
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မကျီးစုရွာတွင် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦးကို စစ်တပ်က ဖမ်းဆီးသွားရာ ၃ ရက်ကြာအထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း ဆွေမျိုးများက Myanmar Now ကို ယနေ့ (ဇူလိုင် ၁၆) တွင် ပြောသည်။
ဇူလိုင်ပထမပတ်အတွင်း စစ်တပ်သတင်းပေးဟု အမည်ထွက်နေသူ မကျီးစုရွာခံ ဦးကြည်မောင် အသတ်ခံရအပြီး ဇူလိုင် ၁၃ ၌ စစ်သားများနှင့် ရဲများက အင်အား ၈၀ ခန့်ဖြင့် ၎င်းရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မွှေနှောက်ဖျက်ဆီးကာ သက်လတ်ပိုင်းအရွယ် ဒေသခံ ၅ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရွာခံများထံမှ သိရသည်။
“(သေနတ်ဒင်တွေနဲ့) ရိုက်နှက်ပြီးခေါ်သွားတာ။ လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ခိုင်းပြီး သေနတ်ထောက်ခေါ်သွားတာ။ ရွာထဲက ဖမ်းသွားတာ သုံးဦး။ နောက်နှစ်ဦးက အင်ဗာတာ (မီးအားမြှင့်စက်) ဝယ်ပြီး ပြန်လာကြတာ။ ရွာသာယာနဲ့ မကျီးစုလမ်းကြားမှာ ဖမ်းသွားတာ ” ဟု ဖမ်းဆီးခံရသူများ၏ ဆွေမျိုးတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ ၅ ဦးမှာ မသင်းသင်းခိုင်၊ ကိုအောင်အောင်၊ ကိုဖြိုးဝေ၊ ကိုတင်ကျော်နှင့် ကိုအောင်ရဲထွန်းတို့ ဖြစ်သည်။
မိသားစုဝင်များ ယနေ့ (ဇူလိုင် ၁၆)တွင် သွားရောက်စုံစမ်းသော မြင်းခြံမြို့၊ အမှတ် ၁၅ ခြေမြန်တပ်ရင်းနှင့် မြင်းခြံမြို့ အမှတ် ၂ ရဲစခန်းတို့က ၎င်း ၅ ဦး မရှိကြောင်း ငြင်းဆန်ကြသည်ဟု ဖမ်းဆီးခံရသူနှစ်ဦးနှင့် ဆွေမျိုးတော်စပ်သူနှစ်ဦးက Myanmar Now ကို ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များ၏ ဆွေမျိုးများဖြစ်နိုင်သည်ဟူသော သံသယဖြင့် စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ အသက် ၁၉ နှစ်နှင့် ၈ နှစ်အရွယ် သမီးနှစ်ဦးရှိသူ မသင်းသင်းခိုင်သည် ခင်ပွန်းသည် ဖမ်းမမိ၍ ဓားစာခံအဖြစ် အဖမ်းခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆက်ပြောသည်။
“အောင်ရဲထွန်းဆို သူ့အမေရှေ့မှာတင် ရိုက်နှက်ပြီး ခေါ်သွားတာ။ သူ့အမေက ငိုယိုနေတာပဲ။ သွားရှာတာလည်း မရှိဘူးဆိုတော့ တငိုငိုတရယ်ရယ်နဲ့” ဟု ဆွေမျိုးတစ်ဦးက ပြောသည်။
အိမ်ခြေ ၂၃၀၊ လူဦးရေ ၉၀၀ ခန့်ရှိသော မကျီးစုကျေးရွာတွင် စစ်တပ်သတင်းပေးဟု နာမည်ထွက်သည့် ကိုဝင်းနိုင်နှင့် ကိုကြည်မောင်တို့ ဇွန်နှင့် ဇူလိုင်လအတွင်း အသတ်ခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေပြီး တစ်နေ့လျှင် လူဦးရေရာဂဏန်း သေဆုံးလျက်ရှိသော်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် ဆန္ဒပြမှုများ၊ စစ်တပ်သတင်းပေးများကို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က သတ်ဖြတ်ခြင်းများမှာလည်း ရပ်တန့်သွားခြင်း မရှိပေ။
ထို့အတူပင် စစ်ကောင်စီတပ်ကလည်း ၎င်းတို့ကို မထောက်ခံသူများ၊ အန်တုသူများကို ဆက်လက် ဖမ်းဆီး၊ သတ်ဖြတ်နေသည်။