သတင်း

ကလေးမြို့တောင်ပိုင်းတွင် စစ်တပ်နှင့် PDF တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF-Kalay) တို့ ယမန်နေ့ (ဇူလိုင် ၁၅) မနက် ၁၀ နာရီဝန်းကျင်မှ ယနေ့ မွန်းလွဲပိုင်းအထိ အပြင်းအထန် တိုက်ပွဲဖြစ်နေသည်။

တိုက်ပွဲနယ်မြေများထဲတွင် ကလေးမြို့နယ် တောင်ပိုင်းရှိ တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်၊ အရှေ့စည်း စသည့် ကျေးရွာများ ပါဝင်သည်။

ယမန်နေ့ (ဇူလိုင် ၁၅) တွင်  စစ်ကောင်စီတပ်သား ၆၀ ခန့် ကလေးမြို့နှင့် မိုင် ၃၀ ကျော်ရှိ  တင်သားရွာမှ နေအိမ်များ၊ စျေးဆိုင်များကို ဝင်ရောက်မွှေနှောက်ပြီး လုယူသွားသည့်ထဲတွင် လက်ပ်တော့တစ်လုံး၊ ငွေကျပ်သုံးသိန်း၊ စားသောက်ကုန်များ၊ ပစ္စည်းများ ပါဝင်ကြောင်း၊ လုယူပြီးနောက် စစ်တပ်က ရွာဓမ္မာရုံတွင် ခေတ္တစခန်းချခဲ့ကြောင်း သူ၏ လုံခြုံရေးအရ အမည်မဖော်ဝံ့သူ ရွာသားတစ်ဦးက ပြောသည်။

ညနေပိုင်း၌ တင်သားရွာမှအထွက် ကျောက်ဖူးရွာသို့သွားသည့်လမ်းတွင် စစ်တပ်ကို ကလေး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

“တင်သားကနေအထွက် PDF ဘက်က ကြိုတင်ပြင်ဆင်ထားတဲ့မိုင်း မိသွားလိုက်တာ။ သူတို့ (စစ်တပ်) ဘက်က ၆ ယောက်ကျသွားတယ်” ဟု ၎င်းရွာသားက ဆိုသည်။

ထို့နောက် ဒိုးနွယ်ရွာနှင့် အရှေ့စည်းရွာအကြား အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်တပ်ဘက်မှ လက်နက်ကြီးများအသုံးပြုခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ယမန်နေ့ ညပိုင်း၌ စစ်တပ်က ကျောက်ဖူးရွာနှင့် အရှေ့စည်းရွာတို့တွင် တပ်စွဲထားပြီး ယနေ့ (ဇူလိုင် ၁၆) မနက်တွင် တိုက်ပွဲများပြန်စကြောင်း၊ မွန်းတည့် ၁၂ နာရီဝန်းကျင်ထိ လက်နက်ကြီးသံများ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်တပ်ဘက်မှ စုစုပေါင်း ၁၇ ဦး သေဆုံးပြီး ၊ ကလေး PDF ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း PDF- Kalay က ယမန်နေ့ (ဇူလိုင် ၁၅ ) ညနေ၌ ထုတ်ပြန်ခဲ့သည်။

လက်နက်ကိုင်များအပြင် အရပ်သားနှစ်ဦးဖြစ်သော တင်သားကျေးရွာသား အသက် ၄၅ နှစ်ဝန်းကျင် အရွယ်များဖြစ်သော ကိုကျော်သိန်းနှင့် ကိုမြင့်နောင်တို့သည် ယမန်နေ့က ဆီးခုံကျည်ထိမှန်ခဲ့၍ သေဆုံးခဲ့သောကြောင့် နေ့ချင်းသင်္ဂြိုဟ်ခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။ 

ကလေးမြို့တောင်ပိုင်းရှိ ကျေးရွာများတွင် နှစ်ရက်ဆက်တိုက်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က  ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။ 

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်စပ်ရှိ တင်သားရွာတွင် PDF များနှင့် လက်နက်များရှာဖွေရန်ဟုဆိုကာ စစ်တပ်က ဇွန်လအတွင်း သုံးကြိမ်တိုင် လာရောက်ရှာဖွေဖမ်းဆီးခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ မည်သည့်အကြောင်းပြချက်ဖြင့် လာရောက်စီးနင်းသည်ကို မသိရကြောင်း ၎င်းရွာခံများက ပြောသည်။ 

“ပြည်သူတွေက တောင်သူလုပ်ငန်းတွေလည်း အလုပ်ရှုပ်တဲ့အချိန်။ နှမ်း သောင်ထိုးတဲ့အချိန်၊ လယ်စိုက်တဲ့အချိန်ဆိုတော့ အေးအေးဆေးဆေးနေကြတာ။ အရင်ကွင်းဆက်နဲ့လည်း ကြာလှပြီ။ အခုဒီအတိုင်းကြီးပဲ လာကြတယ်ဆိုတော့ စဉ်းစားလို့မရဘူး”ဟု ၎င်းရွာခံ အခြားတစ်ဦးက ဆိုသည်။

လက်ရှိတွင် တင်သားရွာ၊ ကျောက်ဖူးရွာ၊ ဒိုးနွယ်ရာနှင့် အရှေ့စည်းရွာမှ ဒေသခံရွာသား ထောင်ဂဏန်းခန့်သည် နေအိမ်များပစ်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ဇွန်လကုန်ခန့်တွင် ဂန့်ဂေါမြို့မှ ကလေးမြို့သို့ တက်လာသည့် စစ်ယာဉ်တန်းကို PDF -Kalay က နှစ်ရက်ဆက်တိုက် မိုင်းဆွဲ၊ ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၉ ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်ကောင်စီ၏ ဖိနှိပ်မှုများကို ပုံစံမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေသည့် ကလေးမြို့သည် တူမီးသေနတ်ကိုင်စွဲကာ ပထမဆုံးတော်လှန်ခဲ့သည့်မြို့ဖြစ်ပြီး ကိုဗစ်ကူးစက်မှုဒဏ်ကို အကြီးကျယ်ခံနေရသော်လည်း စစ်အာဏာရှင်ကိုလည်း တစ်ရက်မပျက် နေ့စဉ်ဆန္ဒပြနေသည်။

Show More

Related Articles

Back to top button