှာ ဆက်ဆံရေး အဖုအထစ်လေးတွေမရှိအောင် ဆက်ပြီးတော့ အတူတူ နိုင်ငံရေးအရဖြေလျှော့နိုင်အောင် ကြိုးစားပြီးတော့ အတူတူသွားကြမယ်ဆိုရင်တော့ နောက်အဆင့်ဆင့်ကို ဖြေလျှော့နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
AA နှင့် ပတ်သက်သည်ဆိုကာ အမျိုးသား ၆ ဦး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရသော်လည်း အဆိုပါအမှုတွင် ဖမ်းဝရမ်းထုတ်ခံရသူတစ်ဦးဖြစ်သည့် ကိုမောင်မောင်စိုးဆိုသူနှင့် ဆက်စပ်၍ အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ခံရသည့် AA စစ်ဦးစီးချုပ်၏ ယောက်ဖ ကိုကျော်နိုင်နှင့် ဇနီးဖြစ်သူကိုမူ ဇွန် ၉ တွင် ရန်ကုန်၊ အနောက်ပိုင်းခရိုင်တရားရုံးမှ တရားသေလွှတ်ပေးခဲ့သည်။
ထို့အပြင် AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ရခိုင်အသင်း (စင်ကာပူ) အဖွဲ့ဝင် ၈ ဦးသည် AA ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် ၂၀၁၉ အတွင်း တရားစွဲထားရာမှ ၂၀၂၁ ဇွန် ၉ ၌ တရားသေပြန်လွှတ်ပေးခဲ့သည်။
သို့ရာတွင် ယင်းအမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ကိုအောင်မျိုးဝင်းဆိုသူသည် ရက္ခိုင့်တပ်တော် (AA) အတွက် ရန်ပုံငွေရှာဖွေပေးနေသည်ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုခဲ့ပြီး ၂၀၂၀ စက်တင်ဘာကတည်းက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ တောင်ကုတ်မြို့နယ် ဒုတိယဥက္ကဋ္ဌအပါအဝင် ၄ ဦးကို ဇွန် ၁၅ က ပြန်လွှတ်ပေးခဲ့သည်။
ယင်းစစ်ပွဲ နှစ်နှစ်ကျော်ကာလအတွင်း AA သံသယဖြင့် အမျိုးသမီးများအပါအဝင် ပညာရေးဝန်ထမ်းများ၊ ရဲဝန်ထမ်းနှင့် အရပ်သားအများအပြားကို စစ်တပ်က ဖမ်းဆီးခြင်း၊ ဖမ်းဆီးခံရစဉ် သေဆုံးခြင်း၊ တရားစွဲဆိုအမှုဖွင့်ခြင်းများ လုပ်ဆောင်ခဲ့သည်။
လက်ရှိအချိန်ထိ ယင်းနှစ်နှစ်တာစစ်ပွဲ၏ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်သော နေအိမ်များမီးလောင်ဆုံးရှုံးခြင်း၊ စစ်တပ်က ရွာအနီးတပ်စွဲခြင်းနှင့် စစ်ကျန်လက်နက်ကြီးပေါက်ကွဲမှု အန္တရာယ်များကို ရခိုင်ဒေသခံများ ခံစားနေကြရဆဲ ဖြစ်သည်။
AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် တရားစွဲဆိုခံရသူ ၃၇ ဦးကို စစ်တွေခရိုင်တရားရုံးတွင် ဇူလိုင် ၁၅ က ရုံးထုတ်စစ်ဆေးခဲ့သေးကြောင်း ဒေသအခြေစိုက် Narinjara သတင်းဌာနတွင် ဖော်ပြထားသည်။
၂၀၂၀ အတွင်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင်တစ်ဦးကို AA ၏ ရိက္ခာဆန်များကို သိုလှောင်ထားသည်ဆိုကာ ဖမ်းဆီးခဲ့ကာ ဆန်အိတ်များ သိမ်းယူခဲ့သည်။
၂၀၂၀ ဇူလိုင်အတွင်း AA အမာခံဟုဆိုကာ ဖမ်းဆီးစစ်ဆေးခံနေရသည့် အမျိုးသားတစ်ဦး ရမ်းဗြဲမြို့နယ်၊ မအီမြို့မရဲစခန်း၏ သီးသန့်အဆောက်အအုံတွင် ထိန်းသိမ်းထားရှိစဉ် သေဆုံးသွားရာ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်တပ်က သတင်းထုတ်ခဲ့သည်။
၂၀၂၀ မေလအတွင်းက လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေခဲ့သည့် ရုပ်သံဖိုင်တစ်ခုတွင် ရေယာဉ်တစ်ခုပေါ်၌ စစ်တပ်က ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့သည့် ရခိုင်အမျိုးသား ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်တပ်က အမှုဖွင့်ခဲ့သည်။
AA နှင့် စစ်တပ်အကြား ပဋိပက္ခများအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဆက်စပ်နေသူတချို့ကို AA က ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးခဲ့သည်။
ယင်းကာလများအတွင်း စစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခဲ့သည့် ကျောင်းဆရာ ကိုနိုင်အောင်ထွန်းကိုမူ သက်ဆိုင်ရာတရားရုံးက တရားသေလွှတ်ပေးခဲ့ဖူးသည်။